ကလေးကြို့ထိုးနေပြီ။ ဘာလုပ်ရမလဲ၊ နို့တိုက်လိုက်လေဆိုတာက အမြဲလိုလိုကြားနေရတယ်နော်။နောက်တစ်ခုရှိသေးတယ် ကလေးရဲ့ အင်္ကျီမှာထွက်နေတဲ့ ချည်စလေးကိုမေမေ ဒါမှမဟုတ် ဖွားဖွားက ဝါးပြီး ကလေးနဖူးမှာကပ်လို့ ကြို့ခမဲပေးလိုက်တာလေ။ ဒါကတကယ်ပဲ သက်သာသွားတာလား။ ဒီတစ်ခေါက်တော့ဘေဘီလေး ကြို့ထိုးနေပြီဆိုရင် ဘာလုပ်လို့ လုပ်ပေးရမှန်းမသိဘူးဆိုတဲ့မေမေတို့အတွက် နည်းလမ်းကောင်းလေးတွေပြောပြပေးပါရစေနော်။
ဒါတွေကြောင့်ဘေဘီလေးကြို့ထိုးရတာပါ
ဒီအချက်တွေကြောင့်ဘေဘီလေးကြို့ထိုးနိုင်ပါတယ်။
- အစားစားရင်း ဒါမှမဟုတ် နို့ေသာက်ရင်းလေတွေမျိုချမိတာ
- တစ်ခုခုကို လန့်သွားတဲ့အခါမျိုး
- စိတ်ဖိစီးတဲ့အခါမျိုး
- အစားတွေအများကြီးစားမိတဲ့အခါမျိုး
- အစားစားတာကိုမြန်မြန်စားတာ ဒါမှမဟုတ် နို့ကို အငမ်းမရသောက်တာ
- လေတွေ အများကြီးမျိုချမိတာတွေကြောင့်ဘေဘီလေးက ကြို့ထိုးရတာပါနော်။
ကြို့ထိုးတဲ့ဘေဘီလေးကို ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ
ဒီအတိုင်းထားလိုက်ပါ
တစ်ခါတလေမှာ ကလေးကြို့ထိုးတာက သူ့အလိုလိုနေရင်းပျောက်သွားတတ်ပါတယ်နော်။ ကြို့ထိုးတာကြောင့် ကလေးက စိတ်အနှောက်အယှက်ဖြစ်တာမျိုးမရှိဘူးဆိုရင် ဒီအတိုင်းသာ ထားလိုက်ပါ။ အချိန်နည်းနည်းကြာရင် သူ့အလိုလိုသက်သာသွားပါလိမ့်မယ်။
ကြို့ထိုးတာက ကာကွယ်လို့ရပါတယ်
ကလေးကိုကြို့ထိုးတာကြောင့်နေရထိုင်ရခက်တာမျိုးမဖြစ်ချင်ဘူးဆိုရင်တော့ ကာကွယ်ပေးလို့ရပါတယ်နော်။ ကလေးကိုကြို့မထိုးအောင် ကာကွယ်ဖို့ ဒီနည်းလမ်းလေးတွေက အသုံးဝင်မှာပါ။
- ကလေးကို ဗိုက်အရမ်းဆာမှာ နို့တိုက်တာ၊ အစားကျွေးတာမျိုးမလုပ်ပါနဲ့။
- ကလေးကို ထမင်းစားနေချိန်၊ နို့တိုက်နေချိန်မှာ သက်တောင့်သက်သာဖြစ်အောင် ဂရုစိုက်ပါ။
- ကလေးကိုငိုနေတုန်း နို့တိုက်တာမျိုးမလုပ်ပါနဲ့။
- ကလေးကို အစားတစ်ခုခုကျွေးပြီးတိုင်းမှာပြင်းပြင်းထန်ထန်လှုပ်ရှားတာမျိုးပေးမလုပ်ပါနဲ့။
- အစားစားပြီးတိုင်း ကလေးကို မိနစ် ၂၀ ကနေ နာရီဝက်လောက် ခပ်မတ်မတ်လေးထိုင်ပေးပါ။
- ကလေးကို နည်းနည်းချင်းနဲ့ မကြာမကြာကျွေးပေးပါ။
- ကလေးပါးစပ်ထဲကိုလေမဝင်စေဖို့ ဂရုစိုက်ပါ။
- ကုန်သွားတဲ့နို့ဗူးကိုပေးစို့ထားတာမျိုးမလုပ်ပါနဲ့။
[embed-health-tool-vaccination-tool]

















