brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးငယ်များအတွက် အကောင်းဆုံးအသားအရေ ထိန်းသိမ်းနည်းလမ်းညွှန်

အရေပြားကလူ့ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။ အရေပြားထိန်းသိမ်းစောင့်ရှောက်မှုက အရွယ်သုံးပါးစလုံးအတွက် အရေးပါပါတယ်။ ကလေးအရွယ်ကနေစလို့ အသက်အရွယ်ရလာတဲ့အထိ အရေးပြားကိုထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါတယ်။ အရွယ်ရောက်လာတဲ့အခါ ကိုယ့်ဘာသာအရေပြားကိုထိန်းသိမ်းစောင့်ရှောက်နိုင်တယ်ဆိုပေမယ့် ငယ်စဉ်အရွယ်မှာတော့ မိဘတွေကစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်တွေရဲ့ အရေပြားက အရမ်းထိခိုက်လွယ်ပြီး အရမ်းနူးညံ့တာကြောင့်ထိန်းသိမ်းရတာလည်း အလုပ်ပိုပါတယ်။ လူကြီးတွေလိုမျိုး သင့်တော်ရာ အဆင်ပြေရာ အသားရေထိန်းသိမ်းခြင်းပစ္စည်းတွေသုံးတာမျိုးမရဘဲ ထိခိုက်လွယ်တဲ့အသားလေးကို နူးနူးညံ့ညံ့နဲ့ ဂရုစိုက်ကြင်နာပေးဖို့လိုအပ်ပါတယ်။ ဒီအတွက် အခက်အခဲတွေ့နေတဲ့ မိဘတွေအတွက် ကလေးငယ်ရဲ့အသားအရည်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

ကလေးငယ်များအတွက် အကောင်းဆုံးအသားအရေ ထိန်းသိမ်းနည်းလမ်းညွှန်

ကလေးကိုဘယ်လိုရေချိုးပေးမလဲ

ကလေးငယ်လေးတွေရဲ့ အရေပြားက လူကြီးတွေထက် အဆ ၃၀လောက်ပိုပါးပါတယ်။ ဆပ်ပြာတွေ၊အသားအရေအတွက်သုံးတဲ့ပစ္စည်းတွေကြောင့်ထိခိုက်မှုကလည်း ပိုများပါတယ်။ အထူးသဖြင့်မွေးကင်းစကလေးငယ်တွေရဲ့ အသားအရေက ထိခိုက်မှုဒဏ်ကိုခံနိုင်ရည်တော်တော်လေးနည်းပါတယ်။ ဒါကြောင့်မွေးကင်းစ ကလေးငယ်တွေကိုရေချိုးပေးတဲ့အခါ ရိုးရိုးရေသန့်သန့်လေးနဲ့ ချိုးပေးတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကလေးငယ်က ၂ လသားလောက်ရောက်လာပြီဆိုရင်တော့ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အပျော့စားဆပ်ပြာရည်လေးနဲ့ချိုးပေးလို့ရပါပြီ။ရေချိုးတဲ့အခါမှာလည်း တစ်ပတ်ကို ၃ ကြိမ်လောက်နဲ့ အချိန် ၃ မိနစ်ကနေ ၅ မိနစ်လောက်အထိပဲချိုးပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကလေးအတွက် ဆပ်ပြာရည်ဝယ်ယူတဲ့အခါသေသေချာချာစစ်ဆေးဖို့လိုအပ်သလို တတ်သိနားလည်တဲ့သူနဲ့တိုင်ပင်သင့်ပါတယ်။

အစိုဓါတ်ထိန်းခရင်မ်လူးပေးပါ

ကလေးငယ်ကိုရေချိုးပြီးတဲ့အခါ အသားအရေခြောက်သွေ့တာမျိုးမဖြစ်စေဖို့အတွက် အစိုဓါတ်ထိန်းခရင်မ်တစ်ခုခုလူးပေးရပါမယ်။ ကလေးတွေအတွက်သီးသန့်ထုတ်ထားတဲ့အစိုဓါတ်ထိန်းခရင်မ်မျိုးကိုဆိုလိုချင်တာပါ။ အစိုဓါတ်ထိန်းခရင်မ်ကိုရေချိုးပြီးပြီးချင်းလူးပေးတာကအကောင်းဆုံးပါ။

နေရောင်ထဲထွက်တဲ့အခါ ကလေးကိုနေလောင်ကာခရင်မ်လူးပေးပါ

ကလေးငယ်ရဲ့အသားအရေက အရမ်းကိုထိခိုက်လွယ်တာကြောင့်နေရောင်နဲ့တိုက်ရိုက်မထိတွေ့စေတာကပိုကောင်းပါတယ်။ ကလေးကိုမွေးကင်းစကနေ ၆ လအတွင်းနေရောင်ထဲထွက်တာမျိုးမလုပ်ရင် အကောင်းဆုံးဖြစ်မှာပါ။ ကလေးကိုနေရောင်ထဲခေါ်သွားမယ်ဆိုရင်လည်း ကလေးတွေအတွက် ထုတ်ထားတဲ့နေလောင်ကာခရမ်လူးပေးပြီးခေါ်သွားတာက အသင့်တော်ဆုံးပါ။ ကလေးကိုနေရောင်ကျတဲ့နေရာမှာပေးဆော့မယ်ဆိုရင်လည်း ဦးထုပ်ဆောင်းပေးတာ၊ အင်္ကျီလက်ရှည်ဝတ်ပေးတာ၊ဘောင်းဘီရှည်ဝတ်ပေးတာမျိုးတွေလုပ်ပေးဖို့လိုပါလိမ့်မယ်။

ကလေးကိုနှိပ်နယ်ပေးပါ

ကလေးကိုနှိပ်ပေးတာကလည်း အရေပြားကျန်းမာစေနိုင်တဲ့နည်းလမ်းတစ်ခုလို့ဆိုရပါမယ်။ ကလေးငယ်ကိုကော်ဇောပေါ်မှာစောင်နုနုလေးခင်းပေးပြီး အခန်းအပူချိန်မှာ မုန်ညှင်းဆီ၊သံလွင်ဆီ ဒါမှမဟုတ် ကလေးနဲ့သင့်တော်မယ့် Baby Oil တစ်ခုခုကိုလိမ်းပေးပြီး ညင်ညင်သာသာလေးနှိပ်ပေးမယ်ဆိုရင် ကလေးကိုအိပ်ပျော်စေမှာဖြစ်သလို ကိုယ်ခံအားတိုးမြင့်စေပြီးရောဂါတွေကိုတိုက်ထုတ်နိုင်အောင်လည်း အထောက်အကူပြုပေးမှာဖြစ်ပါတယ်။ ဒါ့အပြင်အသားအရေအတွက် လိုအပ်တဲ့အာဟာရဓါတ်တွေကိုလည်းရရှိစေမှာဖြစ်ပါတယ်။

ကလေးကို သေးခံလဲပေးဖို့မမေ့ပါနဲ့

စိုရွှဲနေတဲ့ ကလေးငယ်ရဲ့သေးခံတွေက ကလေးရဲ့အရေပြားကိုထိခိုက်စေနိုင်ပါတယ်။ ညစ်ပေနေတဲ့သေးခံတွေကိုမလဲပေးမိပြီးအချိန်အကြာကြီးထားမိမယ်ဆိုရင် ကလေးငယ်မှာသေးခံလောင်တာမျိုးဖြစ်နိုင်ပါတယ်။ ကလေးသေးခံမှာညစ်ပေနေတာတွေ့တာနဲ့ ချက်ချင်းလဲပေး တာကအကောင်းဆုံးပါ။ ကလေးကိုသေးခံအသစ်လဲခါနီးသန့်စင်တဲ့အခါမှာလည်း ရနံ့လုံးဝမပါတဲ့ သန့်စင်ရည်ကိုအသုံးပြုပေးပါ။ တစ်သျှူးအစိုသုံးတာမျိုးမလုပ်ပါနဲ့။ အချို့တစ်သျှူးအစိုတွေက အယ်လ်ကိုဟောပါဝင်တာကြောင့် ကလေးအသားအရေကိုခြောက်သွေ့ယားယံတာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ ကလေးကိုသေးခံအသစ်လဲပေးခါနီးတိုင်း ကလေးအရေပြားကိုခြောက်သွေ့အောင် ဂွမ်းစနုနုလေး ဒါမှမဟုတ် အဝတ်စနုနုလေးနဲ့ သုတ်ပေးဖို့လည်းမမေ့ပါနဲ့။ ဒီလိုသုတ်ပေးပြီးတဲ့အခါပေါင်ဒါမသုံးဘဲprotective nappy cream ထူထူလေးလူးပေးပါ။သေးခံလောင်တာက ပုံမှန်ဆို ၃ ရက်လောက်ကြာရင်ပျောက်သွားတတ်တာကြောင့် ဆရာဝန်နဲ့ပြဖို့မလိုဘူးဆိုပေမယ့်သေးခံလောင်တာကနေတဆင့် ကလေးမှာ အရေပြားပိုးဝင်တာ၊ မှိုပိုးကူးစက်တာတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုပါလိမ့်မယ်။

အပျော့စား အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကိုရွေးချယ်အသုံးပြုပေးပါ

ကလေးတွေအတွက် အထူးသီးသန့်ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေကိုရွေးချယ်အသုံပြုပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ခေါင်းလျှော်ရည်ဆိုရင်လည်း အနံ့လုံးဝမပါဘဲ ကလေးကိုမျက်စိမစပ်စေမယ့်ခေါင်းလျှော်ရည်မျိုး၊ရေချိုးဆပ်ပြာဆိုရင်လည်း ရနံ့လုံးဝမပါတာမျိုး၊ Lotion ဆိုရင်လည်း သဘာဝအဆီတွေကိုအခြေခံထုတ်ထားတဲ့ အရာမျိုးကိုရွေးချယ်အသုံးပြုပေးဖို့လိုပါလိမ့်မယ်။

အရေပြားကိုအစိုဓါတ်ထိန်းပေးနိုင်တဲ့ Lotion မျိုးက ကလေးငယ်တွေအရေပြားထိန်းသိမ်းဖို့အတွက် ပိုပြီးထိရောက်ပါလိမ့်မယ်။ ပိုပြီးထူထူလူးပေးလေလေ ကလေးအသားအရေနူးညံ့စေလေလေပါပဲ။ရေချိုးပေးတဲ့အခါမျိုးမှာလည်း အမွှေးနံ့များလွန်းတာ၊ ပိုးသေစေနိုင်တယ်ဆိုတဲ့ ဆပ်ပြာမျိုးတွေမသုံးပါနဲ့။ ကလေးအရေပြားကိုထိခိုက်စေနိုင်တာကြောင့်ပါ။ ကလေးဆပ်ပြာကတော့အကောင်းဆုံးရွေးချယ်မှုပါပဲ။

ရာသီဥတုအခြေအနေကိုလည်း မပြတ်လေ့လာပေးပါ

ကလေးငယ်ငယ်လေးတွေကိုနေရောင်နဲ့ အရမ်းထိတွေ့စေတာမျိုးက မကောင်းပါဘူး။ မဖြစ်မနေ နေရောင်ထဲခေါ်သွားဖို့လိုမယ်ဆိုရင်တော့ SPF 30 ပါတဲ့ကလေးတွေအတွက် ထုတ်ထားတဲ့နေလောင်ကာခရမ်လူးပေးဖို့မမေ့ပါနဲ့။နေရောင်ထဲမထွက်ခင် နာရီဝက်လောက်ကြိုပြီး ကလေးငယ်ကိုနေလောင်ကာခရင်မ်လူးပေးထားပါ။ ကလေးတွေရဲ့ ချွေးဂလင်းလေးတွေကကောင်းကောင်းမဖွံ့ဖြိုးသေးတာကြောင့်နေရောင်နဲ့ထိတွေ့မှုက ကလေးမှာ မိတ်ထွက်စေနိုင်ပါတယ်။ ဒါကြောင့်နေရောင်ထဲသွားတဲ့အခါ ကလေးငယ်ကို ချည်ထည်လက်ရှည်ပွပွလေးတွေဝတ်ပေးတာ၊ ချည်သားဘောင်းဘီပွပွလေးတွေဝတ်ပေးတာ၊ ဦးထုပ်ဆောင်းပေးတာမျိုးလုပ်ပေးဖို့လိုပါလိမ့်မယ်။

ဆောင်းရာသီမျာဆိုရင်တော့ခြောက်သွေ့တဲ့ရာသီတုက ကလေးအရေပြားကိုတော်တော်လေးထိခိုက်စေနိုင်ပါတယ်။ ကလေးကိုအစိုဓါတ်ရရှိအောင်လုပ်ပေးဖို့လိုပါလိမ့်မယ်။ ကလေးကိုရေဓါတ်ည့်ဝနေစေဖို့လည်း ဂရုစိုက်ဖို့လိုပါလိမ့်မယ်။ခြောက်သွေ့အေးမြတဲ့ရာသီဥတုအခြေအနေမျိုးမှာ ကလေးအရေပြားကို အဆီဓါတ်ပါဝင်တဲ့ Baby Oilလေးတွေလူးပေးရင်လည်းအဆင်ပြေပါတယ်။

အဝတ်အစားတွေလျှော်ဖွတ်တဲ့အခါ အပြင်းစားဆပ်ပြာမှုန့်တွေမသုံးပါနဲ့

အချို့ဆပ်ပြာမှုန့်တွေက အစွန်းအထင်းတွေကျွတ်စေတယ်ဆိုပေမယ့် ဓါတုပစ္စည်းတွေအများအပြားပါဝင်နေတတ်ပါတယ်။ ဒီလိုမျိုး ဆပ်ပြာမှုန့်တွေနဲ့ ကလေးအဝတ်တွေကိုစိမ်ပြီးလျှော်မယ်ဆိုရင် ကလေးအရေပြားမှာခြောက်သွေ့ယားယံတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးရဲ့ အဝတ်တွေတင်မဟုတ်ဘဲ ကလေးရဲ့စောင်တွေ၊ရေသုတ်တဘက်တွေနဲ့ အခြားအသုံးအဆောင်တွေကိုလည်း ဆပ်ပြာအပြင်းစားတွေသုံးပြီးမလျှော်သင့်ပါဘူး။

နောက်တစ်ခုကတော့ မဲနယ်ပါ။ အဖြူလေးတွေဆိုမဲနယ်စိမ်မှလှတယ်လို့ထင်တတ်ကြပါတယ်။ ကလေးအနှီးတွေကို မဲနယ်အရမ်းစိမ်မယ်ဆိုရင်တော့ ကလေးအရေပြားကိုထိခိုက်တာမျိုးဖြစ်စေနိုင်ပါတယ်။ဖြစ်နိုင်ရင် ကလေးအနှီးတွေ၊ အဝတ်အစားတွေကို မဲနယ်မစိမ်ပါနဲ့။

ဒီနည်းလေးတွေအတိုင်းလိုက်လုပ်ကြည့်ပြီး သားသားမီးမီးလေးတွေကို ကျန်းမာတဲ့အရေပြားပိုင်ဆိုင်နိုင်အောင်လုပ်ဆောင်ပေးနိုင်ကြပါစေကြောင်း။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။