အသေးအဖွဲကိစ္စလေးများနှင့် စကားများရန်ဖြစ်ခြင်းသည် ကလေးများကြားတွင် ဖြစ်နေကျဖြစ်သည်။ အချို့အခြေအနေများတွင်တော့ တစ်ယောက်နှင့် တစ်ယောက် တွန်းထိုး၊ ရိုက်ပုတ်၊ ဆွဲဆိတ်ခြင်းလိုမျိုး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းမျိုးအထိ ဖြစ်နိုင်ပါသည်။ မိဘများသည် ကလေးများ၏ အချင်းပွားရန်ဖြစ်သည့် ကိစ္စကို သိပြီဆိုသည်နှင့် ရန်စသော ကလေးကို တောင်းပန်စကား အတင်းဆိုခိုင်းကြသည်။ ကလေးသည် ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ အတင်းအကြပ် တောင်းပန်စေသည်။
Laura Markham သည် ကလေး စိတ်ပညာရှင်တစ်ဦးဖြစ်သည့်အပြင် ငြိမ်းချမ်းသော မိဘနှင့် ပျော်ရွှင်သော မောင်နှမများ၊ ရန်ဖြစ်မှုများကို တားဆီးပြီး ဘဝအတွက် မိတ်ဆွေဘယ်လိုဖွဲ့ရမလဲဆိုသော စာအုပ်ကို ရေးသားသူလည်း ဖြစ်သည်။
ဤကိစ္စနှင့် ပတ်သက်ပြီး သူမက တောင်းပန်စကားဆိုခြင်းသည် ကြင်နာသော စကားလုံးတစ်ခုတော့ အမြဲတမ်းမဟုတ်ပါ ဟု ဆိုသည်။ ပိုအရေးကြီးသောအချက်က ထိုသို့ အတင်းအကြပ် တောင်းပန်ရခြင်းသည် သင့်ကလေးကို အကောင်းထက် အဆိုးသာ ပိုဖြစ်စေသည်။ တောင်းပန်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အမှားကို အမှန်ပြင်ပြီး မတရားမှုကို မှန်ကန်အောင်ပြင်ဆင်ခြင်း ဖြစ်သည်။
သင့်ကလေးသည် သင်တောင်းဆို၍ တစ်ဖက်သားကို တောင်းပန်လိုက်ရသော်လည်း ၎င်းသည် အဓိပ္ပါယ်မရှိပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ပြဿနာကို မဖြေရှင်းနိုင်သလို နှစ်ဦးသားကြား ဆက်ဆံရေးကိုလည်း မပြုပြင်နိုင်ပါ။ မိဘအုပ်ထိန်းမှုအကြောင်း အင်တာဗျူးတစ်ခုတွင် Markham က လူများသည် သူတို့၏ နောင်တကို ဖော်ပြပြီး ဆက်ဆံရေးကို ပြန်ထိန်းသိမ်းဖို့အတွက် တောင်းပန်စကားဆိုကြသည်။
သို့သော် အကယ်၍ လူတစ်ယောက်သည် အဆင်သင့်မဖြစ်သေးခင် တောင်းပန်စကား ပြောဖို့ အတင်းအကြပ် အခိုင်းခံရလျှင် သူ၏ တောင်းပန်မှုသည် ဘာမှ အဓိပ္ပါယ်မရှိပါ။ ၎င်းသည် လူကြီးများ အချစ်ရေးရာ ဆက်ဆံရေးနှင့် ကလေးများ သူငယ်ချင်း၊မောင်နှမကြား ဆက်ဆံရေး နှစ်ခုလုံးအတွက် မှန်ကန်ပါသည်။ ထို့ကြောင့် အတင်းအကြပ် တောင်းပန်ခိုင်းမည့်အစား သင်သည် အခြားသော နည်းလမ်းဖြင့် ပြဿနာကို ဖြေရှင်းသင့်ပါသည်။
ကလေးကို တောင်းပန်ခိုင်းမည့်အစား ဆက်ဆံရေး ချောမွေ့အောင် ကူညီဖို့ အာရုံစိုက်ပါ။
Markham ၏ ပထမ အကြံဉာဏ်က သင့်ကိုယ်သင် စိတ်ရှည်အောင်လုပ်ပါ။ တောင်းပန်ဖို့အတွက် ကလေးကို တောင်းဆိုဖို့ အလျင်မလိုပါနဲ့။ ရန်ဖြစ်သူ ကလေးနှစ်ဦးစလုံးအား တစ်ဦးကို တစ်ဦး ဖြစ်ချင်တာ၊ လိုအပ်တာတွေကို ပြောဆိုခိုင်းပြီး နားထောင်စေခြင်းဖြင့် ဒီ အချင်းများရန်ဖြစ်မှုကို ဖြေရှင်းနိုင်သည်။
ထို့နောက် သင်သည် သင့်ကလေးကို သူတို့၏ သူငယ်ချင်း၊ မောင်နှမတွေ ပြောချင်သည်ကို သင့်ကလေး နားဝင်အောင် ရှင်းလင်းပြောပြပြီး သူတို့၏ ရန်ပွဲကို လေးလေးနက်နက် ဖြေရှင်းပေးပါ။ ထိုအချိန်တွင် သူတို့သည် သူတို့၏ အမှားကို အမှန်တကယ် နားလည်သွားမည်ဖြစ်ကာ တောင်းပန်စကားဆိုရန်ပင် အထူးမလိုအပ်တော့ပါ။
ဒေါသ ပြေပျောက်သည်အထိ စောင့်ပါ။
သင့်ကလေး၏ အသံတွင် ဒေါသသံ ပါနေသည်ကို ခံစားမိနေရချိန်၊ သင့်ကလေး ကိုယ့်ကိုယ်ကို စိတ်မထိန်းနိုင်သေးချိန်တွင် တောင်းပန်စကားဆိုဖို့ ဘယ်သောအခါမှ မခိုင်းပါနဲ့။ မှားသွားပါတယ်လို့ မပြောခင် သူတို့သည် အမှားနှင့် အမှန်ကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်တည်ငြိမ်နေဖို့ လိုအပ်သည်။ စစ်မှန်သော နောင်တ ကသာလျှင် အားလုံးကို စိတ်ချမ်းသာစေတယ်ဆိုတာကို သင်ကြားပေးပါ။
သင့်ကလေး သူငယ်ချင်းကြားဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ဖို့ အားပေးပါ။
သင့်ကလေးသာ တောင်းပန်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုလျှင် ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ နည်းလမ်းများစွာရှိပါတယ်။ ကဒ်ပြားတွင် စာရေးပြီးပေးခြင်း၊ ကျိုးပဲ့သွားသော အရုပ်လေးကို ပြန်ပြင်ပေးခြင်း ကဲ့သို့သော တောင်းပန်သည့် အဓိပ္ပါယ်သက်ရောက်သည့် နည်းလမ်းအချို့ကို သင့်ကလေးအား အကြံဉာဏ်ပေးနိုင်သည်။
သင့်ကလေးသည် ထိုနည်းလမ်းများထဲမှ သူ့ဖာသာ စဉ်းစားရွေးချယ်ပြီး သူကိုယ်တိုင်လုပ်နိုင်ပါသည်။ Markham ၏ အဆိုအရ သင်သည် ကလေးအား “သား/သမီး အကောင်းဆုံးကို ရွေးချယ်လုပ်နိုင်မယ်ဆိုတာ အဖေ/အမေ သိနေတယ်” ဆိုပြီး ပြောပေးခြင်းအားဖြင့် သူတို့၏ စွမ်းဆောင်မှုကို ချီးကျူးသင့်ပါတယ်။
သင်သည် ကလေးအတွက် စံပြကောင်း ဖြစ်ပါစေ။
အကယ်၍ သင်သည် ကလေးကို မှန်ကန်သော အရာများကို သင်ကြားပေးလိုလျှင် သင်ကိုယ်တိုင်အရင်ဆုံး စံပြတစ်ဦး ဖြစ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် သင့်ကလေးသည် အရာရာတိုင်းတွင် သင့်ကို အတုယူနေသော အရွယ် ဖြစ်သောကြောင့်ဖြစ်သည်။
ထို့ကြောင့် အကယ်၍ သင့် တောင်းပန်မှုသည် ရိုးသားမှုမရှိလျှင် သင့်ကလေးသည်လည်း သင့်အကျင့်ဆိုးအတိုင်း လိုက်အတုခိုးလိမ့်မည်။ သို့ဖြစ်၍ သင်အပြုအမှုများကို အမြဲသတိထားပါ။ အထူးသဖြင့် သူတစ်ပါးကို မှားသွားကြောင်း တောင်းပန်တော့မည့် အချိန်မျိုးမှာပေါ့။
Hello health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။