brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီလေး နဲ့ နွေရာသီ

ပူပြင်းခြောက်သွေ့လှတဲ့နွေဥတုက သက်ရှိတိုင်းနဲ့သက်ဆိုင်နေတာပါနော်။ တစ်နေ့ထက်တစ်နေ့ပိုပုလာတဲ့ အပူချိန်ကြောင့် ကိုယ်တိုင်ထက်ဘေဘီလေးကို ပိုစိတ်ပူနေမိတဲ့မေမေဖေဖေတို့များရှိနေလား။ ဒါဆိုရင်တော့ နွေရာသီမှာ ဘေဘီလေး ကို ကျန်းမာနေအောင်ဘယ်လိုထားရမလဲဆိုတာကို ဒီဆောင်းပါးလေးကိုဖတ်ကြည့်ပါနော်။

ဘေဘီလေး နဲ့ နွေရာသီ

ဘေဘီလေး နဲ့ နွေရာသီ

နွေရာသီရဲ့ ပူပြင်းမှုဒဏ်က ဘေဘီပိစိလေးတွေ အတွက် တော်တော်လေး ပြင်းထန်မှာပါ။ ဒီတော့ ဘေဘီလေးကို ကျန်းမာပျော်ရွှင်တဲ့နွေရာသီကို တူတူဖန်တီးပေးရအောင်လား။

နွေရာသီမှာ ကလေးကို ရေချိုးပေးလို့ ရမလား

နွေရာသီက ပူပြင်းတာကြောင့် ကိုယ်တိုင်လည်းရေချိုးသလို ကလေးကိုလည်း ရေချိုးပေးချင်မယ်ဆိုတာ အသေအချာပါ။ ဒီတော့ ရေချိုးပေးလို့ ရလားလို့ သိချင်နေမှာပေါ့။ ရေချိုးပေးလို့ ရပါတယ်။ ကလေးကို ရေနွေးနွေးလေးနဲ့ ချိုးပေးပါနော်။ တစ်နေ့ကို နှစ်ကြိမ်အထိ ချိုးပေးလို့ရပါတယ်။ အကြာကြီး မချိုးပေးမိဖို့တော့လိုပါမယ်နော်။

ရေတိုက်ပေးရမှာလား

နွေပူတာက ကလေးရော လူကြီးကိုပါ ချွေးထွက်စေတာပါ။ ဒါကြောင့် ဘေဘီလေးကို ဆုံးရှုံးသွားတဲ့ ရေဓါတ် ကာမိအောင် ရေတိုက်ပေးပါ။သောက်ရေက ရေသန့် ဒါမှမဟုတ် ရေကျက်အေးကို တိုက်လို့ရပါတယ်။ ကလေးက ငယ်သေးရင်တော့ မေမေက ရေများများသောက်လို့ နို့များများတိုက်ပါ။

မိတ်ပြဿနာ ဘယ်လိုဖြေရှင်းရမလဲ

နွေရဲ့ပြင်းရှရှခံစားချက်မှာ မိတ်ပေါက်တာကလည်း တစ်ခုပါပဲ။ဘေဘီလေးတွေ မိတ်ပေါက်ရင် သူတို့ခမျာ တော်တော်လေး နေရခက်တာပါ။ ဒီအခါ ဘာလုပ်ပေးရမလဲ မသိဖြစ်နေတယ် ဆိုရင်တော့ သနပ်ခါး ခပ်ကျဲကျဲလူးပေးတာ၊ ကရမက် ရေကျဲလေး လူးပေးတာမျိုး လုပ်ပေးပါ။ရေစိုဝတ်လေးနဲ့ တိုက်ပေးလို့လည်းရပါတယ်နော်။

သေးခံ လောင်နိုင်လား

ဖြစ်နိုင်တာပေါ့။ ပူလောင်နေတဲ့ ရာသီဥတုမှာ သေးခံလောင်နိုင်ခြေက သာမန်ထက် ပိုများပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် နွေရာသီမှာ သေးခံ ခံပေးမယ့်အစားကလေးကို ချည်သား ဘောင်းဘီလေးတွေပဲ ဝတ်ပေးလို့ သက်တောင့်သက်သာပေးနေလိုက်ပါ။

နွေရာသီမှာ ဘေဘီလေးကျန်းမာပျော်ရွှင်စေဖို့

အစားအသောက် ဂရုစိုက်ပါ

နွေရာသီမှာ လူကြီးတွေတောင် အစားမှားမခံနိုင်တာ ကလေးတွေဆိုပိုဆိုးပါမယ်နော်။ ကလေးက နို့စို့အရွယ်ဆိုရင်တာ့မေမေက အစားအစာကို ဂရုစိုက်ပါ။ ကလေးကို ချွေးထွက်များနေရင် အဝတ်လဲပေးတာ၊ ရေတိုက်ပေးတာ၊ နို့များများတိုက်ပေးတာမျိုး လုပ်ပေးပါ။ ကလေးက အစား စစားတတ်ပြီ ဆိုရင်လည်း သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကို ပြင်ဆင်ပေးပါ။

သောက်သုံးရေ သတိပြုပါ

သောက်သုံးရေကိုလည်း အသန့်ရှင်းဆုံး ဖြစ်အောင် ဂရုစိုက်ပါ။ ရေသန့် ဒါမှမဟုတ် ရေကျက်အေး တိုက်ပေးပါ။ ကလေးကချွေးထွက်များနေတယ် ဆိုရင်တော့ဘေဘီလေးအတွက် သီးသန့် ထုတ်ထားတဲ့ ဓါတ်ဆား ဒါမှမဟုတ် အုန်းစိမ်းရည် တိုက်ပေးပါ။ ကလေး ရေဓါတ် ပြည့်ရဲ့လား ဆိုတာကို ဆီးအရောင် ကနေတဆင့် ကြည့်နိုင်ပါတယ်။

ခြင်အန္တရာယ် ကာကွယ်ပါ

ရာသီဥတု ပူရင် ခြင်ပိုကိုက်ပါတယ်နော်။ ဒါကြောင့်နွေပူပူမှာ ကလေးကို ခြင်နဲ့ အင်းဆက်တွေ အန္တရာယ်ကနေ သေချာလေး ကာကွယ်ပေးပါ။ ကလေးနေထိုင်ရာ ပတ်ဝန်းကျင်ကို သန့်ရှင်း သပ်ရပ်နေအောင် ဂရုစိုက်ပါ။ ခြင်ပေါက်ဖွားနိုင်တဲ့ နေရာတွေကို ဖယ်ရှားရှင်းလင်းပေးပါ။

အပြင်သွားမှ သေးခံဝတ်ပါ

နွေပူရတဲ့အထဲ ကလေးကို အပူထပ်မပေးပါနဲ့။ အပြင်သွားစရာရှိမှ ကလေးကိုသေးခံဝတ်ပေးပါ။ အိမ်မှာတစ်ချိန်လုံးသေးခံဝတ်ပေးထားတာမျိုးတော့မလုပ်ပါနဲ့။ ကလေးကို သက်တောင့်သက်သာပေးနေပါ။

မလိုအပ်ဘဲ ကလေးကို အင်္ကျီထူထူတွေမဝတ်ပေးမိပါစေနဲ့

နွေပူရတဲ့အထဲ ကလေးကို အနွေးထည်ဝတ်ပေးတာမျိုး၊စောင်ခြုံပေးတာမျိုးမလုပ်ပါနဲ့။ ကလေးကို အိပ်ရာခင်းပေးတဲ့အခါမှာလည်းမွေ့ရာတွေစောင်တွေ အထပ်ထပ်ခင်းပေးတာမျိုးမလုပ်ပါနဲ့နော်။ သင်ဖြူးဖျာလေးပေးမှာ အနှီးလေးခင်းလို့ သိပ်ပေးရင်ကိုရပါပြီနော်။

ဒါတွေအပြင် ထပ်သတိထားရမှာက ဘေဘီလေးကို အပြင်ခေါ်သွားတိုင်း ထီးဆောင်းပေးတာ၊ ချည်သားလက်ရှည်လေးတွေဝတ်ပေးတာ၊ နေလောင်ကာခရင်မ်လူပေးတာတွေလုပ်ပေးဖို့မမေ့ပါနဲ့။ ကလးကို လေဝင်လေထွက်ကောင်းပြီး အရိပ်ရတဲ့နေရာမှာထားပေးဖို့လည်း မမေ့ပါနဲ့နော်။ အခုပြောခဲ့တဲ့ အချက်လေးတွကို တူတူလုပ်ကြည့်လို့ နွေရာသီကို ဘေဘီလေးတို့ကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်အောင် ကူညီပေးလိုက်ရအောင်လား…………………

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/07/2022 ဖြစ်ပါသည်။