တခါတရံတွင် သင့်ကလေးသည် နေမကောင်းဖြစ်ပါလိမ့်မည်။ အချို့သောရောဂါများသည် ဆေးရုံကိုသွားပြရန်၊ ဆရာဝန်နှင့် တေါကရန် လိုအပ်ပါသည်။ သို့သော် သင့်ကလေးသည် ဆရာဝန်နှင့် တွေ့ရမည်ကို ကြောက်လျှင် သင့်အနေနှင့် ဘာလုပ်သင့်သလဲ။ အောက်ပါအချက်များသည် သင့်ကလေးအားကူညီစေနိုင်မည့် အချက်များဖြစ်ပါလိမ့်မည်။
သင့်ကလေးအား ဆရာဝန်ထံသွားပြရခြင်း အကြောင်းကို ရှင်းပြပါ။
သင့်ကလေးကို ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများခံယူရန် ဆေးခန်းသွာပြလျှင်ပင် ယင်းသည် ပုံမှန်အတိုင်းစစ်ဆေးမှုပြုလုပ်ခြင်းသာဖြစ်ကြောင်း ရှင်းပြပါ။ ဆရာဝန်က ကလေး၏ကြီထွားဖွံ့ဖြိုးမှုကို စစ်ဆေးမှုများပြုလုပ်ခြင်းသာဖြစ်ကြောင်း ကလေးအားရှင်းပြပါ။ ကလေးဆရာဝန်ကို ကလေး၏ကျန်းမာရေးအကြောင်းမေးမြန်းခခြင်းဖြင့်လည်း ကလေးငယ်သည် စိတ်ဝင်စားလာကာ သင့်အနေနှင့်လည်း ဗဟုသုတများလာပါလိမ့်မည်။
အကယ်၍ ကလေးငယ်၏ကျန်းမာရေးချို့ယွင်းမှုကြောင့် ကုသမှုများခံယူရန် ဆေးခန်းသွားပြပါက ကလေးအား ထိုသို့ဆရာဝန်နှင့်တွေ့ပါမှ ဖြစ်နေသော ဝေဒနာများ သက်သာသွားမည်ဖြစ်ကြောင်း၊ ဆရာဝန်ကသာလျှင် အနာများကို သက်သာစေပြီး ရောဂါများကို ပျောက်ကင်းအောင်ပြုလုပ်ပေးနိုင်ကြောင်း နားလည်အောင်ရှင်းပြရပါမည်။
သင့်ကလေးကို ဆရာဝန်ဆီခေါ်သွားမည့်အကြောင်း ပြောမထားဘဲနှင့် ခေါ်မသွားသင့်ပါ။ သင့်ကလေးကို လန့်သွားစေနိုင်ပါသည်။ ထို့ပြင် ကလေးကို ဆေးခန်းလာပြခြင်း၏ ရည်ရွယ်ချက်ကို ကလေးနားလည်အောင် ဘယ်လိုရှင်းပြရမလဲ စသည်ကို ဆရာဝန်နှင့်လည်း တိုင်ပင်နိုင်ပါသည်။
ကလေးငယ်ကို လုပ်ဆောင်မည့် အလုပ်များကို ပြောပြထားပါ။
ကလေးငယ်အနေဖြင့် သူ့ကိုကုသမည့် ကုသမှုများကို သိသင့်ပြီး သူဘာဖြစ်နေသလဲကို လက်ခံအောင် ပြောပြထားသင့်ပါသည်။ သင့်အနေနှင့် ကလေးနားလည်အောင် အမူအရာလုပ်ပြနိုင်ပါသည်။ သို့မဟုတ် ကစားစရာ အရုပ်၊ ဝက်ဝံရုပ်၊ ယုန်ရုပ် စသည်ကို အသုံးပြုပြီး ဆရာဝန်၊ သူနာပြုများက သူ့ကို ကုသမည့် ပုံစံကို နမူနာလုပ်ပြနိုင်ပါသည်။ ထိုသို့ပြုလုပ်ခြင်းသည် ကစားနည်းတခုလိုဖြစ်ကြောင်း၊ ပညာများကိုလည်း လေ့လာနိုင်ကြောင်း စသဖြင့် ပြောပြထားရပါမည်။
သင့်ကလေးသည် ကြောက်ရွံ့နေကြောင်း သင်သိပါသည်။
သင့်ကလေးကို “မကြောက်ပါနှင့်၊ သို့မဟုတ် ဆရာဝန်က နာအောင်မလုပ်ဘူး၊ သို့မဟုတ် မငိုရဘူး” စသဖြင့် မပြောသင့်ပါ။
ထိုသို့ပြောမည့် အစား “ကလေးကြောက်နေတာကို မေမေသိပါတယ်၊ မေမေလည်းခံစားဖူးတယ်၊ မေမေလည်း ကလေးအရွယ်တုန်းက ကြောက်ခဲ့တာပဲ ၊ ခဏပဲသည်းခံလိုက်ရင် ပြီးသွားမှာ” စသဖြင့် မိဘများက ပြောသင့်ပါသည်။ သင့်ကလေးကို မသေချာသော အရာများကို ကတိပေးခြင်း၊ လိမ်ညာခြင်းများ မပြုလုပ်သင့်ပါ။
ကလေး အကြိုက်ဆုံးပစ္စည်းကို ယူလာပေးပါ။
အရုပ်၊ စောင်၊ တိရိစ္ဆာန်များ စသဖြင့် သင့်ကလေးကြိုက်တတ်သော ပစ္စည်းတခုခုကို ကလေးအနားတွင်ထားပေးခြင်းဖြင့် ကလေးများစိတ်တွင် အဖော်ဖြစ်စေသလို လုံခြုံမှုလည်းရှိစေပါသည်။ ထို့ပြင် အခြားသော ဆရာဝန်နှင့် မစိမ်းသော ကလေးများကို ပြခြင်းဖြင့် ဥပမာပေးသင့်ပါသည်။ ထိုအခါ သင့်ကလေးသည် အကြောက်ပြေသွားကာ ဆရာဝန်က လိုအပ်သည်များပြုလုပ်ရန် ပိုအဆင်ပြေပါလိမ့်မည်။
ကလေးကို တစ်ခုခုဆုချပါ။
ဥပမာ ဆရာဝန်နှင့် ပြပြီးလျှင် သင့်ကလေးကို သူကြိုက်နှစ်သက်ရာ တစ်ခုခုဝယ်ပေးခြင်းမျိုး ပြုလုပ်ပေးပါ။ ယခု အတွေ့အကြုံကြောင့် နောက်တခါတွင် ပိုပြီး အဆင်ပြေသွားမည်ဖြစ်ကြောင်း ပြောပြပါ။ ကလေးကို မွှေးမွှေးပေးခြင်း၊ ပွေ့ဖက်ခြင်းများပြုလုပ်ပေးပါ။ သို့မဟုတ် တိရိစ္ဆာန်ရုံခေါ်သွားခြင်း၊ ရုပ်ရှင်လိုက်ပြခြင်းများ ပြုလုပ်ပေးနိုင်ပါသည်။ ထိုသို့ပြုလုပ်ပေးခြင်းဖြင့် ကလေးသည်ဆရာဝန်ထံနောက်တခါ သွားချင်စိတ်များဖြစ်လာကာ ကြောက်စိတ်များလည်း ပြေလျော့သွားမည်ဖြစ်ပါသည်။
အချုပ်ဆိုရသော် သင့်ကလေးသည် ဆရာဝန်ထံသွာပြရန်ကြောက်ရွံ့ခြင်းသည် ပုံမှန်ဖြစ်စဉ် တစ်ခုဖြစ်ပါသည်။ သို့သော် ထိုသို့ကြောက်ရွံ့ခြင်းကြောင့် သင့်ကလေး၏ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် ပျက်ကွက်ခြင်းမျိုးမဖြစ်ရလေအောင် သင့်ကလေး၏ကြောက်စိတ်ကို အထက်ပါနည်းများဖြင့် ဖြေဖျောက်ပြီး ပိုပြီး သတ္တိရှိလာအောင် ပျိုးထောင်သင့်ပါသည်။
[embed-health-tool-vaccination-tool]

















