brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အရေပြားပြဿနာကင်းတဲ့ သားသားမီးမီးလေးတွေ ဖြစ်အောင်ဂရုစိုက်ကြမယ်

အရေပြားပြဿနာက ကလေး၊လူကြီးမရွေးကြုံတွေ့ရနိုင်တဲ့ပြဿနာတစ်ရပ်ပါ။ အရေပြားက ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းဖြစ်သလို ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကျန်းမာစေဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေလုပ်ဆောင်ပေးနေတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဆိုလည်းမမှားပါဘူး။ ဒီလိုအရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းကို မဖြစ်မနေ ကျန်းမာနေအောင်လုပ်ဖို့လိုပါမယ်။

အရေပြားပြဿနာကင်းတဲ့ သားသားမီးမီးလေးတွေ ဖြစ်အောင်ဂရုစိုက်ကြမယ်

ခန္ဓါကိုယ်တွင်းကိုရောဂါဘယတွေမဝင်အောင်တားထားတာကလည်း အပေါ်ယံအရေပြားပါပဲ။ အရေပြားက ကိုယ်တွင်းကရေဓါတ်တွေနဲ့ သတ္တုဓါတ်တွေ ကုန်ဆုံးတာမျိုး မဖြစ်အောင်လည်းတားဆီးပေးပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ မလိုအပ်တဲ့ အဆိပ်အတောက်တွေ နဲ့ ကူးစက်ရောဂါတွေ ကိုယ်တွင်းကိုမဝင်ရောက်အောင်တားဆီးပေးရမယ့်တာဝန်ကိုလည်း အရေပြားကပဲယူထားတာပါ။ ခန္ဓါကိုယ်အပူချိန်ထိန်းညှိဖို့ကိုလည်း လုပ်ဆောင်ပေးပါသေးတယ်။

ကလေးငယ်လေးတွေရဲ့ အရေပြားအကြောင်း တစေ့တစောင်း

ကလေးငယ်လေးတွေရဲ့ အရေပြားကကောင်းစွာ မဖွံ့ဖြိုးသေးတာကြောင့် ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အပူချိန်၊ အအေးဒဏ်၊ မှိုပိုးတွေ၊ ဘက်တီးရီးယားတွေ၊ သွားရည်တွေကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေ၊ ညစ်ပေနေတဲ့သေးခံနဲ့ အကြာကြီးထိတွေ့ရာကနေဖြစ်လာတဲ့ အရေပြားပြဿနာတွေကို ခုခံနိုင်ရည်တော်တော်လေးနည်းနေပါသေးတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုကတော့ ကလေးငယ်တွေမှာဖြစ်တတ်တဲ့ အရေပြားပြဿနာအချို့က အချိန်ကြာလာတာနဲ့အမျှသက်သာသွားတတ်ကြပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင်တော့ ကလေးငယ်ကို baby cream၊ အဆီတစ်မျိုးမျိုး၊ baby lotionsတွေလူးပေးလို့ရပါတယ်။

ကလေးတွေမှာ အရေပြားပြဿနာမဖြစ်ဖူးတဲ့ ကလေးရယ်လို့မရှိပါဘူး။ ကလေးတိုင်းဟာ ပတ်ဝန်းကျင်မှာရှိနေတဲ့အရာတစ်ခုခုနဲ့ ထိတွေ့မှုကြောင့် အနည်းဆုံးတစ်ကြိမ်လောက်တော့အရေပြားပြဿနာကို ကြုံဖူးကြမှာပါ။ ဒါပေမယ့် အရေပြားပြဿနာတော်တော်များများက အချိန်အတိုင်းအတာတစ်ခုအတွင်းမှာ သူ့အလိုလိုပျောက်သွားတတ်ကြပါတယ်။ အရမ်းပြင်းထန်တာမျိုးဆိုရင်တော့ သင့်တော်တဲ့ဆေးကုသမှုကိုခံယူဖို့လိုမှာပဲဖြစ်ပါတယ်။

ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေက

၁) သေးခံလောင်ခြင်း

ဒါကတော့ ကလေးတွေမှာ အဖြစ်များတဲ့အရေပြားပြဿနာတစ်ခုပါ။ ညစ်ပေနေတဲ့သေးခံကို အကြာကြီးဝတ်ထားမိရာကနေဖြစ်လာတာဖြစ်ပါတယ်။ ကလေးသေးခံစိုတာတွေ့တာနဲ့လဲပေးဖို့လိုပါမယ်။ ဒါပေမယ့်လည်း ကလေးငယ်ရဲ့ အသားအရေက ထိခိုက်လွယ်တဲ့ အသားအရေမျိုးဆိုရင်တော့သေးခံလောင်တာမဖြစ်အောင် ကာကွယ်ဖို့တော်တော်လေးခက်ခဲပါလိမ့်မယ်။

သေးခံလောင်ရင် ဒီလိုလက္ခဏာရှိမယ်

  • သေးခံဝတ်ထားတဲ့နေရာမှာ နီမြန်းမယ်
  • အရေပြားပွန်းရှတာတွေဖြစ်နေမယ်
  • ပူနေမယ်

ဖြစ်ရတဲ့ အကြောင်းအရင်းတွေ

  • ဆီးတွေ၊ဝမ်းတွေနဲ့အကြာကြီးထိတွေ့မိတာ
  • သေးခံအစိုကြီးကို အကြာကြီးဝတ်ထားပေးမိတာ
  • သေးခံကြောင့် အရေပြားပွန်းရှတာ
  • စိုထိုင်းမှုများတာကြောင့်ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေပေါက်ဖွားတာတွေကြောင့်သေးခံလောင်တာတွေဖြစ်နိုင်ပါတယ်။

ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

  • သေးခံကို စိုတာနဲ့လဲပေးပါ
  • သေးခံအသစ်မလဲခင်မှာသေးခံဝတ်ထားတဲ့နေရာကိုရေနဲ့သန့်စင်အောင်ဆေးကြောပါ
  • ပြီးရင်ရေခြောက်အောင်သုတ်ပေးပြီး အစိုဓါတ်ထိန်းခရင်မ်တစ်မျိုးမျိုးလူးပေးပါ
  • အရမ်းပြင်းထန်ရင်တော့ ကလေးကို ဆရာဝန်နဲ့ပြသပြီး ဆေးလိမ်းတာတွေ၊ဆေးသောက်တာတွေလုပ်ပေးဖို့လိုပါမယ်။

၂) မိတ်

ရာသီဥတုအရမ်းပူတဲ့အခါ ကလေးငယ်တွေမှာ အပူလွန်ကဲပြီး မိတ်ထွက်လာတာမျိုးတွေဖြစ်နိုင်ပါတယ်။ ရာသီဥတုပူတာကြောင့်ချွေးထွက်တဲ့အခါ ကလေးတွေရဲ့ချွေးဂလင်းတွေကသေချာမဖွံ့ဖြိုးသေးတာကြောင့်ချွေးဂလင်းတွေပိတ်ဆို့ရာကနေ ကလေးငယ်လေးတွေမှာ မိတ်တွေဖြစ်လာတာဖြစ်ပါတယ်။

မိတ်ထွက်ရင် ဒီလိုလက္ခဏာတွေရှိမယ်

အရေပြားပေါ်မှာ နီရဲတဲ့ အဖုငယ်လေးတွေဖြစ်တာကိုတွေ့ရနိုင်ပါတယ်။ကျော နဲ့ တင်ပါးပိုင်းတွေမှာ အဖြစ်များပါတယ်။

မိတ်ဖြစ်ရတဲ့အကြောင်းအရင်းတွေ

  • ရာသီဥတုပူတာကြောင့်ချွေးအရမ်းထွက်တာ
  • ကလေးကို အဝတ်အစားတွေအထူကြီးဝတ်ထားပေးမိတာ
  • ချွေးမစုပ်တဲ့ အဝတ်တွေဝတ်ပေးထားမိတာ
  • ကလေးအရေပြားပေါ်မှာ baby creamတွေအများကြီးလူးပေးတာတွေကြောင့်ချွေးပေါက်တွေပိတ်ဆို့တာတွေကနေ ကလေးတွေမှာ မိတ်တွေဖြစ်နိုင်ပါတယ်။

ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

  • ကလေးကိုအေးမြအောင်လုပ်ပေးမယ်
  • ကလေးကို ချည်သားပွပွချောင်ချောင်လေးတွေဝတ်ပေးမယ်
  • ချွေးတွေထွက်လာရင် သုတ်ပေးမယ်

၃) နှင်းခူ

ဒီအရေပြားပြဿနာကတော့ ကလေးရော လူကြီးမှာပါဖြစ်တတ်တဲ့အရေပြားပြဿနာပါ။ ကလေးအသက်တစ်နှစ်လောက်အရွယ်မှာကတည်းဖြစ်တတ်ပါတယ်။ မျိုးရိုးရှိတဲ့ ကလေးငယ်တွေမှာလည်း အရေပြားခြောက်တဲ့အခါမှာ နှင်းခူဖြစ်တတ်ပါတယ်။

နှင်းခူဖြစ်ရင် ဒီလိုလက္ခဏာတွေရှိမယ်

  • အရေပြားမှာ အနီကွက်လေးတွေဖြစ်မယ်
  • ယားယံမယ်
  • အရေပြားကြမ်းတမ်းမယ်
  • အရေပြားခြောက်မယ်
  • အထူးသဖြင့် ကလေးရဲ့ပါးတွေ၊ လက်မောင်းနဲ့ခြေထောက်တွေမှာအဖြစ်များပါတယ်။

နှင်းခူဖြစ်ရတဲ့အကြောင်းအရင်းတွေ

  • အပူချိန်မြင့်တာ
  • အိမ်ထဲမှာ ဖုန်မှုန့်တွေရှိနေတာ
  • ကူးစက်ခံရတာ
  • အရေပြားခြောက်တာ
  • ဆပ်ပြာတွေနဲ့ဓါတ်မတည့်တာကြောင့် အရေပြားမှာ နှင်းခူတွေဖြစ်ရတာဖြစ်ပါတယ်။

ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

  • ကလေးကိုရေအေးအေးလေး ဒါမှမဟုတ်ရေနွေးနွေးလေးထဲကို ဆပ်ပြာရည်ခပ်ပျော့ပျော့လေးထည့်ပြီးရေချိုးပေးပါ
  • ရေချိုးပြီးတဲ့အခါ နှင်းခူဖြစ်နေတဲ့နေရာကိုရေခြောက်အောင် အသာအယာသုတ်ပေးပါ။ အရေပြားကို အတင်းဆွဲပွတ်တာမျိုးမလုပ်ပါနဲ့
  • အနာထပ်ပြန့်တာမျိုးမဖြစ်အောင် ကလေးအရေပြားကိုနေ့တိုင်း အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ
  • အရမ်းပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူပေးပါ

၄) ကလေးဝက်ခြံ

ဒီအရေပြားပြဿနာကတော့ ကလေးအသက် ၂ ပတ်ကနေ ၄လ၊ ၅လအတွင်းအရွယ်မှာ အဖြစ်များပါတယ်။ အချင်းကနေတဆင့် မိခင်ထံကနေလက်ခံရရှိတဲ့ဟော်မုန်းကြောင့် ကလေးငယ်လေးတွေမှာ ဝက်ခြံဖြစ်ရတာဖြစ်ပါတယ်။ ဒီဟော်မုန်းတွေက ကလေးအရေပြားမှာ အဆီတွေစုသွားစေပြီး ကလေးတွေမှာဖြစ်တတ်တဲ့ဝက်ခြံတွေဖြစ်လာရတာဖြစ်ပါတယ်။

ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

  • ဗင်နီကာကို ဂွမ်းစလေးနဲ့ယူပြီး ဝက်ခြံဖြစ်နေတဲ့နေရာကို တို့ပေးပါ
  • ဝက်ခြံကို ညှစ်တာ၊ ဆိတ်ဆွတာမျိုးမလုပ်ပါနဲ့
  • ဝက်ခြံကို သန့်ရှင်းအောင်ထားပေးပါ
  • အရေပြားအဆီမပြန်အောင်လုပ်ပေးပါ

၅) အင်ပျဉ်

အင်ပျဉ်က ခန္ဓါကိုယ်နေရာအနှံ့မှာပေါက်တတ်ပါတယ်။ ရင်ဘတ်၊ဝမ်းဗိုက်ပိုင်းနဲ့နောက်ကျောဘက်တွေမှာ အဖြစ်များပါတယ်။ လည်ပင်းနဲ့ခြေလက်တွေမှာလည်း အင်ပျဉ်ဖြစ်တတ်ပါတယ်။ အင်ပျဉ်အချို့ကတော့ဆေးကုသမှုခံယူစရာမလိုဘဲ ရက်အနည်းငယ်အတွင်းမှာပျောက်ကင်းသွားနိုင်ပါတယ်။ တကယ်လို့ အင်ပျဉ်ကအချိန်အတော်ကြာတဲ့အထိ ပျောက်မသွားဘူးဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါမယ်။

အင်ပျဉ်ဖြစ်ရတဲ့ အကြောင်းအရင်းတွေ

ကလေးတွေမှာ အင်ပျဉ်ဖြစ်ရတဲ့အကြောင်းအရင်းတွေအမျိုးမျိုးရှိပါတယ်။

  • အစားအစာနဲ့ဓါတ်မတည့်တာ
  • ဓါတ်မတည့်ဖြစ်စေနိုင်တဲ့ အရာတစ်ခုခုနဲ့ ထိတွေ့မိတာ
  • အငွေ့တစ်ခုခုကိုရှုရှိုက်မိတာ
  • ပိုးကောင်တွေကိုက်ခံရတာ
  • ဆေးတွေနဲ့ဓါတ်မတည့်တာတွေကြောင့် အင်ပျဉ်တွေဖြစ်နိုင်ပါတယ်။

ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

  • ရေခဲဝတ်ကပ်ပေးပါ
  • ရေအေးဝတ်ကပ်ပေးပါ
  • အနာတွေကို မကုတ်ဖဲ့ပါနဲ့
  • အင်ပျဉ်သက်သာစေနိုင်တဲ့ဆေးတစ်မျိုးမျိုးတိုက်ပေးပါ
  • အရမ်းပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြသပါ

ကလေးငယ်ကိုငယ်စဉ်ကတည်းကသေချာဂရုစိုက်ပေးပြီး အရေပြားကျန်းမာတဲ့ ကလေးငယ်လေးတွေအဖြစ်ပျိုးထောင်နိုင်ကြပါစေကြောင်း

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 08/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။