brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေး ရုတ်တရက်သေဆုံးခြင်း ဖြစ်နိုင်ချေတွေကို ဘယ်လိုလျှော့ချမလဲ။

မွေးကင်းစကလေးတစ်ယောက်ရဲ့ ပထမ ၆လတာကာလဟာ မိဘတွေအတွက်တော့ ကလေးရဲ့လက္ခဏာအမျိုးမျိုးကို အမြဲမပြတ်သတိထားပြီး ဂရုစိုက်နေရမယ့် ကာလတွေပါပဲ။ ဒီလိုဂရုကြီးကြီးထားရတဲ့ အကြီးမားဆုံးအကြောင်းရင်းကတော့ ဒီအချိန်ဟာ ၉၀%နဲ့အထက်သော မွေးကင်းစကလေးငယ်ရုတ်တရက်သေဆုံးမှုရောဂါ (SIDS, Sudden Infant Death Syndrome လို့သိကြတဲ့) ဟာ ဒီအချိန်မှာ ဖြစ်လေ့ရှိတာမို့ပါပဲ။

ကလေး ရုတ်တရက်သေဆုံးခြင်း ဖြစ်နိုင်ချေတွေကို ဘယ်လိုလျှော့ချမလဲ။

SIDSဆိုတာဘာလဲ။

  • SIDS ဆိုတာ ကျန်းမာရေးကောင်းနေတယ်ထင်ရတဲ့ ကလေးတစ်ယောက်ဟာ ဘာလက္ခဏာမှမပြဘဲ ရုတ်တရက်သေဆုံးသွားတာမျိုးလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ပိုဆိုးတာကတော့ စမ်းသပ်မှုတွေအကြိမ်ကြိမ်ပြုလုပ်ပြီးတာတောင်မှ ဆရာဝန်တွေဟာ တိကျတဲ့အကြောင်းရင်းကို ရှာမတွေ့နိုင်တာပါပဲ။
  • SIDS ကို အိပ်ရာတွင်းသေဆုံးခြင်း (crib death) လို့လည်းအသိများကြပါတယ်။ အကြောင်းရင်းကတော့ SIDS ကိစ္စအများစုဟာ မွေးကင်းစကလေးတွေရဲ့အိပ်စက်ချိန်အတွင်းမှာ ဖြစ်လေ့ရှိလို့ပါ။ ဒါပေမယ့် SIDS ဟာ နေ့ခင်းအချိန်မှာလည်း ဖြစ်တတ်တယ်ဆိုတာကိုတော့ လူကြီးတွေသိထားသင့်ပါတယ်။

SIDS ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများ

သိပ္ပံပညာရှင်တွေဟာ ကလေးတွေမှာဘာကြောင့် SIDS ဖြစ်ရသလဲဆိုတဲ့ ခိုင်မာတိကျတဲ့အချက်ကိုရှာတွေ့နိုင်ဖို့ကြိုးစားနေကြဆဲပါ။ ဒါပေမယ့် လေ့လာသူအများစုက ဖြစ်နိုင်တယ်လို့ယုံကြည်လက်ခံထားတဲ့ အယူအဆတစ်ခုတော့ရှိပါတယ်။ ဒါကတော့ ကလေးတွေမှာ ရှာမတွေ့သေးတဲ့ရောဂါတစ်ခုခု ဥပမာ မပြည့်စုံတဲ့ သို့မဟုတ် ပုံမှန်မဟုတ်တဲ့ ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်တွေမပါလာတာမျိုးနဲ့ serotonin မရှိတာမျိုး (serotonin ဆိုတာဟာ ကလေးတွေရဲ့ အသက်ရှူခြင်းနဲ့ သွေးလည်ပတ်ခြင်းတေကို မှန်မှန်ကန်ကန်လုပ်ဆောင်ပေးနိုင်ဖို့ တာဝန်ရှိတဲ့ Neurotransmitter တစ်ခုပါ။ )က အဓိကလူသတ်သမားလို့ ယုံကြည်ကြပါတယ်။

SIDS ဖြစ်နိုင်ချေကို ဘယ်လိုလျှော့ချမလဲ။

  • ဒီအခြေအနေတွေကို အပြည့်အဝကာကွယ်မှုတွေလုပ်ပေးနိုင်ဖို့အတွက် SIDS ဖြစ်ရခြင်းရဲ့ တိကျသေချာတဲ့ အကြောင်းရင်းကို မသိရခြင်းဟာ ဆရာဝန်တေအတွက်တော့ စိန်ခေါ်မှုကြီးပါပဲ။ ဒါပေမယ့် ကလေးတွေ SIDS ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ဖို့ မိဘတွေသင်ယူသင့်တဲ့ နည်းလမ်းကောင်းတွေရှိနေပါသေးတယ်။
  • ကလေးကို မှောက်ခုံဘယ်တော့မှပေးမအိပ်ပါနဲ့။

ဒီလိုအိပ်စက်တဲ့ အနေထားဟာ ကလေးတွေအတွက်သာမက အရွယ်ရောက်ပြီးသူတွေအတွက်ပါ အဆိုးဆုံးအနေအထားအဖြစ် လူသိများပါတယ်။ ဒီအနေအထားဟာ အောက်ဆီဂျင်လုံလုံလောက်လောက်မရရှိစေဘဲ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ပိုပြီးထိတွေ့စေတဲ့အပြင် သွေးလည်ပတ်မှုနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေအပေါ် ဖိအားတွေဖန်တီးပေးနိုင်ပါတယ်။

၁၉၉၄ခုနှစ်မှာ American Academy of Pediatrics ဟာ မိဘတွေနဲ့ ကလေးထိန်းတွေက ကလေးငယ်တွေပက်လက်အိပ်ခြင်းကိုအားပေးစေဖို့အတွက် “Back to Sleep” (ပက်လက်အိပ်ခြင်း) ဆိုတဲ့ Campaign တစ်ခုလုပ်ခဲ့ပါတယ်။ ရလဒ်အနေနဲ့တော့ SIDS ဖြစ်နှုန်းဟာ ၆၀%လောက်ထိကို သိသိသာသာထိုးကျသွားပါတော့တယ်။ေ

ချာမွတ်ညီညာပြီး ဘာပစ္စည်းမှမရှိတဲ့ မျက်နှာပြင် (နေရာ)ပေါ်မှာပဲ အိပ်ပျော်နေတဲ့ကလေးကိုထားပါ။

လူကြီးတွေစိတ်ထဲမှာ အန္တရာယ်ကင်းလုံခြုံတယ်လို့ထင်တတ်တဲ့ အရုပ်တွေ၊စောင်တွေ၊ခေါင်းအုံးတွေ၊တစ်သျှူးတွေနဲ့ အခြားသောအိမ်တွင်းသုံးပစ္စည်းတွေဟာ မွေးကင်းစကလေးတေကို ညှစ်သတ်နေသလိုထိ ဖြစ်သွားစေနိုင်ပါတယ်။

ပတ်ဝန်းကျင်မီးခိုးငွေ့၊ဆေးလိပ်ငွေ့တွေနဲ့ အရက်တွေနဲ့ လုံးဝလုံးဝမထိတွေ့ပါစေနဲ့။

ဆိုလိုတာက ကိုယ်ဝန်ဆောင်နေစဉ်ရော မွေးဖွားပြီးစဉ်မှာပါ ဆေးလိပ်သောက်ခြင်းနဲ့ အရက်သောက်ခြင်းတွေမလုပ်ဖို့ပါ။ ဒါ့အပြင် သင့်ကလေးငယ်ရဲ့အနီးတစ်ဝိုက် သို့မဟုတ် သူ့အခန်းထဲမှာ ကလေးမရှိခဲ့ရင်တောင် ဆေးလိပ်သောက်ခြင်းကို ခွင့်မပြုဖို့ပါပဲ။ (သူမရှိပေမယ့် သူ့အခန်းထဲဆေးလိပ်သောက်ခဲ့ရင် ၂ဆင့်ခံဆေးလိပ်သောက်သလိုဖြစ်စေနိုင်ပါတယ်။) ကလေးရဲ့ ခုခံအားစနစ်ဟာ အဆိပ်ရှိဒြပ်ပေါင်းတွေကို ခုခံကာကွယ်နိုင်စွမ်းနည်းလွန်းတာကြောင့် ဆေးလိပ်၊အရက် စတာတွေနဲ့ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် ထိတွေ့နေခြင်းဟာ ကလေးသေဆုံးနိုင်ချေကို သိသိသာသာတိုးမြင့်လာစေပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Wathun Myat Chal · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။