backup og meta

ရာသီဥတုအေးတဲ့အခါ၊ မိုးရွာတဲ့အခါ အဆစ်အမြစ်တွေ ပိုကိုက်လာနိုင်သလား

မိုးရွာတာနဲ့ ဘာလို့များ အဆစ်အမြစ်တွေ ပိုကိုက်လာရတာလဲ။ ရာသီဥတုအေးတာနဲ့ ဘာလို့များ တဆစ်ဆစ်နာကျင်လာရတာလဲ။ ကိုယ်တိုင်မဟုတ်ပေမယ့်လည်း ကိုယ့်အဖိုးအဖွားတွေ၊ အဖေအမေတွေ ရာသီဥတုကြောင့် အဆစ်အမြစ်တွေကိုက်ခဲရတာကို ပြောနေတဲ့အချိန်တိုင်း ဘာမှလည်းမဆိုင်လောက်ပါဘူး တွေးနေမိလား။

ရာသီဥတုအေးတဲ့အခါ၊ မိုးရွာတဲ့အခါ အဆစ်အမြစ်တွေ ပိုကိုက်လာနိုင်သလား

ဒါဟာ တကယ်မှဟုတ်ရဲ့လား။

အရင်တုန်းကတော့ ဒီအကြောင်းအရာတွေဟာ ဘယ်လိုမှ ဆက်စပ်မှုမရှိဘူးလို့ ထင်ခဲ့ကြတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကြောင့်သာ ဒီလိုမျိုးတွေ ဖြစ်နေတာလို့ သတ်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် စနစ်တကျသုတေသနပြုပြီးတဲ့နောက်မှာတော့ ဒီအယူအဆတွေက မှန်သင့်သလောက် မှန်ကန်တယ်ဆိုတဲ့အကြောင်းသိလာရတယ်။

မိုးမရွာခင်မှာကို အဆစ်အမြစ်တွေစနာလာတာဖြစ်နိုင်ပါတယ်။ တချို့အဖိုးအဖွားတွေမိုးမရွာခင်ကတည်းက မိုးရွာတော့မယ်ဆိုတာကို ကြိုသိနေတာမျိုးတောင်ဖြစ်ကြပါသေးတယ်။ ဘာကြောင့်ဆိုတဲ့အကြောင်း အတိအကျကြီး သက်သေမပြနိုင်သေးပေမယ့် ဒီလိုကြိုသိမှုတွေက အမှားတွေတော့မဟုတ်ပါဘူး။

လေထုဖိအားပြောင်းလဲမှုက တရားခံ။

ဖြစ်နိုင်ခြေအရှိဆုံးသီအိုရီတစ်ခုကတော့ လေထုဖိအား ပြောင်းလဲခြင်းပါ။ အဆစ်အမြစ်တွေကို အသားတစ်ရှူးတွေက ဝန်းရံထားတယ်။ ဒီအသားတစ်ရှူးတွေကို ကျစ်ကျစ်လစ်လစ်နဲ့ သူ့အတိုင်းရှိနေအောင်၊ အဆစ်အမြစ်တွေကို သွားပြီး ဖိမိမနေအောင် ပြင်ပမှာရှိတဲ့ လေထုဖိအားက ဖိအားပေးထိန်းချုပ်ထားတယ်။ ဒါပေမယ့် ရာသီဥတုအေးတဲ့အချိန်၊ မိုးမရွာခင်အချိန်တွေမှာ ပြင်ပမှာရှိတဲ့ လေထုဖိအားက ကျဆင်းသွားတယ်။ လေထုဖိအား ကျဆင်းသွားတဲ့နောက်မှာ တစ်ရှူးတွေကို ဖိအားပေးပြီး မထိန်းထားနိုင်တော့ဘူး။ ဒီတော့ တစ်ရှူးတွေကဖောင်းလာတယ်။ အဲဒါက အဆစ်အမြစ်တွေကို ဖိသလိုဖြစ်ပြီး ကိုက်ခဲမှုတွေစဖြစ်တော့တာပဲ။

ဒီလိုလေထုအပြောင်းအလဲနဲ့ အဆစ်အမြစ်တွေအပေါ်ကို သက်ရောက်မှုက တကယ်တမ်းတော့ အရမ်းသေးငယ်ပါတယ်။ သာမန်လူတွေအတွက်ဆိုရင် ဘယ်လိုမှ မသိသာနိုင်တဲ့အရာတစ်ခုပေါ့။ ဒါပေမယ့် နဂိုအဆစ်အမြစ်ကိုက်ခဲတတ်တဲ့အခံရှိသူတွေအတွက်ကတော့ အာရုံကြောတွေက အရမ်း အာရုံခံစားမှုအားကောင်းနေတော့ ဒီအနည်းငယ်ပမာဏလေးကတောင် သိသာထင်ရှားတဲ့ နာကျင်ခံစားမှုတွေကိုဖြစ်စေပါတယ်။

ဘယ်လိုဖြေရှင်းကြမလဲ။

ပြဿနာကိုသိပြီဆိုတော့ ဖြေရှင်းတဲ့နည်းလမ်းတွေလည်းရှိရမှာပေါ့။ ရာသီဥတုအေးလို့၊ မိုးရွာလို့ အဆစ်အမြစ်ကိုက်သူတွေအတွက် ဒီနည်းလမ်းတွေကို ကျင့်သုံးကြည့်လို့ရပါတယ်။

၁။ နွေးနွေးထွေးထွေးနေပါ။

စောင်ထူထူခြုံပါ။ အဝတ်အစားထူထူဝတ်ပါ။ အိမ်မှာနွေးနွေးထွေးထွေးနေပါ။ ကိုက်တတ်တဲ့အဆစ်အမြစ်တွေကို ရေနွေးအိတ်ကပ်ပါ။

၂။ အဆစ်အမြစ်တွေရောင်ပြီး မဖောင်းလာအောင် ကြပ်စည်းထားပါ။

ရေနွေးအိတ်ကပ်တာအပြင် အဆစ်အမြစ်တွေ မရောင်လာအောင် ကြပ်စည်းထာမျိုးလည်းလုပ်နိုင်ပါတယ်။ ဒူးစွပ်၊ ခြေစွပ်၊ လက်စွပ်တွေက ဒါကို အကူအညီပေးနိုင်ပါလိမ့်မယ်။

၃။ လှုပ်လှုပ်ရှားရှားနေပါ။

မလှုပ်မရှားနေရင် အဆစ်တွေပိုပြီးတောင့်တင်းကိုက်ခဲလိမ့်မယ်။ ပိုနာကျင်ခံရခက်လိမ့်မယ်။ လှုပ်လှုပ်ရှားရှားနေပါ။

၄။ စိတ်ကြည်ကြည်လင်လင်ထားပါ။

နာတာရှည် အဆစ်အမြစ်ရောဂါရှိသူအတွက်က ရာသီဥတုအေးပြီဆိုတာနဲ့ နာလာတတ်တော့ စိတ်ဓါတ် အလွယ်တကူကျတတ်ကြတယ်။ စိတ်ဓါတ်ကျတော့ ပိုပြီးနာကျင်တာကို ခံစားလာရတတ်ပါတယ်။ ဆိုတော့ စိတ်ဓါတ်မကျဘဲ လုပ်စရာတစ်ခုခုရှိနေအာင်နေပါ။ ဒီဝေဒနာက ခဏတာပဲဆိုတာကို သိထားပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.webmd.com/pain-management/features/weather_and_pain#4

Accessed 19/06/2018

https://www.jointflex.com/humidity-affects-arthritis-pain

Accessed 19/06/2018

ယခုပုံစံ

26/08/2022

Dr. Thurein Hlaing Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက် နဲ့ လက်ကောက်ဝတ် နာကျင်ကိုက်ခဲတာကို သက်သာစေဖို့

ခြေထောက်ကိုက်တာကို သက်သာစေမယ့် အိမ်တွင်းကုထုံးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ