အံဆုံးသွားဖုံးရောင်ခြင်းဆိုတာ ဘာလဲ
အံဆုံးသွားဖုံးရောင်ခြင်းဆိုတာ ဆယ်ကျော်သက်နှောင်းပိုင်းနဲ့ အသက်၂၀ ဝန်းကျင်မှာ ပေါက်လေ့ရှိတဲ့ တတိယနဲ့ စတုတ္ထမြောက်အံသွားအစုံ (အံဆုံး) ပတ်ပတ်လည်က သွားဖုံးတစ်ရှုး ရောင်ရမ်းပြီး ပိုးဝင်ခြင်းကို ခေါ်ပါတယ်။
အံဆုံးပေါက်စဉ်ကာလမှာ ခံစားရတဲ့ ရောဂါဖြစ်ပြီး သာမန်သွားဖုံးရောဂါနဲ့ မတူပါဘူး။ ဒါပေမယ့် ရောဂါဖြစ်ပွားပုံကတော့ သွားဖုံးထဲညပ်နေတဲ့ စာကြွင်းစားကျန်တွေကြောင့် သွားဖုံးပြည်တည်တဲ့ ဖြစ်စဉ်နဲ့ အလားသဏ္ဍာန်တူပါတယ်။
အံဆုံးသွားဖုံးရောင်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ
ဒီရောဂါရဲ့ လက္ခဏာတွေကတော့
သွားဖုံးနာခြင်း
ပိုးဝင်ခြင်း
သွားဖုံးတစ်ရှုးအတွင်း အရည်စုပြီး ရောင်ရမ်းခြင်း
သွားဖုံးပြည်ယိုခြင်းကြောင့် အရသာဆိုးဆိုး ခံစားရခြင်း
လည်ပင်း ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
ပါးစပ်ဟရခက်ခြင်းတို့ ဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် သင့်သွားဆရာဝန် သို့မဟုတ် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အံဆုံးသွားဖုံးရောင်ရောဂါကို ဘယ်လိုကုသမလဲ
အကယ်၍ အံဆုံးသွားဖုံးရောင်တဲ့ ရောဂါလက္ခဏာ သိပ်မပြင်းထန်ဘူးဆိုရင် ပိုးသတ်ဆေးသောက်စရာမလိုပဲ မိမိဘာသာ ကုသနိုင်ပါတယ်။ ထိပ်ပိုင်းသေးတဲ့ သွားပွတ်တံနဲ့ သွားကို ဂရုတစိုက်၊ နှံ့နှံ့စပ်စပ် တိုက်ပေးခြင်းအားဖြင့် ချောင်ကြိုချောင်ကြားမှာ ညပ်နေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားနိုင်ပါတယ်။ ပလုတ်ကျင်းဆေးရည်နဲ့ ပုံမှန်သန့်ရှင်းပေးမယ်ဆိုရင်လည်း ပေါက်လက်စသွားအောက်က အစာနဲ့ တစ်ရှုးအပိုင်းအစတွေကို ဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။ ဆားရည်နဲ့ ပလုတ်ကျင်းခြင်းက နာကျင်မှုကို သက်သာစေပြီး အပျော့စား ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်အရည်ကိုလည်း ပိုးသေစေဖို့ အသုံးပြုနိုင်ပါတယ်။
ဘယ်အချိန်မှာ သွားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ
အကယ်၍ ရောဂါလက္ခဏာပြင်းထန်မယ်၊ သွားဖုံးရောင်တဲ့အပြင် အဖျားပါရှိလာမယ်ဆိုရင်တော့ အိမ်မှာကုသရုံနဲ့ မလုံလောက်ဘဲ တတ်ကျွမ်းတဲ့ သွားဆရာဝန်နဲ့ပြသဖို့ လိုအပ်ပါတယ်။
အံဆုံးသွားဖုံးရောင်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ
အံဆုံးပေါက်နေချိန်မှာ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ အရေးကြီးပါတယ်။ ဒီလိုဂရုစိုက်ခြင်းအားဖြင့် သွားဖုံးအောက်မှာ စားကြွင်းစားကျန်တွေညပ်ပြီး ဘက်တီးရီးယားပိုးမွှားတွေ ပွားမလာအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သန့်ရှင်းရေးပုံမှန်လုပ်ပေမယ့် ရောဂါလက္ခဏာတွေ ခဏခဏ ပြန်ပြလာမယ်ဆိုရင်တော့ အံဆုံးပေါ်အုပ်နေတဲ့ သွားဖုံးတစ်ရှုးတွေကို ဖယ်ပစ်ရဖို့ အလားအလာရှိပါတယ်။ တချို့လူတွေမှာတော့ အံဆုံးကိုပါ နှုတ်ပစ်လိုက်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-bmi]

















