ဆောင်းမနက်ခင်းတွေက နှင်းတွေနဲ့ လှပေမယ့် ဆောင်းလေအေးကတော့ လှပမှုနဲ့အတူ ခြောက်သွေ့မှုတွေကိုပါ ယူဆောင်လာတတ်ပါတယ်။ ဆောင်းရာသီမှာ အသားအရေတွေ ခြောက်သွေ့တာ၊ လက်တွေခြေတွေ ခြောက်သွေ့တာနဲ့ နှုတ်ခမ်းခြောက်သွေ့တာတွေက တော်တော်လေး စိတ်ပျက်စရာကောင်းပါတယ်။ ဒီလိုခြောက်သွေ့မှုတွေကို ပျောက်ကင်းအောင် လုပ်ဆောင်လို့ရသလို မဖြစ်အောင်ကြိုကာကွယ်လို့လည်းရပါတယ်။
ကဲဆောင်းလေအေးကြောင့် နှုတ်ခမ်းကွဲတတ်တဲ့သူတွ ဒီဆောင်းပါးကို ဖတ်ကြည့်လိုက်နော်။ နှုတ်ခမ်းကွဲတဲ့အခါနေရထိုင်ရ အဆင်မပြေ၊ အစားအသောက်တွေစားတဲ့အခါမှာလည်း ပါးစပ်တောင်ကျယ်ကျယ်မဟရဲအောင်ဖြစ်ရတယ်။ နှုတ်ခမ်းမကွဲအောင် ဘယ်လိုကာကွယ်ကြရင်ကောင်းမလဲ။
နှုတ်ခမ်းကွဲရတာက
ဆောင်းရာသီရဲ့ခြောက်သွေ့အေးမြမှုက နှုတ်ခမ်းခြောက်သွေ့ကွဲအက်မှုကိုဖြစ်စေနိုင်ပါတယ်။ တစ်နှစ်ပတ်လုံးမှာ နှုတ်ခမ်းခြောက်သွေ့ကွဲအက်တာဖြစ်နိုင်ပေမယ့် ဆောင်းရာသီမှာတော့ ဖြစ်နိုင်ခြေက တော်တော်လေးကိုများပါတယ်။ နှုတ်ခမ်းကွဲရတဲ့ အကြောင်းအရင်းတွေကတော့ အများကြီးပါ။ ရာသီဥတုအခြေအနေတွေ၊ အရည်အသွေးမမီတဲ့ နှုတ်ခမ်းသုံးအလှကုန်တွေကြောင့် နှုတ်ခမ်းသားလေးတွေခြောက်သွေ့ပျက်စီးတာပါ။
နှုတ်ခမ်းက ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလို အဆီဂလင်းမရှိတာကြောင့်ခြောက်သွေ့လွယ်ပါတယ်။ ဒါကြောင့်နှုတ်ခမ်းကို ပတ်ဝန်းကျင်အခြေအနေတွေနဲ့ အခြားသောအကြောင်းအရာတွေကြောင့် ထိခိုက်မှုမရှိအောင် သတိထားကာကွယ်သင့်ပါတယ်။
နှုတ်ခမ်းခြောက်သွေ့ကွဲအက်တာမျိုး မဖြစ်အောင်ကာကွယ်မယ်
ပြင်းထန်တဲ့ ရာသီဥတုအခြေအနေအတွက် ကြိုတင်ပြင်ဆင်ပါ –ရာသီဥတုအခြေအနေအရမ်းအေးနေတဲ့အခါမျိုးမှာ နှုတ်ခမ်းကို အဆီတစ်ခုခုလူးပြီးမှအပြင်ထွက်တာမျိုးလုပ်ပေးပါ။ သွားလေရာကို lip cream (သို့မဟုတ်) lip balm ယူသွားပြီး မကြာမကြာလူးပေးပါ။
နှုတ်ခမ်းကို လျှာနဲ့ မသပ်ပါနဲ့ – နှုတ်ခမ်းကို လျှာနဲ့သပ်တာက နှုတ်ခမ်းသားကို ပိုပြီးခြောက်သွေ့စေပါတယ်။ ဒါကြောင့် နှုတ်ခမ်းကို တံထွေးမစွတ်မိဖို့ သတိထားပါ။
အနံ့ပြင်းတဲ့ နှုတ်ခမ်းနီတွေ မရွေးပါနဲ့ –အမွှေးနံ့ပြင်းတဲ့နှုတ်ခမ်းနီတွေ၊ တာရှည်ခံတဲ့နှုတ်ခမ်းနီတွေက နှုတ်ခမ်းသားကို ပိုမိုခြောက်သွေ့ပျက်စီးစေနိုင်ပါတယ်။
နှုတ်ခမ်းအရေပြားကွာတာတွေကို ဆွဲဖယ်တာ၊ ကိုက်တာမျိုးတွေမလုပ်ပါနဲ့ – နှုတ်ခမ်းသားတွေခြောက်သွေ့ပြီး အရေပြားလန်တဲ့အခါ ကိုက်ဖဲ့တာ၊ လက်နဲ့ဆွဲခွာတာတွေ လုပ်မိနိုင်ပါတယ်။ မလုပ်ပါနဲ့။ နှုတ်ခမ်းကို ပိုမိုထိခိုက်သွားစေနိုင်တာကြောင့်ပါ။
အရေပြားကို ဓာတ်မတည့်ဖြစ်စေနိုင်တဲ့အရာတွေကိုရှောင်ပါ –နှုတ်ခမ်းသားက နူးညံ့တဲ့ အရေပြားအစိတ်အပိုင်းဖြစ်တာကြောင့် ဓာတ်မတည့်တဲ့အရာတွေ မခြယ်သမိဖို့သေချာဂရုစိုက်ရပါမယ်။
နှုတ်ခမ်းခြောက်သွေ့ကွဲအက်တာကို သက်သာစေမယ့် နည်းလမ်းတွေက
ရေများများသောက်ပါ –နှုတ်ခမ်းခြောက်သွေ့ကွဲအက်တာက ခန္ဓာကိုယ်မှာ ရေဓာတ်မလုံလောက်တာကြောင့်ပါ။ ဒါကြောင့်ရေကို အနည်းဆုံးတစ်နေ့ ၈ ခွက်သောက်ပေးပါ။
Humidifier ထားပါ –ခြောက်သွေ့အေးမြတဲ့ ရာသီဥတုအခြေအနေမှာ နှုတ်ခမ်းတွေခြောက်သွေ့ကွဲအက်တာမဖြစ်စေဖို့ နေအိမ်ထဲမှာHumidifier ဖွင့်ထားပေးပါ။ ညဘက်အိပ်တဲ့အချိန်Humidifier ဖွင့်ထားတဲ့အခါ အသားအရေကိုရော နှုတ်ခမ်းကိုပါ အစိုဓာတ်ဖြစ်စေမှာဖြစ်ပါတယ်။
အာဟာရမျှတအောင်စားသုံးပေးပါ –အာဟာရမျှတအောင် စားသုံးတာက နှုတ်ခမ်းတွေကို ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်အောင်စားသုံးပေးပါ။
နေလောင်ကာခရင်မ်သုံးပါ –နေ့ခင်းဘက်အပြင်ထွက်တဲ့အခါ နှုတ်ခမ်းမှာနေလောင်ဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ ခရင်မ်တစ်မျိုးမျိုးလူးသွားပေးပါ။ ဒီလိုလုပ်ပေးတာက နှုတ်ခမ်းကိုနေလောင်ဒဏ်ကြောင့်ခြောက်သွေ့ပျက်စီးမှုကနေ ကာကွယ်ပေးနိုင်မှာပါ။
Lip balm သုံးပေးပါ –နူးညံ့တဲ့ နှုတ်ခမ်းအသားအရေအတွက် သဘာဝပစ္စည်းတွေကနေထုတ်ထားတဲ့ အဆီတွေနဲ့ပြုလုပ်ထားတဲ့ lip balm တစ်ခုခုလိမ်းပေးဖို့မမေ့ပါနဲ့။ ဒီလိုလုပ်ပေးတာက နှုတ်ခမ်းခြောက်သွေ့ ကွဲအက်တာကို သိသိသာသာကာကွယ်ပေးနိုင်မှာပါ။ ဒါကြောင့် နှုတ်ခမ်းကို lip balm လိမ်းပြီး ကာကွယ်လိုက်ပါ။
ဆောင်းရာသီမှာ နှုတ်ခမ်းသားခြောက်သွေ့ကွဲအက်တာနဲ့ ခပ်ကင်းကင်းနေချင်တယ်ဆိုရင်တော့ အဆီပါပြီး အရောင်ခပ်ဖျော့ဖျော့နှုတ်ခမ်းနီတစ်တောင့်လောက်တော့ အိတ်ထဲဆောင်သွားမှဖြစ်မယ်နော်လေဒီတို့ရေ။ နှုတ်ခမ်းမှာအရောင်တင်တာကို မကြိုက်ရင်တောင်ဆောင်းရာသီမှာ စိတ်ညစ်စရာကောင်းတဲ့ နှုတ်ခမ်းကွဲတဲ့ပြဿနာကိုကင်းစေဖို့ အဆီပါတဲ့နှုတ်ခမ်းနီတစ်တောင့်လောက်တော့ဆောင်ထားဖို့ပြောပါရစေနော်။
[embed-health-tool-bmi]

















