ဘော်ဒါတွေဆုံတုန်းလေး အပျော်အပါး ဆေးဖြစ်ဝါးဖြစ် သောက်ရာကနေ ဟိုအကောင်ဖြစ်အောင် သောက်နေမိပြီလား။ တစ်ခွက်တည်းပါ ဆိုတာကနေ တစ်ဖလားထိရောက်သွားပြီလား။ အရက်ကို မသောက်ရ မနေနိုင်အောင် စွဲနေပြီလား။ ဒီ အရက်စွဲ တဲ့ ပြဿနာက အင်္ဂလန်လို နိုင်ငံမျိုးမှာတောင် အမျိုးသား ၁၀၀မှာ ၉ယောက်၊ အမျိုးသမီး ၁၀၀မှာ ၃ယောက် တွေ့နေရပါပြီ။ ခုလို ခေတ်မျိုးမှာ ဘာပဲလုပ်လုပ် အသောက်အစားလေးနဲ့မှ ဆိုတော့ အရက်နဲ့ ပိုနီးစပ်လာပါပြီ။ TGIFတွေကလည်း ကိုယ့်ကို ပုံမှန် အရက်သောက်နေမိအောင် အားပေးနေမိပါပြီ။ ဒီလိုနဲ့ပဲ တဖြည်းဖြည်း အရက်စွဲသွားတော့မှာလား။ ငါများ အရက်စွဲနေပြီလားဆိုတာ သိရအောင် ဆောင်းပါးလေးကို ဆက်ကြည့်ကြည့်ရအောင်။
ငါ အရက်စွဲ နေပြီလား။
အရက်စွဲ တာဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါထဲမှာ ပါပါတယ်။ DSM-IV သတ်မှတ်ချက်တွေအရ အရက်စွဲတယ်လို့ ပြောဖို့အတွက် အောက်က ၇ချက်ထဲမှာ အနည်းဆုံး ၃ချက်လောက်ကို ၁၂လလောက် ခံစားထား ရမှာပါ။ ဒီ၇ချက်ကတော့
ခံနိုင်ရည်ရှိလာတာ (တော်ရုံ သောက်တာနဲ့ မတင်းတိမ်တော့တာပေါ့) သောက်တာ ရပ်လိုက်ရင် ယင်းထလာတာ ကိုယ်မှန်းထားတာထက် ပိုများတဲ့ ပမာဏကို ကြာကြာသောက်မိတာ အရက်ဖြတ်ဖို့ ကြိုးစားပေမယ့် ဖြတ်လို့မရအောင် သောက်ချင်နေတာ ကိုယ့်ရဲ့ အချိန်တော်တော်များများက အရက်သောက်လိုက်လိုက်၊ အရက်နာကျလိုက်နဲ့ ကုန်လွန်နေတာ အရက်သောက်လွန်းလို့ လူမှုရေး၊ အလုပ်အကိုင်နဲ့ မိသားစု ကိစ္စတွေမှာ ထိခိုက်မှု ရှိလာတာ အရက်သောက်ရင် ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး ထိခိုက်မယ်ဆိုတာ သိသိရက်နဲ့ ရပ်လို့ မရနိုင်တာ စတာတွေပဲ ဖြစ်ပါတယ်။ ကိုယ်အရက်စွဲနေတယ်လို့ သံသယဖြစ်နေရင် ဒီအချက်တွေနဲ့ စစ်ဆေးလို့ရပါတယ်။
ဘာလို့ အရက်စွဲ ရတာလဲ။
အရက်စွဲရတဲ့ အကြောင်းရင်းကို သေချာတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် အရက်အများကြီး သောက်လိုက်တဲ့အခါ ဦးနှောက်ထဲမှာ ဓာတ်ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ ဒီပြောင်းလဲမှုတွေက စိတ်ကို သာယာစေပါတယ်။ ဒီလိုနဲ့ အရက်ကို မကောင်းမှန်း သိရက်နဲ့ ပိုသောက်ချင်လာတာပါ။ အရက်သောက်တာ ရပ်လိုက်ပြန်တော့လည်း နေလို့ မကောင်းပါဘူး။ ဒါကြောင့် အရက်ကို ဖြတ်မရဘဲ ဆက်သောက်နေမိတာပါ။ အရက်စွဲတာက ခုသောက် ခုစွဲ မဟုတ်ပါဘူး။ အချိန်တစ်ခုတော့ ကြာပါတယ်။ နောက်ပြီး အရက်စွဲတာက မျိုးရိုးလိုက်တတ်တယ်လို့လဲ ပြောကြပါတယ်။
ဘယ်သူတွေက အရက်စွဲ နိုင်ကြလဲ။
အရက်သောက်တဲ့ သူတိုင်းကတော့ အရက်စွဲဖို့ အလားအလာ ရှိနေကြတာပါပဲ။ ဒီထဲကမှ
- ဘေးပတ်ဝန်းကျင်က ဖိအားပေးခံရတဲ့ ငယ်ရွယ်တဲ့သူတွေ (ဥပမာ “ အရက်မသောက်တတ်ရအောင် မင်းယောကျာ်းမဟုတ်ဘူးလား” ဆိုပြီး ဖိအားပေးခံရတာတွေ)
- ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသူတွေ၊ စိတ်ကျနေတဲ့သူ၊ စိတ်ရှုပ်ထွေးနေတဲ့သူ
- စိတ်ဖိစီးမှုများလို့ အရက်ကို စိတ်ထွက်ပေါက် ရှာတဲ့သူတွေ
- အရက်သောက်တာ ထူးခြားတဲ့ ပြဿနာမဟုတ်ဘူးလို့ ယူဆထားတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ကြီးပြင်းလာရတဲ့သူတွေ
- မိသားစုထဲမှာ အရက်စွဲ ဒါမှမဟုတ် အရက်နဲ့ ပတ်သတ်တဲ့ ပြဿနာ ရှိတဲ့သူတွေက အရက်စွဲဖို့ အခွင့်အလမ်း ပိုများပါတယ်။
အရက်စွဲတာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေလဲ။
အရက်စွဲတာက အပြုအမူပိုင်းဆိုင်ရာ၊ ကိုယ်ကျန်းမာရေးဆိုင်ရာ၊ စိတ်ကျန်းမာရေးဆိုင်ရာ ထိခိုက်မှု အများကြီး ရှိပါတယ်။
အပြုအမူပိုင်းဆိုင်ရာ
- အဖော်မရှိလည်း တစ်ယောက်တည်း သောက်တတ်လာတယ်။
- များများသောက်မှ မူးတော့တယ်။
- သူ့ကို အရက်သောက်တာနဲ့ ပတ်သတ်ပြီးပြောရင် မကြိုက်ဘူး။ စိတ်တိုတယ်။
- အရေက်ပဲသောက်ပြီး အစားကောင်းကောင်း မစားဘူး။
- တစ်ကိုယ်ရည် သန့်ရှင်းရေးလည်း မလုပ်နိုင်တော့ဘူး။
- အရက်သောက်တာကြောင့် အလုပ်ပျက် ကျောင်းပျက်လာတယ်။
- အရက်သောက်တာ မထိန်းနိုင်တော့ဘူး။
- အရက်သောက်ဖို့ အကြောင်းပြချက်ပဲ ရှာနေတယ်။ (TGIFမို့၊ စိတ်ညစ်လို့၊ ပျော်လို့ စသဖြင့်)
ကိုယ်ကျန်းမာရေးဆိုင်ရာ ထိခိုက်မှုများ
- အစာအိမ် သွေးယိုတာ
- ဦးနှောက်ဆဲလ်တွေ ပျက်စီးတာ
- အစာအိမ် ကင်ဆာ ဖြစ်တာ
- သတိမေ့လွယ်တာ
- သွေးတိုးတာ
- ပန်ကရိယရောင်တာ
- Wernicke-Korsakoff syndrome (အစားမစားလို့ ဗီတာမင် B1ချို့တဲ့ပြီး ဦးနှောက်ထိခိုက်တာ )
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ
- စိတ်ရှုပ်ထွေးတာ
- စိတ်ဓာတ်ကျတာ
- သတ်သေချင်စိတ်ပေါက်တာ
- ရန်လိုတာ စတာတွေ ဖြစ်တတ်ပါတယ်။
အရက်မစွဲအောင် ဘယ်လို လုပ်ကြမလဲ။
အရက်မစွဲဖို့ အကောင်းဆုံးနည်းလမ်းကတော့ အရက်ကို လျှော့သောက်တာ၊ ခဏခဏ မသောက်တာပါပဲ။
အရက်ကို ပုံမှန်သောက်နေမယ်ဆိုရင် ခန္ဓာကိုယ်က ခံနိုင်ရည်ရှိလာပြီး ပိုသောက်မိမှာပါ။ အရက်ကို ပုံမှန်သောက်နေရင် ဒီအရက်ကို ဖျက်ဖို့ အသည်းက အင်ဇိုင်းတွေ များလာပါတယ်။ ဒါကြောင့် မူးဖို့ ပိုသောက်ရတာပါ။
နောက်တစ်ခုက ဦးနှောက်ကလည်း အရက်ကို ခံနိုင်ရည်ရှိလာပါတယ်။ အရင်ကထက် ပိုသောက်တာတောင် လမ်းကို ဖြောင့်ဖြောင့်ကြီး လျှောက်နိုင်သေးတယ်ဆိုရင် ကိုယ်ဆရာကျလို့ မဟုတ်ပါဘူး။ ဦးနှောက်က အရက်ကို တော်တော်ကြီး ခံနိုင်ရည်ရှိနေလို့ပါ။ အရက်ကို ပိုကြိုက်နေလို့ပါ။ ဒါကြောင့် နောက်နေ့မှာ အရက်မသောက်ရရင် ဆောက်တည်ရာ မရဘဲ ယင်းထသလို ဖြစ်လာတာပါ။ သောက်လိုက်မှ နေသာ ထိုင်သာ ရှိသွားတာပါ။ ဒီလိုနဲ့ ဒီသံသရာကနေ မလွတ်တော့ပါဘူး။
ဒါကြောင့် အရက်ကို ဆက်တိုက်မသောက်ဖို့ ပြောရတာပါ။ ဒါမှ သင့်ခန္ဓာကိုယ်ကရော စိတ်ကပါ အရက်ကို ခံနိုင်ရည်ရှိတာ အားနည်းသွားပြီး သောက်တဲ့ အရက်ပမာဏ နည်းသွားမှာပါ။ ဒီလိုမှ အရက်မစွဲတော့မှာပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။