ဝမ်းနဲ့လွယ်ပြီးမွေးထားတဲ့သားသမီးလေးတွေကို အကောင်းဆုံးသောအရာတွေပဲပေးချင်တာကမေမေတိုင်းရဲ့ ဆန္ဒပါ။ ဒီတစ်ခေါက်တော့ဘေဘီလေးတိုင်းရဲ့ ကျန်းမာသန့်ရှင်းရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းလေးတစ်ခုအကြောင်းပြောပြပေးချင်ပါတယ်။ ဒါကတော့ဘေဘီလေးကို အနံ့အသက်ကင်းစေဖို့ရော အပြင်သွားတဲ့အခါ စမတ်ကျကျနဲ့ ရှိုးထုတ်နိုင်စေဖို့အတွက်ပါ အသုံးတည့်မယ့် ပစ္စည်းလေးပါ။ ဒါကတော့ ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ကိုယ်တိုင် ဂရုစိုက်နိုင်ဖို့ခက်ခဲတဲ့ဘေဘီလေးတိုင်းအတွက်လိုအပ်တဲ့ဘေဘီ Diaper ( သေးခံ) ပါ။
ဘေဘီလေးအတွက်သေးခံရွေးချယ်တဲ့အခါ ဘယ်အချက်တွေကို စဉ်းစားဖို့လိုမလဲ………….
ဘေဘီလေးတွေက ထိခိုက်လွယ်သလို အသားအရေကလည်း နူးညံ့လွန်းပါတယ်။ ဒါကြောင့် သူတို့လေးတွေအတွက်သေးခံရွေးချယ်တဲ့အခါ အစစအရာရာကို သတိထားဖို့လိုမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါ။ ဒီတော့ဘေဘီလေးတို့အတွက်သေးခံရွေးတော့မယ်ဆိုရင်ဈေးနှုန်းကို အဓိက မထားဘဲ ဒီအချက်တွေကို ဂရုစိုက်ပေးဖို့လိုပါမယ်နော်မေမေတို့ရေ………
ကလိုရင်းပါဝင်မှုမရှိကြောင်းထောက်ခံချက်ရရှိထားတာ – ကလိုရင်းပါဝင်နေတဲ့သေးခံတွေမှာDioxin လို့ခေါ်တဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓါတုပစ္စည်းတစ်မျိုးပါဝင်နေတတ်တာကြောင့်ဘေဘီလေးတွေနဲ့မသင့်တော်တာအမှန်ပါ။ ဒါကြောင့်ဘေဘီလေးကို ထိခိုက်မှုမဖြစ်စေဖို့အတွက်သေးခံကိုရွေးချယ်တဲ့အခါ ကလိုရင်း ပါဝင်မှုကင်းတယ်ဆိုတဲ့ထောက်ခံချက်ရရှိထားလားဆိုတာကိုသေချာဂရုစိုက်စေချင်ပါတယ်။
အမွှေးနံ့မပါတာ – အမွှေးနံ့တွေက ကလေးကို မလိုအပ်ဘဲ ဓါတ်မတည့်မှြုဖစ်စေနိုင်ပါတယ်။သေးခံက အနံ့အသက်ဆိုးထွက်မှာကို စိုးရိမ်တာကြောင့် အမွှေးနံ့ပါတာကို ဝယ်ယူတာကဘေဘီလေးရဲ့ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အမွှေးနံ့ပါတဲ့သေးခံကိုရှောင်သင့်သလိုသေးခံလဲလှယ်တဲ့အခါပေါင်ဒါလိုမျိုး အမွှေးနံ့ပါတဲ့ အရာတွေကို အသုံးပြုမှုကနေရှောင်ဖို့လိုပါမယ်။
ဆိုးဆေးမပါတာကိုရွေးပါ -ဘေဘီလေးအတွက် အကောင်းဆုံးသေးခံတစ်ခုဖြစ်ဖို့က အရောင်အဆင်းလှဖို့မလိုအပ်ပါဘူး။ အဖြူထည်ဖြစ်လေလေ ပိုကောင်းလေလေပါ။ ဆိုးဆေးတွေကိုမလိုအပ်ဘဲဘေဘီလေးကို ဓါတ်မတည့်တာမျိုးဖြစ်စေနိုင်တာကြောင့်ဘေဘီလေးအတွက်သေးခံရွေးတဲ့အခါ အရောင်မပါတာက အကောင်းဆုံးဖြစ်မှာပါ။
Super Absorbent Polymer ကိုရွေးပါ –ဒီအချက်ကတော့သေချာလေးဂရုစိုက်ရမှာပါ။သေးခံတော်တော်များများမှာSuper Absorbent polymer (SAP) ကမပါမဖြစ်ပါဝင်နေတတ်တာကြောင့်ပါ။Super Absorbent polymer (SAP) ပါဝင်နေတဲ့သေးခံတွေကစုပ်ယူမှုအားကောင်းပြီးဘေဘီလေးကိုခြောက်သွေ့နေစေဖို့အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
ချည်သားနဲ့လုပ်ထားတဲ့ သေးခံကိုရွေးချယ်ပါ – ကလေးကို မလိုအပ်ဘဲ အရေပြားပွန်းပဲ့ထိခိုက်တာ၊ ပိုးဝင်တာမျိုးတွေမဖြစ်စေဖို့အတွက် အကောင်းဆုံးကတော့ စုပ်ယူမှုကောင်းပြီး ထိခိုက်မှုမဖြစ်နိုင်တဲ့ ချည်သားသေးခံကိုရွေးချယ်တာက အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့်ဘေဘီလေးအတွက်သေးခံရွေးတဲ့အခါ ချည်သားစစ်စစ်နဲ့လုပ်ထားတဲ့သေးခံကိုရွေးစေချင်ပါတယ်။
ဘေဘီလေးကိုသေးခံလဲပေးတော့မယ်ဆိုရင်
ဘေဘီလေးကိုသေးခံလဲပေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားသင့်ပါတယ်။
ဒါတွေသတိထားပါ
သေးခံလဲပေးတဲ့နေရာ သတ်သတ်မှတ်မှတ်ထားပေးပါ – ဒီလိုလုပ်ပေးတာကရောဂါပိုးမွှားတွေ ကူးစက်ခံရနိုင်ခြေကို ထိထိရောက်ရောက်ကာကွယ်ရာရောက်မှာပါ။
သေးခံမလဲခင်နဲ့ လဲပြီးချိန်မှာ လက်ကိုသေချာသန့်စင်ပေးပါ -ဘေဘီလေးကိုသေးခံမလဲပေးခင်နဲ့ သေးခံလဲပေးပြီးချိန်မှာ စက္ကန့် ၃၀ ကြာအောင် လက်ကို သန့်စင်ဆေးကြောပါ။ ဘက်တီးရီးယားတွေပြန့်နှံ့မှုကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာပါ။
အရှေ့ကနေ အနောက်ဘက်ကို ဆွဲယူတဲ့ ပုံစံနဲ့သန့်စင်ပေးပါ –ဆီးလမ်းကြောင်းကိုရောဂါပိုးတွေ မဝင်ရောက်နိုင်စေဖို့အတွက်ဘေဘီလေးကိုသေးခံလဲပေးခါနီးတိုင်းမှာ အရှေ့ကနေအနောက်ဘက်ကို ဆွဲယူတဲ့ ပုံစံနဲ့သန့်စင်ပေးပါ။
သေးခံလဲပေးခါနီးတိုင်းဘေဘီလေးမှာသေးခံလောင်တာရှိ၊မရှိ စစ်ဆေးပါ – ဒါကလည်း သတိထားသင့်တဲ့ အချက်တွေထဲကတစ်ခုပေါ့၊ အသုံးပြုပေးတဲ့သေးခံကြောင့်ဘေဘီလေးမှာ အရေပြားဓါတ်မတည့်မှုဖြစ်နေလား၊သေးခံလောင် နေလားဆိုတာတွေကိုသေချာလေး စစ်ဆေးဖို့လိုပါမယ်။
အများသုံး အိမ်သာမှာဘေဘီလေးကိုသေးခံမလဲပေးပါနဲ့ – အများသုံးအိမ်သာကရောဂါပိုးတွေ အများဆုံးရှိနေတဲ့နေရာပါ။ ဒါကြောင့်ဘေဘီလေးကို မလိုအပ်ဘဲရောဂါပိုးတွေ မကူးစက်စေဖို့အတွက် အများသုံး အိမ်သာမှာဘေဘီလေးကိုသေးခံလဲပေးတာမျိုးမလုပ်ပါနဲ့။
ဒါတွေရှောင်ပါ
အဆင်ပြေသလိုမလုပ်လိုက်ပါနဲ့ -ဘေဘီလေးကိုသေးခံလဲပေးတဲ့အခါ သူ့အတွက် သီးသန့်ထားထားတဲ့ ပစ္စည်းတွေကိုပဲ အသုံးပြုစေချင်ပါတယ်။ အလွယ်တကူ လူကြီးသုံးတဲ့ တစ်ရှုးတွေနဲ့သုံးပေးတာမျိုး၊ လူကြီးအသုံးအဆောင်တွေနဲ့ အလွယ်တကူသန့်စင်ပေးတာမျိုးမလုပ်ပါနဲ့။
ခပ်ကြမ်းကြမ်းပွတ်သုတ်တာမျိုးရှောင်ပါ -ဘေဘီလေးရဲ့ အသားအရေက ထိခိုက်လွယ်ပါတယ်။ ဒါ့ကြောင့်ဘေဘီလေးကိုသေးခံလဲပေးဖို့ သန့်စင်တဲ့အခါ ဂွမ်းစနုနုလေးကိုရေနွေးနွေးလေးစွတ်လို့ ခပ်ဖွဖွလေးသန့်စင်ပေးတာက အကောင်းဆုံးပါ။ တစ်သျှူးတွေနဲ့ ခပ်ကြမ်းကြမ်းပွတ်သုတ်တာမျိုးမလုပ်ပါနဲ့။
ဆပ်ပြာမသုံးပါနဲ့ -ဘေဘီလေးကို သန့်စင်ပေးတဲ့အခါ ဆပ်ပြာသုံးတာမျိုးမလုပ်ပါနဲ့။ ပိုးသတ်ထားတဲ့ wet tissuse ကိုသုံးတာမျိုးဖြစ်ဖြစ် ဂွမ်းစလေးမှာရေနွေးနွေးလေးစွတ်ပြီး သန့်စင်တာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။ ဒီလိုလုပ်ပေးတာကဘေဘီလေးကို အရေပြားဓါတ်မတည့်မှုဖြစ်နိုင်ခြေနည်းစေမှာပါ။
သေးခံကို မကြာခဏလဲလှယ်ပေးပါ -သေးခံကို အကြာကြီးဝတ်ပေးထားတာက ဘက်တီးရီးယားတွေပေါက်ဖွားဖို့ အခွင့်အလမ်းများစေနိုင်ပါတယ်။ ဒါကြောင့်ဘေဘီလေးကို ၂ နာရီ ဒါမှမဟုတ် ၃ နာရီကြာတိုင်းသေးခံလဲလှယ်ပေးပါ။
အခုပြောခဲ့တဲ့အချက်လေးတွေကို သတိထားလို့ဘေဘီလေးအတွက် ကျန်းမာရေးနဲ့သင့်တော်တဲ့သေးခံကိုရွေးပေးနိုင်ကြပါစေမေမေတို့ရေ….
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။