brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Text Neck Syndrome ဆိုတာဘာလဲ

Text Neck Syndrome ဆိုတာက ခုနောက်ပိုင်းခေတ်တွေမှာ အဖြစ်များလာတဲ့ ဝေဒနာ အသစ်အဆန်းတစ်ခုဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ဝန်းကျင်တုန်းကဆိုရင် ဒီလိုရောဂါမျိုးကို ဘယ်သူမှ မကြားဖူးခဲ့ကြပါဘူး။ စမတ်ဖုန်းတွေနဲ့ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာပြီးတဲ့နောက်ပိုင်းမှာမှ အဖြစ်များလာတဲ့ ရောဂါတစ်ခုလို့ ဆိုလို့ရပါတယ်။

Text Neck Syndrome ဆိုတာဘာလဲ

မိုဘိုင်းဖုန်းအသုံးပြုသူတွေအနေနဲ့ ခန္တာကိုယ်ကို ကိုင်းညွှတ်ပြီး စမတ်ဖုန်းမျက်နှာပြင်တွေကို အချိန်ကြာညောင်းစွာ စူးစိုက်ကြည့်ရှုတာကြောင့် ဖြစ်ပေါ်လာတတ်တဲ့ လည်ပင်းရိုးနာကျင်တဲ့ ဝေဒနာတစ်မျိုးကို Text Neck Syndrome လို့ ခေါ်ဆိုတာဖြစ်ပါတယ်။

ဘာကြောင့် Text Neck Syndrome ဖြစ်တာလဲ

လည်ပင်းကို ရှေ့ဘက်ကို လိုအပ်တာထက် ပိုပြီး ငိုက်လိုက်မယ်ဆိုရင် ကျောဘက်မှာရှိတဲ့ လည်ပင်းရိုးပတ်လည်က ကြွက်သားတွေတင်းကျပ်လာတတ်ပြီး နာ့ဗ်ကြောတွေလည်း ထိခိုက်ပျက်ဆီးသွားတတ်ပါတယ်။ ဒီလို လည်ပင်းရိုးကို မူမမှန်တဲ့ အနေအထားနဲ့ အချိန်ကြာမြင့်စွာ အသုံးပြုတဲ့အခါမျိုးမှာ ပြင်းထန်တဲ့ နာကျင်မှုဝေဒနာခံစားရမှာဖြစ်ပြီး ပိုမိုဆိုးရွားလာတဲ့အခြေအနေမျိုးမှာ Text Neck Syndrome ဖြစ်လာမှာဖြစ်ပါတယ်။

ရောဂါလက္ခဏာအနေနဲ့ဆိုရင် နာကျင်မှုတစ်ခုတည်းမဟုတ်ပါဘူး။ အကြောဆွဲတာမျိုး၊ လည်ပင်းကြွက်သားတွေ တင်းကျပ်ပြီး နေရထိုင်ရခက်တာမျိုးတွေလည်းဖြစ်နိုင်ပါတယ်။ ဒီဝေဒနာဟာ အသက်အရွယ်ပေါ်မူတည်ပြီးဖြစ်တတ်တဲ့ ရောဂါဝေဒနာတစ်ခုဖြစ်ပြီး စမတ်ဖုန်းအလွန်အကျွံသုံးစွဲလေ့ရှိတဲ့ လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေမှာ ဖြစ်နိုင်ချေများပြားပါတယ်။

လည်ဂုတ်အနီးတစ်ဝိုက်မှာရှိတဲ့ နာ့ဗ်ကြောတွေ ထုံထိုင်းနာကျင်မှုကြောင့် တစ်ဆက်စပ်တည်းအနေနဲ့ နောက်ကျော၊ ပခုံးနဲ့ လက်မောင်းတွေအထိ ဝေဒနာခံစားရနိုင်ပါတယ်။

Text Neck Syndrome မဖြစ်အောင် ဘယ်လိုနေထိုင်မလဲ

Text Neck Syndrome မဖြစ်စေဖို့ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နည်းလမ်းမျိုးတွေနဲ့ နေထိုင်ပြုမူဖို့ အဓိက လိုအပ်ပါတယ်။

• ဒီဝေဒနာမျိုးတွေဖြစ်ပေါ်မလာဖို့အတွက် စမတ်ဖုန်း မိနစ် ၂၀ ခန့် အသုံးပြုပြီးတိုင်း ခနအနားပေးပြီး လက်မောင်းနဲ့ ပခုံးတွေကို လေ့ကျင့်ခန်း ခနလုပ်ပေးတဲ့အကျင့်မျိုး ထားရှိသင့်ပါတယ်။

• ခေါင်းကို မတ်မတ်ထားပြီး ဖုန်းအသံးပြုတာကလည်း သင့်လျော်မှန်ကန်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဦးခေါင်းကို ၄၅ ဒီဂရီလောက် ရှေ့ကို ကိုင်းညွှတ်လိုက်ရင် လည်ပင်းက မူလဦးခေါင်းရဲ့ အလေးချိန် (၁၀ ပေါင်မှ ၁၂ ပေါင်) ထက် ပေါင် ၄၀ လောက် ပိုပြီးသယ်ဆောင်ထားရတတ်ပြီး ၆၀ ဒီဂရီလောက် ရှေ့ကို ကိုင်းညွှတ်လိုက်မယ်ဆိုရင် ပေါင် ၅၀ လောက်အထိ ဝိတ်ကတိုးလာပါလိမ့်မယ်။ ဒီအချက်တွေဟာ Text Neck Syndrome ဖြစ်ဖို့ တွန်းအားပေးတဲ့ အချက်တွေဖြစ်ပါတယ်။

• ဖုန်းသုံးနေချိန်မှာလည်း ကိုယ်ကို အလွန်အမင်းကိုင်းပြီး ဖုန်းနဲ့မျက်နှာနဲ့ အလွန်အမင်းကပ်ပြီး မသုံးသင့်ပါဘူး။ Text Message ပို့ချိန်တွေ Social Media က Noti တွေကို ဖတ်ရှုတာမျိုးတွေပြုလုပ်ချိန်တွေမှာ ဖုန်းကို သင့်လျော်တဲ့ အကွာအဝေးတစ်ခုမှာ ထားပြီး ဖတ်ရှုသင့်ပါတယ်။ လူတစ်ယောက်ဟာ ခါးကို မတ်မတ်ထားပြီး ဖုန်းကို မျက်နှာနဲ့ အနည်းဆုံး ၁၆ လက်မအကွာမှာ ထားဖို့သင့်ပါတယ်။ လူအများအပြားရဲ့ ပျမ်းမျှ မျက်နှာနဲ့ ဖုန်းအကြားထားရှိတဲ့ အကွာအဝေးဟာ ၈ လက်မဖြစ်ပြီး ဒါဟာ အလွန်အန္တရာယ်များတဲ့ အပြုအမူမျိုးဖြစ်ကာ Text Neck Syndrome ဖြစ်နိုင်ချေမြင့်မားစေပါတယ်။

ယောဂလို လေ့ကျင့်ခန်းမျိုး ပုံမှန်ပြုလုပ်ပေးတာကလည်း လည်ပင်ရိုးနာကျင်မှုဝေဒနာ မခံစားရဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Ye Zon Aung · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။