brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း

ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် မိဘတွေရဲ့တာဝန်ဝတ္တရားတွေက စတင်လာပြီဖြစ်ပါတယ်။ ကလေးရဲ့ဝေယျာဝစ္စတွေကို အသေးစိတ်ဂရုစိုက်လုပ်ဆောင်ပေးဖို့လည်းအရေးကြီးပါတယ်။ နုနယ်လှတဲ့ ကိုယ့်ရင်သွေးလေးကို အိမ်ကိုခေါ်လာမယ့်အချိန်အတွက် အရင်တည်းကကြိုတင်ပြင်ဆင်ထားကြရတာဖြစ်ပေမယ့် အိမ်ကိုပြန်ရောက်လာပြီဆိုတာနဲ့ ကလေးလေးချီပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။ အထူးသဖြင့် သားဦးကလေးမွေးဖွားတဲ့မိဘတွေဆို အတွေ့အကြုံမရှိတာကြောင့် မွေးပြီးနောက်ပိုင်း ဒီလိုအခက်မကြုံရအောင် ကလေးနဲ့ပတ်သက်ပြီး အစတည်းက ကြိုတင်လေ့လာထားသင့်ပါတယ်။

မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း

အသစ်စက်စက် မိခင် ဖခင်တွေအနေနဲ့ ကလေးငယ်လေးတွေကို ဂရုစိုက်စောင့်ရှောက်တဲ့အချိန် စနစ်တကျနဲ့ နည်းလမ်းမှန်မှန်လုပ်ဆောင်နိုင်ဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။

ကလေးကို ချီတဲ့အခါ

ကလေးသိပ်မချီဖူးတဲ့သူတွေ၊ကလေးတွေနဲ့အနေမနီးသူတွေ မိဘဖြစ်လာတဲ့အခါ ကလေးချီရင် မတော်တဆလွတ်ကျမှာကို စိုးရိမ်စရာရှိနိုင်ပါတယ်။ သတိထားသင့်တဲ့အခြေခံတချို့ကတော့ –

  • ကလေးမချီခင် လက်ကိုသေချာဆေးကြောပါ( သို့မဟုတ် လက်သန့်ဆေးရည်သုံးပါ)။မွေးကင်းစအရွယ်လေးတွေဟာ လူကြီးတွေလောက် ကိုယ်ခံအားမကောင်းသေးတာကြောင့်ရောဂါကူးစက်ခံရလွယ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးကို ဘယ်သူပဲချီချီ လက်သန့်နေဖို့အရေးကြီးပါတယ်။
  • ပွေ့ချီတဲ့အခါ ကလေးရဲ့ခေါင်းနဲ့လည်ပင်းကို ထိန်းထားပေးဖို့ သတိထားပါ။ ကလေးကိုချီတဲ့အခါခေါင်းကို တံတောင်ဆစ်အကွေးမှာပွေ့ထားပေးပါ ဒါမှမဟုတ် ကလေးကိုထောင်ပြီးချီတဲ့အခါ၊ ကလေးကိုအောက်မှာချတဲ့အခါခေါင်းကိုထိန်းပေးထားရပါမယ်။
  • ကလေးကိုချော့မြှူတဲ့အခါ မလှုပ်ရမ်းဖို့၊ မလှုပ်ခါဖို့ သတိထားပါ။ ခပ်ပြင်းပြင်းလှုပ်ရမ်းမိမယ်ဆိုရင် ကလေးရဲ့နုနယ်တဲ့ဦးနှောက်တွင်းသွေးယိုစိမ့်ခြင်းဖြစ်လာစေနိုင်ပြီး အသက်ဆုံးရှုံးရတဲ့အထိဖြစ်စေနိုင်ပါတယ်။ ကလေးကိုနှိုးချင်တယ်ဆိုရင် လှုပ်ခါပြီးမနှိုးပါနဲ့။ခြေဖဝါးလေးကို ကိုင်ပြီးနှိုးတာဖြစ်ဖြစ်၊ ပါးလေးကိုလေနဲ့လှမ်းမှုတ်တာဖြစ်ဖြစ် နှိုးလို့ရပါတယ်။
  • ကလေးက အရမ်းကိုငယ်သေးတယ်ဆိုတာမမေ့ပါနဲ့။ပေါင်ပေါ်၊ဒူးပေါ်တင်ပြီးမြှောက်လိုက်ချလိုက်လုပ်တာ၊လေထဲမြှောက်တင်တာတွေ မလုပ်ရပါဘူး။

ကလေးကို နို့တိုက်ကျွေးတဲ့အခါ

အရင်ဆုံးဖြေရှင်းရမယ့်ပြဿနာက နို့တိုက်ကျွေးခြင်းအတွက်ပါ။ မိခင်နို့ဖြစ်ဖြစ်၊ နို့ဘူးတိုက်တာဖြစ်ဖြစ် ကလေးကို ၂ နာရီကနေ ၄ နာရီခြားတိုင်း နို့တိုက်ကျွေးဖို့လိုအပ်ပါတယ်။ ဆိုလိုတာက ညတရေးနိုးလည်း နို့ထတိုက်ရမယ်ဆိုတာပါပဲ။ ကလေးက ဗိုက်ဆာနေတဲ့အရိပ်အယောင်ပြနေရင်( ဥပမာ – လက်ချောင်းစုပ်နေတာ၊ နှုတ်ခမ်းမှာ လျှာသပ်နေတာ၊ နှုတ်ခမ်းက တပြွတ်ပြွတ်နဲ့စုပ်တဲ့အသံထွက်နေတာ၊ ရှိုက်ငိုတာ၊ စတဲ့လက္ခဏာ)ဘယ်အချိန်ဖြစ်ဖြစ် ကလေးကိုနို့ိတိုက်ပါ။ ငိုတယ်ဆိုတာက အတော်နောက်ကျမှပြတဲ့ လက္ခဏာဖြစ်ပါတယ်။

ဒါဆို ဘယ်လောက်များများတိုက်ရမလဲ။ ကလေးတစ်ယောက်နဲ့တစ်ယောက်ကမတူကြတဲ့အတွက် သူဗိုက်ဝမယ့်ပမာဏကလည်း မတူနိုင်ပါဘူး။ ဒီတော့ ကလေးကကျေနပ်ပုံရတဲ့အထိ တိုက်ပါ။ သူဆာရင် ထပ်ပြီးအမူအရာပြပါလိမ့်မယ်။ မိခင်နို့တိုက်တဲ့သူအနေနဲ့ နို့တစ်ဖက်နဲ့တစ်ဖက်ကို တလှည့်စီတိုက်ရင် လုံလောက်နိုင်ပါတယ်။ နို့ဘူးတိုက်တဲ့သူတွေဆိုရင် ၂အောင်စလောက်တိုက်ပြီး ကလေးကျေနပ်ပုံရပြီလားစောင့်ကြည့်ပါ။

ကလေးကိုလေထုတ်ခြင်း

မိခင်နို့စို့ရတဲ့ကလေးတွေဟာ နို့ဘူးစို့ရတဲ့ကလေးတွေလောက်လေမတက်တာကြောင့် နို့တစ်ဖက်နဲ့တစ်ဖက်ပြောင်းတိုက်တဲ့အခါ ဒါမှမဟုတ် နို့တိုက်ပြီးတဲ့အခါလေထုတ်ပေးတာကောင်းပါတယ်။ နို့စို့ပြီးရင်လေချဉ်တက်ပြီး နို့ပြန်ထွက်တတ်တဲ့ကလေးတွေကိုလေထုတ်ပေးသင့်ပါတယ်။

သေးခံ ဒိုင်ပါ / အနှီးလဲပေးခြင်း

ကလေးတွေကို သက်တောင့်သက်သာဖြစ်စေဖို့နဲ့ အရေပြားလောင်တာတွေမဖြစ်စေဖို့သေးခံ သို့မဟုတ် အနှီး မကြာခဏလဲပေးဖို့လိုအပ်ပါတယ်။ ကလေးကိုသေးခံမလောင်စေဖို့

  • သေးခံကို မကြာခဏလဲပေးပါ။ ဒိုင်ပါဝတ်ပေးထားတယ်ဆိုပြီး ဆီး၊ဝမ်းသွားလည်း အတော်ကြာမှလဲပေးတာမျိုးမလုပ်ပါနဲ့။
  • ဝမ်းသွားထားတဲ့နေရာတဝိုက်ကို baby wipe သို့မဟုတ်ရေနဲ့ အသာအယာသန့်စင်ပေးပါ။သေးခံလောင်တဲ့လက္ခဏာရှိနေရင် baby cream တစ်ခုခုလိမ်းပေးပါ။
  • အနှီးပဲသုံးတဲ့ ကလေးတွေမှာတော့ အရောင်၊အနံ့မပါတဲ့ ဆပ်ပြာသုံးပြီးလျှော်ဖို့ သတိပြုပါ။
  • ကလေးကို တခါတလေလောက် ဒိုင်ပါမဝတ်ဘဲ/အောက်ပိုင်းအနှီးမပတ်ဘဲ ထားပေးပါ။ ကလေးရဲ့အသားအရေကိုပြင်ပလေနဲ့ထိတွေ့ခွင့်ပေးလိုက်ပါ။
  • သေးခံလောင်ခြင်းက ၃ ရက်ကျော်လို့ မသက်သာသေးရင် ဒါမှမဟုတ် ပိုဆိုးလာရင် ဆရာဝန်ပြပါ။ ဆရာဝန်ညွှန်ကြားချက်နဲ့ဆေးကုသမှုခံယူဖို့လိုအပ်မယ့် မှိုပိုးဝင်ခြင်းဖြစ်နေနိုင်ပါတယ်။

ရေချိုးပေးချိန်

ငယ်ရွယ်လွန်းတဲ့ ကလေးလေးကိုနေ့တိုင်းရေချိုးပေးဖို့မလိုအပ်ပါဘူး။ ဒီအရွယ်ကလေးငယ်တွေက သိပ်ညစ်ပတ်မှာမဟုတ်လို့ တစ်ပတ်ကို သုံးကြိမ်လောက်ပဲရေချိုးပေးရင်ရပါပြီ။ ကလေးရဲ့မျက်နှာ၊လည်ပင်းနဲ့ဒိုင်ပါဝတ်မယ့်နေရာတဝိုက်ကိုတော့နေ့တိုင်းဆေးကြောသန့်စင်ပေးဖို့ပဲလိုပါတယ်။ ကလေးက ချက်မကြွေသေး၊ ချက်မှာအနာမကျက်သေးတဲ့အရွယ်ဆိုရင်ရေမြှုပ်လေးနဲ့ပဲရေချိုးသန့်စင်ပေးပါ။ ကလေးကိုချိုးပေးမယ့်ရေရဲ့အပူချိန်ကိုလည်း မချိုးပေးခင်သေချာစမ်းသပ်ပြီးမှရေနွေးနွေးလေးနဲ့ချိုးပေးပါ။

အိပ်ချိန်

ကလေးတွေက သူတို့ရဲ့အချိန်အများစုကို အိပ်ချိန်မှာပဲ ကုန်ဆုံးတာများပါတယ်။ အိပ်နေတဲ့အချိန်အတွင်းမှာ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပြီး ကယ်လိုရီနဲ့ခွန်အားတွေဖြည့်တင်းထိန်းသိမ်းပေးတာဖြစ်ပါတယ်။ ဒါပေမယ့် ခြင်မကိုက်နိုင်တဲ့၊ ဘေးကင်းလုံခြုံမှုရှိတဲ့နေရာ မှာသိပ်ထားဖို့တော့ အရေးကြီးပါတယ်။ သူတို့လေးတွေက နေ့နဲ့ည လွဲနေတာကြောင့် ညဘက်ဆို ကလေးကြောင့် မအိပ်ရတာတွေတော့ရှိမှာပါ။ ဒါတွေလည်း လအနည်းငယ်ကြာရင် ပုံမှန်ဖြစ်သွားမှာပါ။

ကလေးကို ဆရာဝန်နဲ့တိုင်ပင်ပြီး ကျန်းမာရေးစစ်ဆေးမှုမှန်မှန်လုပ်ပေးသင့်သလို ကာကွယ်ဆေးလည်းလိုအပ်သလို ထိုးပေးသင့်ပါတယ်။ ဒီလိုဂရုစိုက်ပေးရင်းနဲ့ပဲ ပုံမှန်နေသားကျလာတဲ့အခါ ကလေးရဲ့အမူအကျင့်၊အထာလေးတွေ၊ ကလေးမှာဖြစ်တဲ့လက္ခဏာတွေ ကိုသိလာပြီး အရာရာအဆင်ပြေသွားမှာပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 08/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။