အရိုးတွေ သန်မာစေရန် ကယ်ဆီယမ်နှင့် ဗီတာမင်ဒီတို့ လိုအပ်တယ်ဆိုတာကို လူတိုင်းသိကြပါလိမ့်မယ်။ ဒီအာဟာရဓာတ်တွေအပြင် ဗီတာမင်စီ၊ ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်တို့ကလည်း အရိုးတွေရဲ့ သိပ်သည်းဆကို အားဖြည့်ပေးနိုင်ပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ အရိုးတွေ သန်မာလိုသူတိုင်း စားပေးသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးလိုက်ပါတယ်။
အရိုးပွခြင်းကို ကာကွယ်ပေးမယ့် Super Foodများ
အရိုးပွခြင်းကို ကာကွယ်ပေးမယ့် Super Foodများ ကတော့
(၁) အစိမ်းရင့်ရောင်အရွက်များ
နို့ထွက်ပစ္စည်းတွေမှာပဲ ကယ်ဆီယမ်ကြွယ်ဝတယ်လို့ ထင်နေရင် မှားသွားပါလိမ့်မယ်။ ကိုက်လန်၊ ဂေါ်ဖီထုပ်စတဲ့ အစိမ်းရင့်ရောင်အရွက်အများစုမှာလည်း ကယ်ဆီယမ်ဓာတ် ကြွယ်ဝပါတယ်။ ဒါ့အပြင် ဗီတာမင်ကေလည်း ပါဝင်သေးတာမို့ ပုံမှန်စားပေးခြင်းဖြင့် အရိုးပွရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
(၂) အာလူး
အရိုးတွေ ကျန်းမာရေးအတွက် မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်တွေကလည်း အားဖြည့်ကူညီပေးပါသေးတယ်။ မဂ္ဂနီဆီယမ်ဓာတ်နည်းပါးနေပါက ဗီတာမင်ဒီကိုပါ မမျှမတဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် အရိုးထဲကနေ ကယ်ဆီယမ်ဓာတ်တွေကို စစ်ထုတ်ပစ်နိုင်တဲ့ အက်ဆစ်တွေကိုလည်း ပိုတက်ဆီယမ်ကချေဖျက်ပေးပါသေးတယ်။ အာလူးနှင့် ကန်စွန်းဥတွေဟာဆိုရင် မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ်ဓာတ်နှစ်မျိူးလုံး ကြွယ်ဝစွာ ပါဝင်တဲ့အတွက် မကြာခဏစားပေးသင့်ပါတယ်။
(၃) ချဉ်သောအသီးများ
ချဉ်သောအသီးများတွင်ပါဝင်သော ဗီတာမင်စီဟာဆိုရင် အရိုးတွေ နှင့် အရိုးနုတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကော်လဂျင်ကို ထုတ်လုပ်ရာမှာ မရှိမဖြစ်အရေးပါတဲ့အတွက် အရိုးကိုအားကောင်းစေပါတယ်။
(၄) ငါး
အဆီပါသောငါးများတွင် ကြွယ်ဝစွာပါရှိသော ဗီတာမင်ဒီဟာ လူတွေရဲ့ခန္ဓာကိုယ်ကနေ ကယ်ဆီယမ်ကို ကောင်းကောင်းအသုံးပြုနိုင်ဖို့ ကူညီပေးပါတယ်။ ဒီငါးတွေမှာပါတဲ့ အိုမီဂါ3ဟာလည်း အရိုးအဆစ်တွေကို အားဖြည့်ပေးပါသေးတယ်။
ဆယ်မွန်ငါးမှာဆိုရင် ပိုတက်ဆီယမ်ဓာတ်လည်း ကြွယ်ဝတာမို့ အရိုးတွေ အားကောင်းလိုသူတွေ စားပေးသင့်ပါတယ်။
(၅) သစ်အယ်စေ့
ကယ်ဆီယမ်နှင့် ပိုတက်ဆီယမ် ကြွယ်ဝပြီး အခြား အာဟာရဓာတ်တွေလည်း ပါရှိပါတယ်။ ဒါကြောင့် နေ့စဉ် လက်တစ်ဆုပ်စာ ခန့်ကို သရေစာသဘောမျိူး စားသုံးပေးသင့်ပါတယ်။
(၆) အာဟာရဓာတ်များ ဖြည့်စွက်ထားသော အစားအစာများ
ပဲနို့၊ လိမ္မော်ရည်၊ Oatmeal၊ ပေါင်မုန့်စတဲ့ ကယ်ဆီယမ်နှင့် ဗီတာမင် ဒီတို့ ထပ်မံဖြည့်စွက်ထားသော အစားအစာတွေကိုလည်း စားပေးနိုင်ပါတယ်။
အရိုးတွေ သန်မာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် စားသုံးသော အစားအစာတွေကလည်း တစ်ထောင့်တစ်နေရာကနေ အားဖြည့်ပေးနိုင်တာ ကံကောင်းတဲ့အချက်ပါပဲ။အမျိူးသမီးများအနေနှင့် အသက်၅၀အထက်သို့ ရောက်ရှိလာပြီ ဆိုတာနှင့် ဆရာဝန်နှင့် တိုင်ပင်ပြီး ကြိုတင် ကာကွယ်မှုများကို ပြုလုပ်ထားသင့်ပါတယ်။အရိုးတွေ ကြံ့ခိုင်သန်မာခြင်းဟာ သင့်တစ်ကိုယ်လုံး ကျန်းမာရေးကိုလည်း အထောက်အကူ ပြုတာမို့ အလေးထား ဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ရေးသားသူ – Dr Rose

















