brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးနဲ့ဖခင်ကြား ခိုင်မာတဲ့နှောင်ကြိုးတစ်ခု ဖန်တီးနိုင်မယ့်နည်းလမ်းများ

ကျွမ်းကျင်သူတွေပြောပြကြတဲ့ ကလေးနဲ့ဖခင်ကြား နှောင်ကြိုးဆိုတဲ့ အဓိပ္ပာယ်ဟာ သင်နဲ့ သင့်ကလေးကြား နီးစပ်တဲ့နှောင်တွယ်မှုတွေ ကြီးထွားခြင်းပဲဖြစ်ပါတယ်။ ဒါဟာ သင့်ကလေးကို ချစ်ခြင်းမေတ္တာနဲ့ရေချိုးပေးသလို၊ ကလေးကိုကာကွယ်လိုဇောနဲ့ အရှိန်နဲ့လာတဲ့ ထရပ်ကားရှေ့ပြေးဝင်လိုက်သလို ခံစားမှုမျိုးပါပဲ။ အချို့သော ဖခင်တွေဟာ သူတို့ကလေးနဲ့ နှောင်တွယ်ထားတာမျိုးကို မွေးဖွားပြီးမိနစ်အနည်းငယ်အတွင်းနဲ့ မွေးဖွားပြီးနေ့ရက်တွေမှာခံစားရတတ်ပြီး တစ်ခါတစ်ရံမှာ ဒီလိုခံစားမှုမျိုးရဖို့အချိန်ယူရပါတယ်။ ဒါဟာ လုံးဝသဘာဝကျပါတယ်။ နောက်ဆုံးမှာတော့ မွေးခါစကလေးလေးဟာ သင့်ရဲ့ရင်ခွင်ထဲရောက်လာပါပြီ။ သင့်ဇနီးပြန်ပြီးကျန်းမာလာဖို့ သင်ကူညီချင်သလို တစ်နေကုန်လုံး ၂နာရီလောက်တောင် မအိပ်လိုက်ရတဲ့အဖြစ်မျိုးတွေလည်းကြုံရနိုင်ပါတယ်။ သင့်ကိုယ်သင်ညှာပါ။ ပြီးတော့ ဒီနှောင်ကြိုးဟာ မကြာခင်မှာပဲ ခိုင်မာလာတော့မယ်ဆိုတာ သတိရပါ။

ကလေးနဲ့ဖခင်ကြား ခိုင်မာတဲ့နှောင်ကြိုးတစ်ခု ဖန်တီးနိုင်မယ့်နည်းလမ်းများ

နှောင်ကြိုးတွေအပေါ် သိပ္ပံနည်းကျလေ့လာမှုများ

လေ့လာမှုတွေကတော့ ကလေးမွေးဖွားချိန်မှာရှိနေတဲ့ဖခင်တွေဟာ မွေးဖွားပြီးမကြာခင်မှ ကလေးကိုထွေးပွေ့ရတာကြောင့် မိခင်တွေခံစားရတဲ့ နှောင်ကြိုးမျိုးနဲ့တူတဲ့ ခံစားမှုမျိုးကို ရက်သတ္တပတ်အနည်းငယ်လောက်ခံစားရတတ်ပါတယ်။ အစမှာတည်းက ကြိုးစားပြီး အချိန်တိုင်းနီးကပ်အောင်နေရင် နောက်ပိုင်းမှာ သင့်အတွက်အကျိုးရှိလာပါလိမ့်မယ်။ လေ့လာမှုအများစုကတော့ ဒီလိုအစောပိုင်းကာလတွေမှာ နီးနီးကပ်ကပ်နေတာက သင့်ကလေးကြီးပြင်းလာ တဲ့အခါမှာ ပိုပြီးကောင်းတဲ့ဆက်ဆံရေးကိုရဖို့ပါပဲလို့ ဆိုပါတယ်။ ကလေးလေး လူ့လောကကိုမရောက်လာခင်ကတည်းက သင့်ဇနီးရဲ့ဗိုက်ကို အချိန်ရတိုင်းစကားပြောပေးနိုင်ရင်တောင် ကလေးမွေးဖွားလာတဲ့နောက် သင့်ကလေးကသင့်အသံကိုမှတ်မိနိုင်ပါလိမ့်မယ်။ စီးပွားရေးစကားနဲ့ပြောရရရင် ကလေးတွေရဲ့သေးခံတွေကို လဲပေးတာ၊ ပွေ့ဖက်ထားပေးတာနဲ့ ‘တူတူရေဝါး’ ကစားပေးတဲ့အချိန်တွေတိုင်းဟာ အနာဂတ်အတွက် ခံစားချက်ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ပြီး သင်နဲ့သင့်ကလေးကြားမှာ ယုံကြည်မှုတွေတည်ဆောက်ပေးနေတာပါ။

ကနေဒါမှ အခြားသောလေ့လာမှုတွေကတော့ မျှော်လင့်ချက်တွေနဲ့ စိတ်ချမ်းမြေ့နေတဲ့ဖခင်တွေမှာ အုပ်ထိန်းလိုစိတ်ကို ဖြစ်စေတဲ့ ဇီဝနဲ့ဟော်မုန်းပြောင်းလဲမှုတွေဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ ဒီလေ့လာမှုကပဲ ဒီလိုဖခင်မျိုးတွေမှာ တက်စတိုစတီရုန်း (testosterone) ဟော်မုန်း တွေဟာ ၃ဆလောက်လျော့ကျသွားနိုင်ပြီး ပရိုလက်တင် (prolactin) နဲ့ ကော်တီစော (cortisol) လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာထွက်တတ်တဲ့ ဟော်မုန်းတွေဟာ ကလေးမွေးဖွားမယ့်ရက်မတိုင်မီ ၃ပတ်လောက်မှာတည်းက တဖြည်းဖြည်းမြင့်တက်လာတယ်လို့ဆိုပါတယ်။ ဒီလေ့လာမှုနဲ့ဆင်တူတဲ့အခြားလေ့လာမှုတစ်ခုက အမျိုးသားတွေမှာ (prolactin) ပမာဏဟာ ကလေးတွေကိုပွေ့ဖက်လိုက်ချိန်မှာတင်မက ငိုနေတဲ့အရုပ်လေးတွေတွေ့ချိန်မှာတောင် မြင့်တက်လာတတ်တယ်လို့ဆိုထားပါတယ်။ ဒါနဲ့ပဲ ဒီလိုဖခင်မျိုးတွေမှာ ကိုယ်ဝန်မဆောင်ပါဘဲကိုယ်ဝန်ဆောင်တဲ့လက္ခဏာတွေပေါ်နေတာနဲ့ပတ်သက်ပြိး စစ်မှန်တဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ရှာဖွေတွေ့ရှိဖို့ဖြစ်လာတော့တာပါပဲ။

ဖခင်တွေနဲ့ ကလေးတွေကြားက နှောင်ကြိုးခိုင်မာလာစေဖို့ အချက်များ

ကစားခြင်းနဲ့ နှောင်တွယ်ပါ။

လေ့လာမှုတွေက ကလေးတွေမွေးဖွားပြီး ရက်သတ္တပတ်အနည်းငယ်ကို ကျော်လွန်သွားပြီးတဲ့အခါမှာ မိခင်နဲ့ဖခင်တို့ရဲ့ ကလေးငယ်အပေါ် ဆက်ဆံပုံတွေကို မတူအောင်ပြောင်းလဲသင့်တယ်လို့ အကြံပြုထားပါတယ်။ မိခင်ရဲ့ အခန်းကဏ္ဍဟာ ကလေးကိုပိုပြီးစကားပြောပေးပြီး တိတ်ဆိတ်ငြိမ်သက်စွာ အပြန်အလှန်ဆက်သွယ်ကြဖို့ဖြစ်ပါတယ်။ ဖခင်ရဲ့ကဏ္ဍကတော့ ကလေးကိုပိုပြီး ကိုယ်ကာယဆိုင်ရာကစားမှုတွေနဲ့ ဖြည့်ဆည်းပေးဖို့ပါပဲ။ ဒါဟာ စံပြပုဂ္ဂိုလ်တွေနဲ့ လွှမ်းမိုးသူတွေဆိုတဲ့ ပုံရိပ်တွေဖန်တီးဖို့ပါပဲ။ ဒါပေမယ့် ဒါဟာ ဖခင်တွေကို မျှော်လင့်ချက်လေးတော့ပေးနိုင်ပါတယ်။ သင်က ပျော်ရွှင်နေတတ်တဲ့မိဘမျိုးဆိုရင် ဆိုလိုတာက ကလေးကိုကျောပိုးမယ်။ လေထဲမြှောက်ချီမယ် ဒီလိုပျော်ရွှင်အောင်ထားတတ်တဲ့မိဘမျိုးဆိုရင် သင့်ကလေးပထမဆုံးအကြိမ်ရယ်မောတာကိုမြင်ရမယ့် ကံကောင်းတဲ့လူသားတစ်ယောက်ဖြစ်နိုင်ပါတယ်။

ပုခက်တွင်းကလေးငယ်နဲ့ ရင်းနှီးစေခြင်း

မိခင်ဟာ ကလေးကို နို့ချိုတိုက်ကျွေးနေတယ်ဆိုရင် ကလေးငယ်ကို သူမရဲ့ရင်ခွင်ထဲမှာ ပွေ့ဖက်ထားခြင်းက သူမနဲ့မျက်လုံးချင်းဆုံနိုင်ဖို့ ကလေးငယ်အတွက် အပြည့်စုံဆုံး မြင်ကွင်းပါပဲ။ သင်ကနို့ဘူးတိုက်မယ်ဆိုရင် ကလေးကို ဒီလိုအနေအထားပဲပွေ့ပါ။ ကလေးငယ်သင့်ကိုငေးကြည့်နိုင်ပါစေ။

ညဘက် လူလဲပြီးစောင့်ပါ။

ကလေးငိုတဲ့အချိန်မှာ မိခင်ကို ပိုအိပ်နိုင်တဲ့အခွင့်အရေးပေးပြီး သင်က ကယ်တင်ရှင်ကြီးလုပ်လိုက်ပါ။ ဒါက သင်နဲ့ကလေးအတွက် တန်ဖိုးရှိတဲ့ နှစ်ယောက်တည်းကမ္ဘာကိုတည်ဆောက်ဖို့အခွင့်အရေးပါပဲ။ ညသန်းခေါင်တိုက်ကျွေးဖို့အတွက် နို့ဘူးအပိုတွေကို ရေခဲသေတ္တာထဲထားဖို့ မမေ့ပါနဲ့။

မျက်ရည်တွေသုတ်ပေးပါ။

အငိုတိတ်အောင်ကြိုးစားပါ။ ဆိုလိုတာက သူ့ကို သင် သီချင်းဆိုပြနိုင်ပါတယ်။ ပွေ့ချီပြီးလမ်းလျှောက်ပေးနိုင်ပါတယ်။ ညင်ညင်သာသာချော့မော့ပြီးလှုပ်လီလှုပ်လဲ့လုပ်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် အနီးဆုံး နို့သီးခေါင်းအတုလေးယူပြီး ပေးစုပ်လိုက်ပါ။ ဒီနည်းလမ်းနဲ့ဆိုရင် ကလေးတွေဟာ သူတို့အားကိုးလို့ရနိုင်တာ သူတို့လိုအပ်တာကို ဖြည့်ဆည်းပေးနိုင်တာက အမေတစ်ယောက်တည်းမဟုတ်ဘူးဆိုတာ နားလည်သွားနိုင်ပါလိမ့်မယ်။

ကလေးငယ်တွေကိုနှိပ်ပေးခြင်း ကိုလုပ်ကြည့်ပါ။

ကလေးငယ်တွေဟာ အထိအတွေ့ကိုတုံ့ပြန်နိုင်ကြပြီး သူတို့ကိုချော့မော့ဖို့နဲ့ အနားယူနိုင်စေဖို့ လွယ်ကူတဲ့နည်းလမ်းကတော့ နှိပ်နယ်ပေးခြင်း ပါပဲ။ သင့်ကလေးငယ်က တိတ်ဆိတ်ပြီး ပျော်ရွှင်နေတဲ့အချိန်မှာ (သင်ကဒါကိုလည်း ဇီဇာကြောင်ပြီး ဂျီကျနေတဲ့ကလေးတွေကို လုပ်ပေးချင်မှာမဟုတ်ပါဘူး) သူတို့ရဲ့ခြေထောက်လေးတွေ၊ ဗိုက်ကလေးတွေ၊ လက်မောင်းတွေနဲ့ လည်ပင်းလေးတွေကို၁၀မိနစ် ၁၅မိနစ် ခန့်ညင်ညင်သာသာ ပွတ်ပေးလိုက်ပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။