brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများတွင် ခြေကျင်းဝတ် ကျိုးခြင်း ဘယ်လိုဂရုစိုက်မလဲ

ခြေကျင်းဝတ် ကျိုးခြင်းဆိုတာ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထအရှိဆုံး ထိခိုက်မှုတစ်ခုပါ။ အတွေ့အကြုံနုသေးတဲ့ အားကစားသမားတွေရဲ့ အရိုးကျိုးခြင်းတွေရဲ့ ၄၀ ရာခိုင်နှုန်းက ခြေကျင်းဝတ်ကျိုးခြင်းဘဲ ဖြစ်ပါတယ်။ ခြေကျင်းဝတ်ကျိုးခြင်းက မိန်းကလေးတွေထက်စာရင် ယောက်ျားလေးတွေမှာ ပိုအဖြစ်များပါတယ်။ အားကစားပွဲတွေ ဥပမာ ဘတ်စကက်ဘော၊ ဘောလုံ၊း စကိတ်၊ စကူတာစီးခြင်း စတာတွေကို ကစားတဲ့ကလေးတွေမှာ ခြေကျင်းဝတ်ထိခိုက်တာအဖြစ်များပါတယ်။

ကလေးများတွင် ခြေကျင်းဝတ် ကျိုးခြင်း ဘယ်လိုဂရုစိုက်မလဲ

အောက်ဖော်ပြပါ အချက်တွေက ခြေကျင်းဝတ်ကျိုးခြင်းအတွက် မိမိဘာသာ အိမ်မှာဂရုစိုက်နိုင်တဲ့ နည်းလမ်းတွေပါ။

• ခြေကျင်းဝတ်ကျိုးနေတဲ့ သင့်ကလေးကို အနားယူခိုင်းပါ။ ဒဏ်ရာမပျောက်ကင်းခင်၊ ရောင်ရမ်းမှုတွေမလျော့ခင်အထိ ပြေးခြင်း ခုန်ခြင်း စတဲ့လှုပ်ရှားမှုတွေကို ရှောင်ခိုင်းပါ။ ဒဏ်ရာရသူဟာ ချိုင်းထောက်တွေကို အချိန်အတိုင်းအတာတစ်ခုထိ လိုနိုင်ပါတယ်။ ဒဏ်ရာရထားတဲ့ ခြေကျင်းဝတ်ကို မထိစေဘဲ တစ်ခုခုနဲ့ ပင့်ထားခြင်းက ရောင်ရမ်းခြင်းနဲ့ တောင့်တင်းခြင်းကိုသက်သာစေပါတယ်။

• ထိခိုက်ထားသော ခြေကျင်းဝတ်ပတ်ဝန်းကျင်မှာ အအေးထုပ်ကပ်ခြင်းဖြင့် ရောင်ရမ်းခြင်းနဲ့ နာကျင်မှုကိုလျှော့ချနိုင်ပါတယ်။ ရေခဲကိုတိုက်ရိုက်မကပ်သင့်ပါဘူး။ အအေးထုပ်တွေက အများဆုံး ၄၈ နာရီထိအသုံးဝင်နိုင်ပါတယ်။

• အနာသက်သာတဲ့ဆေးတွေကိုသောက်သုံးပါ။ သင့်ရဲ့ဆရာဝန်နဲ့ ဘယ်ဆေးကိုသောက်ရမလဲ တိုင်ပင်ပါ။ Ibuprofen ဆိုတဲ့ဆေးက ခြေကျင်းဝတ်ကျိုးတာတွေအတွက် နာကျင်မှုကိုသက်သာစေရုံသာမက ရောင်ရမ်းမှုကိုပါ သက်သာစေပါတယ်။

• အထောက်အကူပြု ကိရိယာများ၏ အကူအညီယူခြင်း။ ဥပမာ အကာအကွယ်တပ်ဆင်ခြင်း၊ ကျောက်ပတ်တီးစီးခြင်း အစရှိတာတွေက သင့်ကလေးရဲ့ ခြေကျင်းဝတ်လှုပ်ရှားမှုကိုထိန်းညှိပေးနိုင်ပြီး သူ့ခြေကျင်းဝတ်ကို ကာကွယ်ပေးနိုင်ပါတယ်။ အောက်ပါအချက်တွေကိုတော့ သတိပြုရပါလိမ့်မယ်။

• သင့်ကလေးက ဆရာဝန်ညွှန်ကြားခဲ့တဲ့အတိုင်း ရေချိုးနိုင်ပေမယ့် သူ့ခြေကျင်းဝတ်က ပတ်တီးတွေ၊ ကျောက်ပတ်တီးစီးထားတာတွေကိုတော့ရေမစိုစေပါနဲ့။ ရေမချိုးခင်မှာ ခြေချင်းဝတ်ကို ပလတ်စတစ်နှစ်ထပ် အုပ်ပြီးမှ ချိုးပါ။ ဖြစ်နိုင်ရင် ရေချိုးတဲ့အခါမှာ ခြေထောက်ကိုရေမစိုစေအောင် ချိုးပါ။ တကယ်လို့ ကျောက်ပတ်တီးရေစိုသွားခဲ့မယ် ပျော့ပြောင်းသွားခဲ့မယ်ဆိုရင် ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ။

• ဒဏ်ရာပတ်လည်က အရေပြားကို နေ့စဉ်စစ်ဆေးပေးပါ။ ရောင်ရမ်းနေတဲ့အရေပြားတွေကို ဆေးလိမ်းလို့ရပါတယ်။ ကျောက်ပတ်တီးကိုလည်း ဘယ်လိုသန့်ရှင်းပြီး ခြောက်သွေ့အောင်ထားရမလဲဆိုတာကို လေ့လာထားသင့်ပါတယ်။

ဒဏ်ရာပြင်းထန်မှုကြောင့် ဒဏ်ရာပိတ်အရိုးဆက်ကုသခြင်းနဲ့ မတတ်နိုင်တောတဲ့အခါ ဒဏ်ရာဖွင့် ခွဲစိတ်ကုသခြင်းကို အသုံးပြုရပါမယ်။ ဒဏ်ရာကိုခွဲစိတ်ပြီး အရိုးတွေနဲ့ အရွတ်တွေကို နေရာမှန်ဆီ ပြန်ထားပေးတဲ့ ခွဲစိတ်မှုပါ။ ဒီကုသမှုမှာ အရိုးအတွက် အထူးပြုလုပ်ထားတဲ့ကြိုးများ ချိတ်ဆက်များ သံပြားများနဲ့ မူလီများကိုလည်း အသုံးပြုနိုင်ပါတယ်။ ခွဲစိတ်မှုမပြုခင်မှာ ဒီခွဲစိတ်မှုကြောင့်ရလာမယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်။

နေထိုင်မှုပုံစံနဲ့ ကျင့်သားရအောင် စီမံခြင်း

ခြေကျင်းဝတ်ကျိုးတဲ့အခါမှာ အရိုးကြီးထွားမှုရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ အရိုးကြီးထွားရာနေရာတွေ ထိခိုက်မှုကို ရေရှည်အတွက် သေချာ ဂရုတစိုက်ကြည့်ရှုသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အရိုးကြီးထွားရာနေရာတွေ ထိခိုက်မှုက သေချာကုသမှုမခံယူခဲ့ရင် အရိုးပုံစံပျက်ခြင်းကို ဖြစ်စေနိုင်လို့ပါ။ မိဘတွေအနေနဲ့ ကလေးငယ်ကုသမှုခံယူပြီးသည့်တိုင် ဆရာဝန်ဆီ အနည်းဆုံးတစ်နှစ်တစ်ကြိမ် အခြေအနေကိုသွားရောက်ဆွေးနွေးဖို့လိုအပ်ပါတယ်။ အစိတ်အပိုင်းများများကျိုးတဲ့အနေအထားတွေမှာတော့ ကလေးငယ်လုံးဝဖွံ့ဖြိုးသွားပြီးတဲ့အချိန်ထိ အသေအချာစောင့်ရှောက်စစ်ဆေးဖို့လိုပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Kyaw Thura Htun မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/07/2022 ဖြစ်ပါသည်။