အရိုးအဆစ်တွေ ဘာကြောင့်နာသလဲ
အရိုးအဆစ်နာခြင်းဟာတွေ့ရများတဲ့ ပြဿနာတစ်ခုဖြစ်ပြီးအကြောင်းရင်းများစွာကြောင့် ဖြစ်ပွားနိုင်ပါတယ်။ အောက်ပါအခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်။

၁။ Osteoarthritis ရောဂါ ပိုမိုဆိုးရွားလာခြင်း
အသက်အရွယ်ကြီးသူတွေမှာအရိုးအဆစ်နာခြင်းဟာOsteoarthritis (အသက်ကြီးချိန် ဒဏ်ကြောင့် အရိုးနုပျက်စီးကာအရိုးအဆစ်ရောင်သောရောဂါ) ပိုမိုဆိုးရွားလာတဲ့ လက္ခဏာတစ်ရပ်အနေနဲ့ ပြတတ်ပါတယ်။ အဆစ်တစ်ခုဒါမှမဟုတ် တစ်ခုထက်ပိုပြီးနာနေနိုင်ပါတယ်။ ဒီရောဂါဟာအဆစ်နေရာကအရိုးကိုဖုံးအုပ်ကာကွယ်ထားတဲ့ အလွှာကိုပျက်စီးစေပြီးတစ်သျှူးများကိုရောင်ရမ်းစေတာကြောင့် နာကျင်တောင့်တင်းတဲ့ ဝေဒနာတွေ ခံစားရနိုင်ပါတယ်။ တခါတရံမှာအသက်ငယ်သူတွေပါ ဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်အလေးချိန်များသူတွေနဲ့ ယခင်ကအဆစ်မှာဆိုးဆိုးရွားရွားဒဏ်ရာရဖူးသူတွေမှာ ဖြစ်တတ်ပါတယ်။
၂။ အဆစ်ကိုဖုံးထားသောအလွာရောင်ရမ်းခြင်း
မကြာသေးမီကအဆစ်မှာထိခိုက်ထားဖူးရင် ရုတ်တရက် ပြန်နာလာတာမျိုး ကြုံရနိုင်ပါတယ်။ ဒါဟာအဆစ်နဲ့ ကြွက်သားအရွတ်ကိုဖုံးအုပ်ထားတဲ့ အလွှာပါးလေးဟာရောင်ရမ်းလာတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကိုsynovitisလို့ ခေါ်ပါတယ်။ နီရဲပြီးရောင်ရမ်းနိုင်ပါတယ်။
၃။ ဂေါက်ရောဂါ
အဆစ်ရဲ့ အရေပြားဟာပူပြီးနီရဲပြီးနာကျင်ခြင်းဟာမကြာခဏဖြစ်နေတတ်ရင် ဂေါက်ရောဂါ ဒါမှမဟုတ် ဂေါက်နဲ့ ဆင်တူတဲ့ ရောဂါကြောင့် ဖြစ်ပါတယ်။ ဒီရောဂါဟာယူရစ်အက်ဆစ်တွေ (uric acid)စုပုံလာရင် ဖြစ်တတ်ပါတယ်။ ယူရစ်အက်ဆစ်ကိုကျောက်ကပ်ကသေချာစွာမစွန့်ထုတ်နိုင်ရင် စုပုံလာတတ်ပါတယ်။ အရမ်းများလာရင် အဆစ်ထဲမှာပုံဆောင်ခဲအသွင်နဲ့ ဖွဲ့စည်းသွားပါတယ်။ ဒီပုံဆောင်ခဲတွေဟာအဆစ်ကိုရောင်ရမ်းစေပြီးဆိုးဆိုးရွားရွားနာကျင်စေပါတယ်။ အဆစ်ကို လှုပ်ရှားဖို့တောင် ခက်ခဲပြီးခပ်ငွေ့ငွေ့ဖျားတတ်ပါတယ်။
ဒီရောဂါဟာခြေမကိုပထမဆုံးထိခိုက်ပါတယ်။ ဂေါက်ရောဂါဖြစ်ကြောင်းမှန်ကန်စွာအတည်ပြုနိုင်ဖို့ အရေးကြီးပါတယ်။ ဒါမှ နောက်ပိုင်းနာကျင်ခြင်း၊ မသန်စွမ်းခြင်းကိစ္စတွေအတွက် ကြိုတင်ကုသနိုင်မှာ ဖြစ်ပါတယ်။
ဂေါက်ရောဂါနဲ့ ဆင်တူတဲ့ရောဂါမှာတော့ ကယ်လ်စီယမ် ပုံဆောင်ခဲများအဖြစ် အဆစ်တဝိုက်မှာ ဖြစ်ပေါ်ပါတယ်။ ဂေါက်ရောဂါနဲ့ မတူတာကသူဟာဒူးခေါင်းမှာအရင် စဖြစ်ပါတယ်။
၄။ ဒူးခေါင်းနောက်ဘက် အရိုးနုကိုထိခိုက်ခြင်း
လှေကားအတက်အဆင်းလုပ်စဉ် ဒူးခေါင်းနာတာဆိုးလာရင် ခုံညင်းရိုးထိခိုက်ပျက်စီးတဲ့ရောဂါ ဖြစ်နိုင်ပါတယ်။ သူ့ဆီမှာတော့ နီခြင်းပူခြင်းမရှိပါဘူး။
အကြောင်းရင်းကိုသေချာမသိရပေမယ့် ဒူးခေါင်းကိုအလွန်အကျွံသုံးခြင်းနဲ့ ဆက်စပ်နေပါတယ်။
ဒီရောဂါကိုမိမိဖာသာရေခဲအိပ်ကပ်ခြင်း၊ အရောင်ကျဆေးသောက်ခြင်း၊ အနားယူခြင်းစတာတွေနဲ့ ကုသနိုင်ပါတယ်။
၅။ အဆစ်အတွင်းသွေးယိုခြင်း
ဒူးဆစ်မှာမကြာသေးမီကဒဏ်ရာရဖူးရင် (ဥပမာအရွတ်စုတ်ပြဲခြင်း၊ ဒူးခေါင်းကျိုးခြင်း) အဆစ်ထဲကိုသွေးယိုနိုင်ပါတယ်။ warfarin လိုသွေးကျဲဆေးသောက်နေတဲ့သူတွေမှာပိုဖြစ်နိုင်ပါတယ်။ သူ့လက္ခဏာတွေကတော့ ဒဏ်ရာရပြီးနောက်ပိုင်းဒူးခေါင်းရောင်ရမ်းခြင်း၊ နွေးခြင်း၊ တောင့်တင်းခြင်း၊ သွေးခြည်ဥခြင်းစတာတွေ ဖြစ်ပါတယ်။
၆။ တွေ့ရနည်းတတ်သောအကြောင်းများ
အဆစ်ရုတ်တရက်နာခြင်းသည်အောက်ပါအချက်တွေ ကြောင့်လည်း ဖြစ်တတ်ပါတယ်။
- အရိုးကျိုးခြင်း (ခြေလက်ကျိုးခြင်း၊ ခြေကျင်းဝတ် ကျိုးခြင်း၊ ပေါင်ကျိုးခြင်းစတာတွေ ဖြစ်နိုင်ပါတယ်)
- ရောဂါပိုးဝင်ပြီးနောက်ဖြစ်သောအဆစ်ရောင်ခြင်း (လူငယ်တွေမှာ ဖြစ်တတ်ပါတယ်။)
- ဆိုရီရေးစစ်အရေပြားရောဂါကြောင့် အဆစ်ရောင်ခြင်း။ ဆိုရီရေးစစ်ရောဂါရှိသူများမှာ ၅ဦးအနက် တစ်ဦးခန့် ဖြစ်တတ်ပါတယ်။
- လေးဖက်နာကြောင့် အဆစ်ရောင်ခြင်း။ အဆစ်တစ်ခုမှာစဖြစ်တတ်ပါတယ်။ နာတာပေါ်လိုက်ပျောက်လိုက် ဖြစ်တတ်ပါတယ်။
- ခုံညင်းရွတ်ရောင်သောOsgood-Schlatterရောဂါ။ (ဒူးခေါင်းအောက်ဘက် အရိုးရောင်ပြိးနာတတ်ပါတယ်။)
ရှားရှားပါးပါးတွေ့ရတတ်တာတွေကတော့
- သွေးဆိပ်တက်ပြီးအဆစ်ရောင်ခြင်း။ ဆိုးရွားတဲ့ အခြေအနေဖြစ်ပြီးနာကျင်ခြင်း၊ ပူခြင်း၊ ရောင်ရမ်းခြင်းစတာတွေ ဖြစ်နိုင်ပြီးမလှုပ်ရှားနိုင်တော့ပါဘူး။ တခါတရံဖျားတတ်ပါတယ်။ ဆေးခန်းဖြစ်ဖြစ်၊ အရေးပေါ်ဌာနဖြစ်ဖြစ် ပြသင့်ပါတယ်။
- သွေးမတိတ်သောရောဂါ။ မျိုးရိုးဆက်ခံမှုကြောင့်ဖြစ်တတ်ပြီးသွေးခဲခြင်းကိုခက်ခဲစေပါတယ်။
- ကင်ဆာ
- အရိုးကြေမွပျက်စီးခြင်း။ သွေးမလျှောက်၍ အသားပုပ်ရာမှ ဖြစ်လာတတ်ပါတယ်။
- အဆစ်မကြာခဏလွဲခြင်း
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။