brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိမိ၏ကလေးများက “သား/ သမီးက မတော်ပါဘူး” ပြောလာလျှင် သင့်အနေနှင့် ဘာလုပ်သင့်သလဲ

ဥပမာအားဖြင့် သင့်ကလေးသည် သူ့ကိုပေးထားသော တာဝန်များကို မနိုင်နင်းခြင်း၊ အိမ်စာများကို မလုပ်နိုင်တော့ခြင်းများ ဖြစ်သည့်အခါ “သား/ သမီးက မတော်ပါဘူး” ပြောလာလျှင် သင့်အနေဖြင့် ဘာလုပ်ပေးမလဲ။ ဘာလုပ်သင့်သလဲ။

မိမိ၏ကလေးများက “သား/ သမီးက မတော်ပါဘူး” ပြောလာလျှင် သင့်အနေနှင့် ဘာလုပ်သင့်သလဲ

ယေဘူယျအားဖြင့် မိဘများအနေဖြင့် မိမိကလေးက ထိုသို့ပြောလာချိန်တွင် မလွဲမသွေ စိတ်ထိခိုက်သွားမည်ဖြစ်ပါသည်။ သင့်ခေါင်းထဲတွင်လည်း စဉ်းစားစရာကိစ္စများ ဝင်လာမည်ဖြစ်ပြီး သင့်ကလေးသည်ကျောင်းတွင် အာရုံမစိုက်ခြင်းကြောင့်လား စသည့်တွေဝေစရာများ သင်ခံစားရမည်ဖြစ်ပါသည်။ သို့သော် သင့်ကလေး၏ပြသနာကို ဖြေရှင်းပေးရန် မလောပါနှင့်။ အောက်ပါအကြံပေးချက်များကိုလေ့လာပြီး သင်ဘာလုပ်ရမလဲကို စဉ်းစားပါ။

မိဘများအနေနှင့် ဘယ်လို တုန့်ပြန်သင့်သလဲ။

အများအားဖြင့် မိဘများသည် ကလေးအား အားပေးစကားပြောသည့်အနေဖြင့် “မင်းတော်တာ အမေ/ အဖေ သိတယ်” စသဖြင့် ပြောလေ့ရှိပါသည်။ ထိုသို့ဘယ်တော့မှ မပြောသင့်ပါ။ မိဘများက သူတို့ကို ချစ်သောကြောင့် သူတို့စိတ်ညစ်စရာများသက်သာသွားရန် အားပေးစကားဆိုခြင်းမျှသာဖြစ်ကြောင်း သူတို့သိပါသည်။

ကလေးကသူတို့ကိုယ်သူတို့ ပြောလာသည့် “မကောင်းဘူး၊ မတော်ဘူး” ဆိုသော စကားသည် အဓိပ္ပါယ်အမျိုးမျိုးဖြစ်နိုင်သောကြောင့် သင့်အနေနှင့် ပိုပြီး ပညာသားပါသော တုန့်ပြန်မှု မျိုးပေးသင့်ပါသည်။ ထိုသို့ပြောခြင်းဖြင့် သင့်ကလေးသည် ခက်ခဲသော တာဝန်များကို မကိုင်တွယ်နိုင်သောကြောင့် ဒေါသထွက်ပြီးပြောခြင်းဖြစ်နိုင်သလို ကျောင်းတွင် အခြားသူငယ်ချင်းများကပြောသည်ကို ပြန်ရေရွတ်ခြင်းမျိုးလည်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင့်ကလေးကို သေချာအောင် မေးမြန်းသင့်ပါသည်။

မိဘများအနေနှင့် ဘာလုပ်ပေးနိုင်မလဲ။

သင့်ကလေးကို ထိုသို့စိုးရိမ်စိတ်များခြင်း၊ စိတ်ရှုပ်ခြင်းများဖြစ်နေရသည့်အကြောင်းကို ဆက်တိုက်မေးနေမည့်အစား သူစိတ်တည်ငြိမ်သွားသည့် အချိန်အထိ စောင့်သင့်ပါသည်။ သင့်ကလေးနှင့် အချိန်ယူပြီးစကားပြောရန် လိုပါသည်။ သူတို့ကိုယ်သူတို့ မတော်ဘူး၊ မတတ်ဘူးဟု ထင်နေရခြင်းအကြောင်းကို မေးမြန်းပါ။ ထိုစကားတစ်ခွန်းသည် သင်နှင့် သင့်ကလေးအတွက် အဓိပ္ပါယ်များစွာ ဖြစ်နိုင်သောကြောင့်ဖြစ်ပါသည်။

သင့်ကလေးကို ထိုသို့ခံစားရစေသောအကြောင်းကို ရှင်းလင်းစွာသိသွားသောအခါ ဘာကြောင့် ခုလိုခံစားရသလဲဆိုတာကို တလေးတစားမေးပါ။ သင့်ကလေးက သင့်ကို ပွင့်လင်းစွာပြောလာပြီး ခံစားချက်များကို ဝေမျှလာသည်အထိ စိတ်ရှည်ရှည်ထားပြီး စကားပြောပေးပါ။

မိဘများအနေဖြင့် ကလေးအား ကိစ္စတစ်ခုကို ကိုင်တွယ်ရာတွင် ပြသနာများနှင့် ကြုံခြင်းသည် သူတို့မတော်ခြင်း၊ တုံးအခြင်းကြောင့် မဟုတ်ကြောင်း ရှင်းပြပါ။ သင့်ကလေးသည် အချို့သော စွမ်းရည်များတွင် အမှန်တကယ် မတော်လျှင်တောင် သူ့တွင် အခြားသော ထူးချွန်သည့် အရည်အသွေးများရှိနေနိုင်ကြောင်း နားလည်အောင်ရှင်းပြပေးပါ။

ကလေးအား ဆီလျော်သော ချီးမြောက်မှုများ၊ အားပေးစကားများပြောခြင်းကသာလျှင် သူ့အတွက် အကျိုးရှိစေမည်ဖြစ်ပါသည်။

မိဘများအနေဖြင့် ဘာကိုရှောင်ကျဉ်ရမည်လဲ။

သင့်ကလေးနှင့် စကားပြောရာတွင် အကျိုးရှိစေရန် ရှောင်ကျဉ်ရမည့် အချက်များစွာရှိပါသည်။ ပထမဦးစွာ သင့်ကလေး၏ပြသနာသည် သင့်ကိုယ်ရေးကိုယ်တာပြသနာမဟုတ်သည့် အတွက် အခြားသူများကို သင်ပြောနေကျအတိုင်းပြောလို့မရပါ။ ထိုကိစ္စသည် သင့်ကလေး၏ ခံစားမှုများနှင့် သက်ဆိုင်နေသော ပြသနာဖြစ်ပါသည်။

ထို့ပြင် သင့်ကလေးကို ဝေဖန်ခြင်း၊ အဆုံးအဖြတ်ပေးခြင်း စသည့် အပြုအမူမျိုးမဖြစ်သွားစေပါနှင့်။ ထိုသို့ပြုမူခြင်းများသည် အကျိုးထူးမည်မဟုတ်သလို ပြသနာ၏ ဇစ်မြစ်ကိုလည်း ရှာတွေ့မည်မဟုတ်ပါ။ ထို့ပြင် သင့်ကလေး ရင်ဆိုင်နေရသော အခက်အခဲများကို ကိစ္စအသေးအဖွဲလေးများအဖြစ် လက်လွတ်စပယ် ပြောခြင်းမပြုလုပ်ပါနှင့်။ ယင်းသည် သင်မျှော်မှန်းထားသော အခြေအနေများနှင့် ဆန့်ကျင်ဘက်ရလဒ်များဖြစ်သွားစေနိုင်သောကြောင့် ဖြစ်ပါသည်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. K Zin Thwe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။