ရာသီဥတုအခြေအနေလေးက တဖြည်းဖြည်းအေးလာလို့နေလို့ကောင်းလာတယ်ဆိုပေမယ့်ဘေဘီလေးတွေနှာစေးနှာပိတ်ဖြစ်မှာနေထိုင်မကောင်းဖြစ်မှာကတော့ စိတ်ပူစရာရှိနေပြန်ပါတယ်။ လူတော်တော်များများအတွက် ကဗျာဆန်တဲ့ဆောင်းရာသီက ဘေဘီပေါက်စလေးတွေရဲ့ မေမေဖေဖေတို့အတွက်တော့ စိုးရိမ်တကြီးနဲ့စောင့်ကြည့်ကာလပေါ့။ ရာသီဥတုအေးတာကြောင့် ရင်သွေးလေးကို အရင်ကထက် ပိုဂရုစိုက်မိနေပြီဟုတ်။ ဒီလိုဂရုစိုက်နေတဲ့ကြားကဘေဘီလေးတွေမှာ နှာစေးနှာပိတ်ခံစားရမယ်ဆိုရင် ဒီဆောင်းပါးလေးက သင့်ကို အကူအညီပေးနိုင်မှာပါ။
ကလေးတွေမှာနှာစေးနှာပိတ်ခံစားရရင်
ကလေးငယ်လေးတွေဟာ တခါတလေမှာ ရာသီဥတုအပြောင်းအလဲကြောင့် နှာစေးနှာပိတ်တာမျိုးကိုခံစားရနိုင်ပါတယ်။ ဒီလိုခံစားရနိုင်ခြေကဆောင်းရာသီလိုမျိုးအေးမြနေချိန်မှာ ပိုဖြစ်နိုင်တာပါ။ ကလးကငယ်သေးမယ်ဆိုရင် နှာခေါင်းပိတ်နေတာကို မပြောပြနိုင်သလို နှာခေါင်းပိတ်ဝေဒနာသက်သာလာအောင် ကိုယ်တိုင်လည်း ဘာမှမလုပ်နိုင်သေးပါဘူး။ ဒီတာ့ သူတို့လေးတွေ အဆင်ပြေပြေဖြစ်ဖို့က မိဘတွေမှာ တာဝန်အရှိဆုံးဖြစ်မှာပါ။
ကလေးနှာပိတ်နေတာကို ဘယ်လိုသိနိုင်မှာလဲ
တစ်ခါတလေမှာ ကလေးရဲ့နှာခေါင်းထဲမှာ ချွဲလိုမျိုးအရာတွေကိုတွေ့ရင်တော့ နှာစေးနှာပိတ်နေပြီဆိုတာကို အလွယ်တကူသိနိုင်တာပေါ့။ တကယ်လို့ မမြင်ရဘူးဆိုရင်တော့ကလေးရဲ့ အပြုအမူကိုကြည့်ပြီးဆုံးဖြတ်ရတော့မှာပါ။ ကလေးက နို့တိုက်နေချိန်မှာ နို့မစို့ဘဲ ပါးစပ်ကနေနို့ကိုဖြုတ်မယ် ဒါမှမဟုတ်နို့ဗူးကို တွန်းဖယ်မယ်ဆိုရင် နှာခေါင်းပိတ်နေတာကြောင့် အသက်ရှုရခက်လို့လုပ်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒီအပြုအမူက ကလေးအနေနဲ့ မဆာတာကြောင့်လုပ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ တကယ်လို့ကလေးက ပါးစပ်ကလေးဖွင့်ပြီး အသက်ရှုနေပြီဆိုရင်တော့ ကလေးအနေနဲ့ နှာခေါင်းပိတ်နေတာကြောင့်ဆိုတာသေချာနေပါပြီ။
ဘေဘီလေးနှာစေးနှာပိတ်သက်သာစေဖို့
ကလေးနှာစေးနှာပိတ်သက်သာစေဖို့ဆိုရင် ကလေးရဲ့အိပ်ခန်း ဒါမှမဟုတ် ကလေးနေတဲ့အခန်းမှာ အစိုဓါတ်ထိန်းစက်လေးဖွင့်ပေးတာမျိုးလုပ်ပေးလို့ရသလို ကလေးကိုရေခပ်နွေးနွေးလေးနဲ့ရေချိုးပေးပြီးရေနွေးငွေ့ရအောင်လုပ်ပေးလို့လည်းရပါတယ်။နောက်ထပ်နည်းလမ်းတွေကတော့ ကလေးကို နှာခေါင်းအစက်ချတဲ့ဆေးသုံးပေးတာဖြစ်ဖြစ် ချွဲတွေစုပ်ထုတ်ပေးတဲ့ကိရိယာကိုသုံးတာမျိုးဖြစ်ဖြစ်လုပ်ပြီး ကလေးရဲ့ နှာခေါင်းထဲမှာ ပိတ်နေတဲ့ ချွဲသလိပ်တွေကိုဖယ်ရှားပေးတာပါ။
နှာခေါင်းအစက်ချဆေးသုံးပြီး ချွဲသလိပ်တွေဖယ်ရှားမယ်ဆိုရင်
- ကလေးကိုပက်လက်အနေအထားနေစေပြီး ကလေးရဲ့ဦးခေါင်းနဲ့ ပခုံးအောက်ဖက်မှာ တဘက်စလေး ဒါမှမဟုတ်စောင်ခပ်ပါးပါးတစ်ထည်ကိုခေါက်ပြီး ခုထားပေးပါ။ပြီးရင်တော့ ကလေးရဲ့ နှာခေါင်းကို လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွလေးကိုင်ပေးပါ။ဆေးအစက်ချရတာလွယ်စေဖို့ပါ။
- နောက်တစ်ဆင့်ကတော့ နှာခေါင်းထဲကိုဆေးရည် ၂ စက် ၃ စက်လောက်ချပြီး စက္ကန့် ၃၀ ကနေ ၆၀လောက်အထိထားပေးပါ
- ပြီးရင်တော့ ကလေးကိုမှောက်လိုက်ပါ။ နှာခေါင်းဝမှာ တစ်သျှူးစလေးခံထားပေးပါ။ နည်းနည်းလေးတစ်သျှူးနဲ့ညှစ်ပေးပါ။ ချွဲသလိပ်တွေကျန်မနေစေဖို့ပါ။
- ကလေးကနှာချေတာ၊ချောင်းဆိုးတာမျိုးဖြစ်နိုင်ပြီး နှာချေချောင်းဆိုးတာနဲ့အတူ ချွဲသလိပ်တွေထွက်လာပါလိမ့်မယ်။
ချွဲစုပ်ထုတ်ပေးတဲ့ကိရိယာကို အသုံးပြုပြီး ချွဲသလိပ်တွေဖယ်ရှားမယ်ဆိုရင်
ကလေးကအရမ်းငယ်သေးရင်တော့မေမေဖေဖေတို့အနေနဲ့ ခံတွင်းကိုသန့်အောင်လုပ်ပြီး စုပ်ထုတ်ပေးလို့ရပါတယ်။ တကယ်လို့ ဒီလိုလုပ်ပေးဖို့ပြဿနာရှိနေမယ်ဆိုရင် ချွဲသလိပ်တွေဖယ်ရှားပေးတဲ့ကိရိယာကို အသုံးပြုပေးလို့ရပါတယ်။ ဒီကိရိယာကို အသုံးပြုမယ်ဆိုရင်တော့
- အရင်ဆုံး ကိရိယာထဲမှာရှိနေတဲ့လေတွေကိုညှစ်ထုတ်လိုက်ပါ
- ပြီးရင်တော့ ကိရိယာရဲ့ အဝလးကိုကလေးရဲ့နှာခေါင်းပေါက်မှာတေ့ထားပေးပါ။ အတွင်းထဲထိထည့်တာမျိုးမလုပ်ပါနဲ့။ နှာခေါင်းအတွင်းဘက်ပိုင်းတွေထိခိုက်မိနိုင်တာကြောင့်ပါ။ပြီးရင် လက်နဲညှစ်ထားတာကိုဖြည်းဖြည်းချင်းလျော့ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးရဲ့ ချွဲတွေကိုဖြည်းဖြည်းချင်းစုပ်ယူပြီးသားဖြစ်သွားစေမှာပါ။
- ချွဲတွေကို တစ်သျှူးအသုံးပြုပြီးဖယ်ရှားပေးလိုက်ပါ။ နောက်တစ်ခေါက်အသုံးမပြုခင်မှာ ကိရိယာကိုသေချာဆေးကြောဖို့ မမေ့ပါနဲ့။
ဒီနည်းလမ်းလေးတွေသုံးပြီးဘေဘီလေးတွေခံစားရတတ်တဲ့ နှာစေးနှာပိတ်ဝေဒနာကိုဖြေရှင်းပေးလိုက်ပါဖေဖေမေမေတို့ရေ…
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။