brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများ ဖန်တီးနိုင်စွမ်းနဲ့ မိမိဖာသာဖော်ပြနိုင်စွမ်းကို မြေတောင်မြှောက်ပေးခြင်း

အများစုရဲ့ ယုံကြည်မှုနဲ့ မကိုက်ညီတာက ဖန်တီးနိုင်စွမ်းဟာ မွေးရာပါစွမ်းရည်ကြောင့်သာ မဟုတ်ဘဲ မိဘများရဲ့ မြေတောင်မြှောက်ပေးခြင်းနဲ့ သင်ယူဖြည့်ဆည်းနိုင်ပါတယ်။ မိမိခံစားမှုကို ဖော်ထုတ်ပြနိုင်စွမ်းဟာလည်း ကလေးများဖွံ့ဖြိုးမှုမှာ အဓိကကျတဲ့အပိုင်း ဖြစ်ပါတယ်။ ဒီအချက်တွေကို ဘယ်လိုပြုစုပျိုးထောင်မယ်ဆိုတာ လေ့လာကြည့်ရအောင်။

ကလေးများ ဖန်တီးနိုင်စွမ်းနဲ့ မိမိဖာသာဖော်ပြနိုင်စွမ်းကို မြေတောင်မြှောက်ပေးခြင်း

တီထွင်ဖန်တီးနိုင်စွမ်း

တီထွင်ဖန်တီးနိုင်ခြင်းဆိုရာမှာ သင်္ချာ၊ သိပ္ပံ၊ လူမှုရေးနဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ကိစ္စတွေအားလုံး အကျုံးဝင်ပါတယ်။ ဖန်တီးနိုင်စွမ်းရှိခြင်းဟာ ကလေးတွေကို ပြသနာဖြေရှင်းနိုင်သူများ၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်သူများ ဖြစ်လာစေပါတယ်။ ဒီအချက်တွေဟာ အောင်မြင်မှုအတွက် သော့ချက်ပါပဲ။

အောက်ပါအချက်တွေကတော့ တီထွင်ဖန်တီးနိုင်စွမ်းကို ပျိုးထောင်ပေးရာမှာ မှတ်သားသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။

လွတ်လပ်မှုပေးပါ

ဒီနေရာမှာ အချိန်နဲ့နေရာကို ဆိုလိုပါတယ်။ အချိန်ဟာ တီထွင်ဖန်တီးနိုင်မှုအတွက် အဓိကကျတဲ့ အချက် ဖြစ်ပါတယ်။ ကလေးတွေကို ရှာဖွေစူးစမ်းဖို့၊ ထိတွေ့မြင်ယောင်ဖို့၊ သူတို့စိတ်ကူးစိတ်သန်းနဲ့ လုပ်ကိုင်နိုင်ဖို့ အချိန်တခုပေးပါ။ ကစားစရာအသစ်တွေ ပေးတိုင်းမှာ စည်းမျဉ်းအသစ်တွေ မပြောပြဘဲ သူတို့ဖာသာ စူးစမ်းပါစေ။

နေရာဟာလည်း အရေးကြီးပါတယ်။ အနုပညာရှင်တိုင်းဟာ သူတို့ရဲ့ ပြောင်မြောက်တဲ့ လက်ရာတွေကို ဖန်တီးဖို့ လုံလောက်တဲ့နေရာ လိုအပ်ပါတယ်။ ကလေးတွေမှာလည်း ဒီလိုပါပဲ။ လူအများစု ရှုပ်ထွေးတဲ့နေရာနဲ့ စိတ်မညစ်ပါစေနဲ့။ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေ ဖော်ထုတ်ဖို့ နေရာတခု ပေးထားပါ။ ကစားဖို့အခန်းမရှိရင် ထပ်ခိုးနေရာမှာ ပန်းချီဆွဲဖို့၊ အရုပ်များနဲ့ဆော့ဖို့ နေရာဖန်တီး ပေးထားပါ။

အားပေးအားမြှောက်ပါ

ဖန်တီးနိုင်စွမ်းရှိမယ့် ပတ်ဝန်းကျင် တည်ဆောက်ပေးပါ။ ဥပမာ လာမယ့်ကျောင်းပိတ်ရက်မှာ သင့်ကလေး ဘာအစီအစဉ်ရှိလဲဆိုတာ မေးမြန်းပါ။ သူတို့ အရင်က မလုပ်ခဲ့ဖူးတဲ့ စိတ်ကူးသစ်၊ လှုပ်ရှားမှုအသစ်တွေကို အားပေးပါ။ ဘယ်ဟာက အကောင်းဆုံးလဲ၊ ဘာက မဖြစ်နိုင်သလဲ စတာတွေကို လိုက်မဆုံးဖြတ်ပေးပါနဲ့။ အမှားများ၊ ရှုံးနိမ့်မှုများကြုံရခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိကြောင်း သင့်ကလေးသိအောင် လုပ်ပါ။ ရှုံးနိမ့်မှာ ကြောက်သွားရင် သင့်ကလေးဟာ စိတ်ကူးသစ်တွေကို တီထွင်နိုင်မှာ မဟုတ်ပါဘူး။ သင် အရင်က ဘယ်လိုမှားခဲ့ဖူးတယ်ဆိုတာတွေ ပြောပြပါ။

သင့်ကလေးဟာ အမှားလုပ်မိခြင်း၊ ရှုံးနိမ့်ခြင်းကို သိပ်ကြောက်စရာ မလိုကြောင်း သိလာပါလိမ့်မယ်။ သင်ပကလေးဟာ နံရံတွေပေါ်မှာ သူတို့ဖန်တီးထားတဲ့ ရုပ်ပုံတွေ ချိတ်ဆွဲထားတာ၊ မိသားစုဝင်တွေကို ပြသတာ စတဲ့အချက်တွေကို အားပေးရပါမယ်။ ဒါပေမယ့် ဆုပေးတာ သိပ်မလုပ်ပါနဲ့။ ဆုပေးခြင်းဟာ သူတို့ရဲ့ ကိုယ်ပိုင်ဖန်တီးနိုင်မှုတွေကို တဖြည်းဖြည်း လျော့နဲသွားစေပါတယ်။

စိတ်ပိုင်းဆိုင်ရာအား စိန်ခေါ်ခြင်း

ပြသနာတခုကို ဘယ်လိုလမ်းကြောင်းက ချဉ်းကပ်မယ်၊ ဘယ်လိုဖြေရှင်းမယ်ဆိုတာ ဆန်းစစ်ပါ။ ဥပမာ ကလေးဟာ သင်္ချာတပုဒ်တွက်ပြီးသွားရင် တခြားဘယ်နည်းလမ်းသုံး ဖြေရှင်းမလဲဆိုတာ မေးမြန်းပါ။

မိမိခံစားနားလည်မှုကို ဖော်ထုတ်နိုင်ခြင်း

တီထွင်ဖန်တီးနိုင်ခြင်းဟာ အဓိကသော့ချက်ဆိုရင် မိမိခံစားနားလည်မှုကို ဖော်ထုတ်ပြသနိုင်တာဟာ ကြားခံနယ်ပယ်တခု ဖြစ်ပါတယ်။ သင့်ကလေးဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှု၊ အတွေးအခေါ်၊ ဖန်တီးမှု စတာတွေကို ဖော်ပြနိုင်ရပါမယ်။ အနုပညာဆန်တဲ့ ဖော်ထုတ်မှု၊ စိတ်ပျော်ရွှင်မှုဆိုင်ရာ ဖော်ထုတ်မှု၊ တည်ဆောက်ခြင်း ဖော်ထုတ်မှု စသဖြင့် ရှိပါတယ်။

အနုပညာဆန်ဆန် ဖော်ထုတ်မှု

သင့်ကလေးတွေရဲ့ အကောင်းဆုံးဖော်ပြမှု တမျိုး ဖြစ်ပါတယ်။ ဒီအမျိုးအစားအတွက် ပုံဆွဲစရာပစ္စည်းတွေ ဝယ်ပေးထားပါ။ သင့်ကလေးဟာ အံ့သြစရာ စွမ်းရည်တွေ ပြသပြီး သူတို့ ခံစားမှုတွေ၊ အတွေးအခေါ်တွေကို ဖော်ထုတ်ပြပါလိမ့်မယ်။ သင့်ကလေးကို ရုပ်ပုံဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ရေးသားခြင်း စတဲ့နေရာတွေမှာ ခုံမင်နေပါစေ။ နောင်တချိန် ပေါင်းသင်းဆက်ဆံရေး၊ ဖန်တီးမှု၊ စိတ်ပိုင်းဆိုင်ရာ စွမ်းရည် စတာတွေမှာ သိသိသာသာ တိုးတက်လာပါလိမ့်မယ်။

စိတ်ပျော်ရွှင်မှုဆိုင်ရာများ ထုတ်ဖော်ခြင်း

သူငယ်ချင်းများနဲ့ ကစားခြင်း၊ အားကစားအဖွဲ့များ ပါဝင်ကစားခြင်း၊ စိတ်ဝင်စားစရာ လှုပ်ရှားမှုတွေမှာ ပါဝင်ခြင်း စတာတွေဟာ ဒီထုတ်ဖော်ခြင်းကို တိုးတက်စေပါတယ်။ ဒီနေရာကတဆင့် သင့်ကလေးဟာ ပူးပေါင်းဆောင်ရွက်မှု၊ ပေါင်းသင်းဆက်ဆံရေး စတာတွေကို လေ့လာနိုင်တဲ့အပြင် စည်းမျဉ်းတွေကို ဘယ်လို လိုက်နာရမယ်ဆိုတာ၊ တယောက်ကို တယောက် လေးစားမှု ဘယ်လိုပြသရမယ်ဆိုတာ သိလာနိုင်စေပါတယ်။

တည်ဆောက်မှုဖော်ထုတ်ခြင်း

မိမိစိတ်ခံစားနားလည်မှုကို တိုးတက်စေမယ့် နောက်ဆုံးနည်းလမ်းကတော့ တည်ဆောက်ခြင်း ဆိုင်ရာ ကိစ္စတွေပါပဲ။ တည်ဆောက်မှုဆိုင်ရာ ပစ္စည်းတွေဖြစ်တဲ့ အရုပ်အိမ်များ၊ အိမ်ဆောက်တဲ့တုံးများ၊ ကားများ၊ စက်ရုပ်များဟာ ကလေးများရဲ့ ဖတ်တီးတွေးတောမှုကို နှိုးဆွပေးပါတယ်။ တည်ဆောက်မှု လမ်းညွှန်ချက်တွေကို လိုက်ပါလုပ်ဆောင်ရင်းနဲ့ သင့်ကလေးဟာ လမ်းညွှန်ချက်တွေရဲ့ အရေးပါမှုကို သိလာပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/08/2022 ဖြစ်ပါသည်။