ရေယုန်ဗိုင်းရပ်စ် အုပ်စုမှာ ဗိုင်းရပ်စ်အမျိုးအစား အများကြီး ပါဝင်ပြီး လူကိုရော တိရိစ္ဆာန်ကိုပါ ကူးစက်နိုင်ပါတယ်။ အမျိုးအစားပေါင်း ၁၃၀လောက်ရှိတယ်လို့ သိရပြီး ၈မျိုးကပဲ လူကို ကူးစက်စေပါတယ်။ သူတို့ကို စုပေါင်းပြီး human herpesvirus ( HHV) လို့ ခေါ်လိုက်ပါတယ်။
ရေယုန်ဗိုင်းရပ်စ်တွေက DNAဗိုင်းရပ်စ် အမျိုးအစားပါ။ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တတ်ပေမယ့် လူ့ခန္ဓာကိုယ်ပြင်ပမှာတော့ ကြာကြာမနေနိုင်ပါဘူး။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့
အသက်ရှူလမ်းကြောင်းကထွက်တဲ့ အမှုန်အမွှားတွေကနေတဆင့် ကူးစက်တာ တံတွေးကနေကူးတာ လိင်ကတဆင့် ကူးတာ ပိုးရှိပြီး အရည်ကြည်ဖုပေါက်နေတဲ့ အနာကနေ ကူးတာ မိခင်ကနေ ကလေးကို ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် မီးဖွားချိန်မှာ ကူးတာ စတာတွေပဲ ဖြစ်ပါတယ်။ လူကို ကူးစက်တတ်တဲ့ ရေယုန်ဗိုင်းရပ်စ် မျိုးကွဲ ၈ခု
- Human Herpesvirus 1 (HHV-1) / Herpes Simplex Virus 1 (HSV-1)/ ပါးစပ်ရေယုန်
- Human Herpesvirus 2 (HHV-2) / Herpes Simplex Virus 2 (HSV-2) / လိင်အင်္ဂါရေယုန်
- Human Herpesvirus 3 (HHV-3) / Varicella Zoster Virus (VZV) / ရေကျောက်
- Human Herpesvirus 4 (HHV-4) / Epstein-Barr Virus (EBV)
- Human Herpesvirus 5 (HHV-5) / Cytomegalovirus (CMV)
- Human Herpesvirus 6 (HHV-6) / စပ်ပချီ
- Human Herpesvirus 7 (HHV-7)
- Human Herpesvirus 8 (HHV-8) / Kaposi’s Sarcoma-associated Herpesvirus (KSHV)
ရေယုန်ဗိုင်းရပ်စ် အုပ်စုနဲ့ ဖြစ်နိုင်တဲ့ ရောဂါများ
Herpes Simplex Virus 1 နဲ့ 2ကြောင့် ဖြစ်ပါတယ်။ 1က ပါးစပ်ရေယုန်၊ 2က လိင်အင်္ဂါရေယုန်ပါ။ ရေယုန်အုပ်စုထဲမှာ အဖြစ်အများဆုံးပါ။ HSV-1ကို အရွယ်ရောက်ပြီးသား သူတွေရဲ့ ၉၀ရာခိုင်နှုန်းမှာ တွေ့ရပြီး HSV-2ကိုတော့ ၁၀ကနေ ၃၀ရာခိုင်နှုန်းလောက်ထိ တွေ့ရပါတယ်။
ပါးစပ်ရေယုန်က နှုတ်ခမ်းနားတစ်ဝိုက်မှာ အရည်ကြည်ဖုအနေနဲ့ တွေ့ရပါတယ်။ တစ်ခါဖြစ်ရင် တစ်သက်လုံးမပျောက်ပါဘူး။ ပိုးက အာရုံကြောတွေထဲမှာ အောင်းနေပြီး အခါအခွင့်သင့်တဲ့အခါ ပြန်ပြီး ထွက်လာပါတယ်။ ရောဂါဖြစ်နေချိန်မှာ နမ်းတာ၊ ပါးစပ်နဲ့ လိင်ဆက်ဆံတာမျိုးကို ရှောင်ကြည်ရပါမယ်။
လိင်အင်္ဂါရေယုန်ကတော့ လိင်အင်္ဂါတစ်ဝိုက်မှာ အရေကြည်ဖုထွက်တဲ့ လက္ခဏာပြပါတယ်။ လိင်ကတဆင့် ကူးစက်နိုင်တာကြောင့် အရည်ကြည်ဖုထွက်နေချိန်မှာ လိင်ဆက်ဆံတာကို ရှောင်ကြဉ်ရပါမယ်။ အနာလုံးဝကျက်သွားမှ အတူပြန်နေရပါမယ်။
မွေးစကလေးတွေမှာ ဖြစ်တဲ့ ရေယုန်ကတော့ မိခင်ဆီကနေ ကူးစက်တာပါ။ မီးဖွားချိန်မှာ မိခင်က ရေယုန်ဖြစ်နေတယ်ဆိုရင် မွေးလမ်းကြောင်းကနေတဆင့် ကလေးဆီကို ရောက်သွားမှာပါ။ ကလေးမှာ အရည်ကြည်ဖုတွေ ပေါက်တာ၊ ဦးနှောက်ရောင်တာ၊ သွေးထဲကနေ တခြားကိုယ်တွင်းအင်္ဂါတွေဆီ ပြန့်သွားတတ်ပါတယ်။
ရေကျောက်က varicella zoster virusလို့ ခေါ်တဲ့ ရေယုန်ဗိုင်းရပ်စ်အမျိုးအစားကြောင့် ဖြစ်တာပါ။ ကလေးဘဝမှာ ရေကျောက်ဖြစ်ပြီး ပျောက်သွားတတ်ပါတယ်။ အများစုက တစ်ခါပဲဖြစ်ပြီး နောက်ထပ်မဖြစ်ပါဘူး။ နောက်တစ်ခေါက်များ ထပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဆင်ရေယုန်လို့ ခေါ်တဲ့ ပိုပြီး ပြင်းထန်တဲ့ အမျိုးအစား ဖြစ်လာမှာပါ။
Epstein-Barr virus (EBV) ကြောင့် ဖြစ်ပါတယ်။ လေ့လာချက်တွေအရတော့ ကမ္ဘာ့လူဦးရေရဲ့ ၉၀ရာခိုင်နှုန်းက ဒီဗိုင်းရပ်စ်ကို လူမသိ သူမသိ ကူးခံထားရတယ်လို့ ဆိုပါတယ်။ ကလေးဘဝတည်းက ကူးခံရတာဖြစ်နိုင်ပြီး အများစုက ဘာလက္ခဏာမှမပြပါဘူး။
လက္ခဏာပြခဲ့ရင်တော့ Infectious mononucleosisလို့ ခေါ်တဲ့ glandular fever ရောဂါဖြစ်လာမှာပါ။ လက္ခဏာတွေကတော့ နုံးပြီး လည်ပင်းနာလောက်ပါပဲ။ အများစုက အလိုလိုသက်သာသွားပေမယ့် တချို့တွေမှာ ပြင်းထန်တဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ ဦးနှောက်ရောင်တာ၊ ဘေလုံးကွဲတာ၊ အာသီးရောင်တာ စတာတွေ ဖြစ်တတ်ပါတယ်။
စပ်ပချီက ကလေးတွေမှာ အဖြစ်များပါတယ်။ HHV-6ကြောင့် ဖြစ်တာများပါတယ်။ ရံဖန်ရံခါ HHV-7 ကြောင့်လည်း ဖြစ်တတ်ပါတယ်။ လက္ခဏာတွေကတော့ အဖျားကြီးတာ၊ ဂျီကျတာ၊ အစားမဝင်တာ၊ အနီစက်တွေ ထွက်လာတာ စတာတွေပဲ ဖြစ်ပါတယ်။ ၆လနဲ့ ၂နှစ်ကြား ကလေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အများစုမှာ ရောဂါမပြင်းတာကို တွေ့ရပါတယ်။
အဖြစ်များတဲ့ နောက်ဆက်တွဲဆိုးကျိုးကတော့ အဖျားကြီးပြီး တက်တာပါ။ ဒါပေမယ့် ဒါက နာတာရှည် အတက်ရောဂါတော့ မဖြစ်စေပါဘူး။ ကလေးအများစုမှာ စပ်ပချီက တစ်ခါလောက်ပဲ ဖြစ်ပါတယ်။ ခုခံအားကျနေမှသာ နောက်တစ်ခါဖြစ်တာ များပါတယ်။
HHV-8 ဗိုင်းရပ်စ်အမျိုးအစားကြောင့်ဖြစ်ပါတယ်။ တခြားအမျိုးအစားတွေနဲ့ ယှဉ်ရင် အတွေ့ရနည်းပါတယ်။ အမျိုးသားခြင်း လိင်တူဆက်ဆံသူတွေ၊ မူးယစ်ဆေးအကြောထဲသွင်းတဲ့သူတွေမှာ တွေ့ရတတ်ပါတယ်။ တချို့တွေမှာတော့ ကလေးဘဝတည်းက ကူးစက်ခံရတာကို တွေ့ပါတယ်။
အများစုက လက္ခဏာမပြတတ်ပါဘူး။ ကလေးတွေနဲ့ လူငယ်တွေမှာတော့ ဖျားတာ၊ အနီစက်တွေ ထွက်တာ၊ ပြန်ရည်ကျိတ်တွေ ရောင်တာ စတာတွေ ဖြစ်တတ်ပါတယ်။ ခုခံအားကျတဲ့သူတွေဆိုရင်တော့ ဒီလက္ခဏာတွေအပြင် သွေးဆဲလ်တွေ အားလုံးနည်းနေတာ၊ ဘေလုံးကြီးတာ စတာတွေပါ ဖြစ်တတ်ပါတယ်။
ကင်ဆာရောဂါဖြစ်တာကြောင့် အရေပြားအောက်၊ ခံတွင်း၊ လည်ပင်းနဲ့ တခြားကိုယ်တွင်းအင်္ဂါတွေမှာ အလုံးအကျိတ်တွေ ဖြစ်တတ်ပါတယ်။
Takeaways
ရေယုန်ဗိုင်းရပ်စ် က အမျိုးအစားတွေ အများကြီး ရှိပြီး လူမှာတော့ ၈မျိုး ကူးတတ်ပါတယ်။ ဖြစ်နိုင်တဲ့ ရောဂါတွေလည်း မတူပါဘူး။ သာမန်အရည်ကြည်ဖုကနေ ကင်ဆာရောဂါအထိ ဖြစ်လာနိုင်ပါတယ်။