ဟေး မေမေတို့ မွေးကင်းစ ဘေဘီပေါက်စလေးကို ကောင်းကောင်းစောင့်ရှောက်တတ်ရဲ့လား။ အမေ့ဗိုက်ထဲက ထွက်လာတဲ့ ကလေးလေးကလေ မွေးကတည်းက အသားလည်းဝါဘူး။ လလည်းစေ့ ပေါင်လည်း ပြည့်တယ်။ ချို့ယွင်းချက်တွေလည်း မပါဘူး။ ရောဂါတွေလည်း မပါလာဘူးဆိုရင် မေမေတို့အတွက် ကံကောင်းခြင်းပါပဲ။
ခုကလေးက ကျန်းကျန်းမာမာလေး မွေးလာပြီဆိုရင်တော့ ဆက်ပြီး ထိန်းကျောင်းရမှာ မေမေ ဖေဖေတို့ တာဝန်ပါပဲ။ ဆေးရုံမှာတုန်းက အဆင်ပြေပေမယ့် အိမ်ပြန်ရောက်တဲ့အခါ ဒီနီတာရဲ့လေးကို မထိရဲ မကိုင်ရဲနဲ့ ဘာလုပ်ပေးရမလဲမသိ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီသေးသေးလေးတွေကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။
မွေးကင်းစကလေးကို ကောင်းကောင်းဂရုစိုက်နိုင်ဖို့
အရင်ဆုံး မေမေတို့ လုပ်ရမှာကို မပြောခင် ဆေးရုံက လုပ်ပေးလိုက်တာတွေကို ပြောပြပါမယ်။ ဆေးရုံမှာမွေးတယ် ဒါမှမဟုတ် အိမ်မှာ သားဖွားဆရာမနဲ့ မွေးတယ်ဆိုရင် ကလေးကို မွေးပြီးပြီးချင်း လိုအပ်တဲ့ ကာကွယ်ဆေးတွေ ထိုးပေးသွားမှာပါ။ ဗီတာမင် ကေလည်း ထိုးရင် ထိုးရမှာပါ။ ကလေးရဲ့ ချက်ကြိုးကိုလည်း ပိုးသတ်ထားတဲ့ ကိရိယာနဲ့ ဖြတ်ပေးပြီး သန့်သန့်လေး ထားပေးမှာပါ။
ပြီးရင် မေမေ့ကို ဘာတွေစားရမယ်၊ ကလေးကို နို့ဘယ်လိုတိုက်ရမယ်၊ ဘယ်လိုချီရမယ် စသဖြင့် သင်ပေးဦးမှာပါ။ ဆေးရုံကဆင်းရင်တော့ မေမေနဲ့ ကလေးနဲ့ နှစ်ပါးသွားပေရော့ပဲ။
ဘေးလူအကူအညီယူပါ။
မီးတွင်းမှာ အပင်ပန်းဆုံးက မေမေပါပဲ။ မီးဖွားထားတဲ့အရှိန်နဲ့ရော ကလေးနို့တိုက်ရတာနဲ့ရောနဲ့တင် မေမေတော်တော်ပင်ပန်းနေပါပြီ။ ကလေးထိန်းဖို့ဆိုတာ မေမေတစ်ယောက်တည်းရဲ့ တာဝန်မဟုတ်ပါဘူး။ ဒါကြောင့် ဖေဖေ့ကိုလည်း အကူအညီတောင်းပါ။
အတွေ့အကြံရှိတဲ့ ဘိုးဘိုးဘွားဘွားတွေကိုလည်း ကူထိန်းခိုင်းပါ။ မြေးဆိုတာ သူတို့အတွက် ဆေးပါပဲ။ မေမေလည်း ကလေးပြုစုနည်းတွေကို စာအုပ်တွေဖတ်ပြီး၊ ဗီဒီယိုကြည့်ပြီး လေ့လာလိုက်ပါ။
ကလေးချီမယ်ဆိုရင်
မေမေပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ကလေးချီမယ်ဆိုရင် အရင်ဆုံးလက်ဆေးပါ။ ဆပ်ပြာနဲ့ စနစ်တကျမဆေးနိုင်ရင်တောင် hand gelလေးတော့ သုံးပါ။ မေမေတို့ လက်ပေါ်က ပိုးမွှားတွေက ကလေးလေးအတွက် အန္တရာယ်ပါ။ ဒါကြောင့် ကလေးပုခက်ခြေရင်းမှာ hand gelဘူးလေး ချိတ်ထားလိုက်နော်။
ကလေးကို ချီမယ်ဆိုရင် ခေါင်းနဲ့ ဇက်ကို နိုင်အောင် ထိန်းပါ။ မွေးကင်းစလေးတွေက ဇက်မခိုင်သေးပါဘူး။ နောက်ပြီး ကလေးတွေကို အသည်းယားလို့ဆိုပြီး လေထဲ ပစ်ချီတာ၊ အားနဲ့ လှုပ်တာမျိုး မလုပ်ပါနဲ့။ ဦးနှောက်နုနုလေး ထိခိုက်သွားပါမယ်။
ကလေးကို နွေးနွေးထွေးထွေးထားပါ။
မေမေ့ဗိုက်ထဲမှာ နေလာတဲ့ကလေးက အပြင်က အပူချိန်ကို အသားမကျသေးပါဘူး။ ဒါကြောင့် နွေးနွေးထွေးထွေးထားပါ။ အနှီးပတ်ရင် ငယ်ထိပ်ပါ လုံပါစေ။
မေမေနဲ့ ကလေးလေး သံယောစဉ်တိုးပါစေ။
မေမေနဲ့ ကလေးလေး သံယောစဉ်တိုးဖို့ (bonding) ကောင်းဖို့ဆိုရင် ကလေးလေးကို ပွေ့ချီပေးပါ။ ကလေးအသားနဲ့ မေမေ့အသားထိထားပေးပါ။ ကလေးလေးကို ပွတ်သပ်ပေးပါ။ စကားတွေပြော၊ သီချင်းတွေဆိုပြပြီး ချော့မြှူပေးပါ။ ကလေးလေးရဲ့ တုံ့ပြန်မှုအားတွေ ကောင်းလာပါလိမ့်မယ်။
သေးခံလဲမယ်ဆိုရင်
မေမေတွေ စဉ်းစားနေမှာက ကလေးကို အနှီးပဲ ပတ်ပေးရမှာလား၊ သေးခံပဲ ခံပေးရမျာလားပေါ့။ နှစ်ခုလုံးက အကျိုးအပြစ်တွေ ရှိပါတယ်။ အနှီးဆိုတော့လည်း ခဏခဏလဲရတာ၊ မိုးတွင်းဆို မခြောက်မှာစိုးတာ၊ မခြောက်ပဲနဲ့ ပတ်ပေးမိရင် ကလေးအအေးမိမှာ၊ သေးခံကျတော့လည်း ကလေး နေလို့အဆင်ပြေပါ့မလား။ သေးခံလောင်ရင် ဘယ်လိုလုပ်မလဲ စသဖြင့် တွေးမိမှာပါ။
ဒါနဲ့ ပတ်သက်လို့ မေမေတို့ အဆင်ပြေသလို လုပ်လို့ရပါတယ်။ တချို့ကျတော့ မနက်ပိုင်းတို့ အနှီးပဲသုံးပြီး ညအိပ်ချိန်ကို သေးခံပတ်ပေးကြပါတယ်။ အရေးကြီးတာက အနှီးပဲသုံးသုံး၊ သေးခံပဲ ပတ်ပတ် သန့်ရှင်းမှု ရှိဖို့ပါပဲ။
အနှီးဆိုရင်လည်း ညစ်ပတ်သွားတာနဲ့ လဲပေးမယ်။ သေချာလျှော်ဖွပ် ခြောက်အောင် နေပူပြပြီးမှ သုံးမယ်။ သေးခံဆိုလည်း ပုံမှန်လဲပေးမယ်။ သေးခံမလောင်အောင် အညစ်အကြေးတွေကို ရေနဲ့ ဆပ်ပြာအပျော့စားသုံးပြီး သန့်ရှင်းရေးလုပ်မယ်။ သေးခံမလောင်အောင် ကာကွယ်ပေးတဲ့ ခရင်မ်လေးတွေ လိမ်းလို့ရပါတယ်။
ရေချိုးပေးမယ်ဆိုရင်
မွေးပြီးပြီးချင်းမှာ ဆရာမတွေက မေမေ့သွေးတွေ၊ ရေမြွာရည်တွေ သန့်စင်သွားအောင်လို့ အနှီးလေးနဲ့ သန့်ရှင်းရေး လုပ်ပေးကြပါတယ်။ အိမ်ကျရင်တော့ မေမေတို့ အလှည့်ပေါ့။ ရေချိုးချတာထက်စာရင် ရေနွေးဝတ်လေးနဲ့ ရေပတ်တိုက်ပေးပါ။ အရေးကြီးတာက ကလေးကိုယ်မှာ ကပ်နေတဲ့ မလိုင်ဖတ်လို အဖြူလေးတွေကို သွားမခွာပါနဲ့။ ဒါက ကလေးအရေပြားကို ချောမွေ့စေပြီး အပြင်က ရောဂါပိုးတွေ ဝင်မလာအောင် ကာကွယ်ပေးပါတယ်။
ကလေး အသက်တစ်နှစ်အထိ တစ်ပတ်ကို နှစ်ခေါက်၊ သုံးခေါက်ပဲ ရေချိုးပေးလို့ရပါတယ်။ ကလေးက ချွေးထွက်လည်း မများဘူး။ ညစ်လည်း မညစ်ပတ်ဘူးဆိုရင်ပေါ့။ ခဏခဏချိုးရင် ကလေးအသားအရေ ခြောက်သွေ့တတ်ပါတယ်။ မွေးကာစဆို ရေနွေးဝတ်လေးနဲ့ ရေပတ်တိုက်ပေးပါ။ နောက်ပိုင်းကျရင် ဆပ်ပြာအပျော့စား၊ ရှန်ပူအပျော့စားလေးတွေ သုံးပေးပါ။ ချိုးပြီးရင် ရေခြောက်အောင်သုတ်ပြီး နွေးနွေးထွေးထွေးထားပါ။ ဘီးအနုလေးနဲ့ ခေါင်းကို ဖြီးပေးပါ။ အနှီးသန့်သန့်လေး ပတ်ပေးပါ။
ချက်ကြိုးကို ဂရုစိုက်ဖို့
ချက်ကြိုးကို ဒီတိုင်းထားရင် တစ်လနောက်ရင် ကြွေပြီး ချက်ဖြစ်သွားပါတယ်။ ချက်ထဲကို ဘာမှထည့်စရာ မလိုပါဘူး။ အရက်ပြန်တွေ၊ ဆေးနီတွေ၊ ဆေးတို့ဖတ်တွေ ဘာမှမလိုပါဘူး။ ရေနွေးလေးနဲ့ ပိုးသတ်ထားတဲ့ ဂွမ်းလေးသုံးပြီး သန့်ပေးရင်ရပါပြီ။
နောက်တစ်ခုက ငယ်ပါထိပ်ဖြတ်တာပါ။ တချို့က မွေးကတည်းက ကလေးကို ငယ်ပါထိပ်အရေပြားလေး ဖြတ်ထားပေးကြပါတယ်။ ပုံမှန်ဆို ၂ပတ်လောက်နေရင် အနာကျက်သွားပါပြီ။ ဖြတ်ကာစမှာ အနာနဲ့ အနှီးနဲ့ ပွန်းမှာစိုးလို့ တချို့က petroleum jellyလေး တို့ပေးတတ်ပါတယ်။ သေးခံလဲတိုင်းမှာ ထိပ်လေးကို ရေနွေးဝတ်လေးနဲ့ သန့်ရှင်းရေး လုပ်ပေးပါ။
နို့တိုက်မယ်ဆိုရင်
မွေးစကလေးတွေက တစ်နေ့ကို ၈ခါကနေ ၁၂ခါလောက် နို့စို့ပါတယ်။ အစာအိမ်လေးက သေးသေးလေးမို့လို့ နည်းနည်းနဲ့ ခဏခဏ နို့စို့ကြပါတယ်။ ကလေးကို ဆာတိုင်းတိုက်ပေးပါ။ တစ်ခါတစ်လေ ကလေးက ဆာရင် မငိုဘဲ လက်မစုပ်တာ၊ လျှာလေးသပ်တာ လုပ်ပြတတ်ပါတယ်။ သတိထားပြီး ကြည့်ကြည့်ပါ။
နောက်ပြီးကလေးကို နို့တိုက်ရင် နို့ဝင်ရဲ့လား ကြည့်ပေးပါ။ ကလေးရဲ့ ပါးစပ်က နို့သီးခေါင်းကွင်းကို ငုံမိပြီး နို့သီးခေါင်းက အာခေါင်မှာ ထိနေရပါမယ်။ မျိုချတဲ့ အမူအရာလည်း ရှိရပါမယ်။ ကလေး နို့ကောင်းကောင်းတင်နိုင်ဖို့ တစ်ခါတိုက်ရင် ၁၀မိနစ် ၁၅မိနစ်လောက်ကြာအောင် တိုက်ပေးပါ။
နို့တိုက်ပြီးရင်လည်း ကလေးကို ပုခုံးပေါ်တင်ပြီး လေထုတ်ပေးပါ။
ကလေးကို သိပ်မယ်ဆိုရင်
ကလေးတွေက တစ်နေ့ကို ၁၆နာရီလောက် အိပ်ပါတယ်။ အိပ်တာကလည်း လူကြီးတွေကို ညဘက်ဆက်တိုက်အိပ်တာ မဟုတ်တဲ့အတွက် မေမေတွေက ညဆို ကလေးထထိန်းရမှာပါ။ နောက်တစ်ခုက ကလေးတွေက ညဘက် ဗိုက်ဆာလို့ရှိရင်လည်း ကောင်းကောင်းအိပ်မှာ မဟုတ်ပါဘူး။
နောက်ထပ်အရေးကြီးတာက ကလေးကို သိပ်ရင် ပက်လက်ပဲ သိပ်ပေးပါ။ ကလေးဘေးမှာ ခေါင်းအုံးတွေ၊ အမွေးပွ အရုပ်တွေ မထားပါနဲ့။ ကလေးက လှိမ့်ရင်း ခေါင်းအုံးနဲ့ ဖိမိတဲ့အခါ အသက်ရှူကျပ်ပြီး သေတတ်ပါတယ်။ နောက်ပြီး ကလေးကို တစ်ခန်းထဲမှာပဲ ကုတင်ခွဲသိပ်ပေးပါ။ ဒါမှမေမေ ကလေးကို စောင့်ကြည့်နိုင်မှာပါ။
မွေးစကလေးတွေက ပုံမှန်လည်း နေ့နဲ့ ညနဲ့ မှားတတ်ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် ညအိပ်ရင် တိတ်ဆိတ်ပြီး မှောင်နေအောင် ထားပါ။ မနက်ဆို လင်းတဲ့နေရာမှာ ထားပါ။ ကလေးနဲ့ ဆော့ပေးပါ။ စကားပြောပေးပါ။ ကိုယ့်ဟာကိုယ် အချိန်သတ်မှတ်ထားပြီး ပုံမှန်သိပ်ပေးပါ။
စစချင်းမှာတော့ ဖေဖေမေမေတို့ ဒီကလေးလေးကို ထိန်းဖို့ ခက်ခဲနေမှာပါ။ တစ်ပတ် နှစ်ပတ်လောက်ဆို အသားကျသွားပါပြီ။ တစ်လလောက်ဆိုရင်တော့ ဆရာကျသွားပါပြီ။ မွေးကာစမှာ မေမေရော ကလေးရော ကျန်းမာနေဖို့ လိုပါတယ်။ စိတ်ထဲမှာ သိချင်တာ၊ မရှင်းလင်းတာရှိရင် တတ်ကျွမ်းသူကို မေးမြန်းပါ။
[embed-health-tool-vaccination-tool]

















