brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လိင်တံထိပ်မှာ အနာပေါက်နေတယ်။ ဘာ့ကြောင့်ဖြစ်ရတာလဲ။

လိင်တံထိပ်မှာ အနာပေါက်နေတယ်။ ဘာ့ကြောင့်ဖြစ်ရတာလဲ။

လိင်တံထိပ်မှာ အနာပေါက်နေတယ်။ ဘာ့ကြောင့်ဖြစ်ရတာလဲ။

Private part လို့ခေါ်တဲ့ မျိုးပွားအင်္ဂါပတ်လည်ဟာ တကယ်ကို သန့်သန့်ရှင်းရှင်းထားသင့်တဲ့နေရာတစ်ခုပါ။ အနာပေါက်တာ အကျိတ်ထွက်တာမျိုးတွေ လုံးဝကို မဖြစ်သင့် မရှိသင့်တဲ့နေရာတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် ကိုယ်က သန့်သန့်ရှင်းရှင်းလည်းထားရက်သားနဲ့ လိင်တံထိပ်မှာ အနာလေးတွေ ပေါက်နေတယ်။ ဒါတွေ ဘာ့ကြောင့်ဖြစ်ရတာလဲ။ ဒီလိုဖြစ်နေပြီဆိုရင် ရတက်မအေး စိုးရိမ်သွားတတ်ကြတဲ့သူတွေ ချည်းပဲလေ။

လိင်တံထိပ်မှာ အနာပေါက်တာ ဘယ်သူတွေမှာ ပိုအဖြစ်များလဲ ။

လိင်တံထိပ်မှာ အနာပေါက်နိုင်တဲ့သူတွေကို အဓိက အုပ်စုနှစ်စုခွဲလိုက်လို့ရပါတယ်။

  • လိင်ဆက်ဆံရာမှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါကြောင့် အနာပေါက်နိုင်တဲ့ အုပ်စုနဲ့
  • ကူးစက်ရောဂါမဟုတ်တဲ့ ပြဿနာတွေ ကြောင့် အနာပေါက်နိုင်တဲ့ အုပ်စုဆိုပြီး ခွဲလိုက်လို့ရပါတယ်။

လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တတ်တဲ့ လိင်တံထိပ်အနာပေါက်ခြင်းဖြစ်နိုင်တဲ့သူတွေကတော့

  • လိင်ဆက်ဆံဖော်အရေအတွက်များတဲ့သူတွေ
  • အကာအကွယ် မပါဘဲလိင်ဆက်ဆံတဲ့သူတွေ
  • လိင်တံထိပ် အရေပြားကို သေချာ သန့်ရှင်းရေမလုပ်တဲ့သူတွေ
  • လိင်တံထိပ်မှာအနာပေါက်နေတဲ့ သူတွေ၊ ရေယုန် ပေါက်နေတဲ့သူတွေနဲ့ ကာမစပ်ယှက်မှုရှိတဲ့သူတွေ က အနာပေါက်ခြင်းအဖြစ်နိုင်ဆုံး သူတွေပါ။

ကူးစက်ရောဂါမဟုတ်ဘဲ လိင်တံထိပ်အနာပေါက်ခြင်းကို ဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေကတော့

  • Psoriasis လို့ခေါ်တဲ့ အရေပြားပြဿနာ ခံစားနေရတဲ့သူတွေ၊
  • ဆေးတွေဖြစ်တဲ့ အကိုက်အခဲပျောက်ဆေး ibuprofen၊ သွေးတိုးကျဆေး ACE inhibitors၊ နှလုံးရောဂါဆေး beta-blockers နဲ့ စတီးရွိုက်ဆေးတွေ စွဲသောက်နေတဲ့သူတွေ နဲ့
  • ပဋိဇီဝ ပိုးသတ်ဆေး အချို့စွဲသောက်နေတဲ့သူတွေက အခြားသူတွေထက် လိင်တံထိပ် အနာပေါက်ခြင်း ပိုဖြစ်နိုင်တဲ့သူတွေပါ။

တစ်ခုမှတ်ထားရမှာက အပေါ်မှာပြောခဲ့တဲ့ အခြေအနေတွေနဲ့ ကိုက်တိုင်း ကိုယ့်မှာ ဒီလိုလိင်တံ ထိပ် အနာပေါက်ခြင်းဖြစ်မယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် အခြားသူတွေထက်စာရင်တော့ ဖြစ်နိုင်ချေပိုများတာပေါ့။ နောက်ပြီး ဒီလို အခြေအနေတွေ ကိုယ့်မှာမရှိပေမယ့်လည်း အနာပေါက်တတ်တဲ့သူတွေလည်းရှိပါတယ်။ ဒီတော့ ပုံသေချည်းမှတ်ထားလို့တော့ မရဘူးဆိုတော့ လိင်တံထိပ်အနာပေါက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ထပ်သိဖို့ လိုလာတာပေါ့။

လိင်တံထိပ် အနာပေါက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ။ ။

အခြားအကြောင်းအရာတွေထက်စာရင် လိင်ဆက်ဆံရာတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကြောင့် လိင်တံထိပ်အနာပေါက်ခြင်း ပိုဖြစ်ရတာပါ။ သူတို့တွေကတော့

  • Herpes simplex virus infection (HSV2) လို့ခေါ်တဲ့ လိင်အင်္ဂါရေယုန် ပေါက်ခြင်း
  • Treponema pallidum ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ကာလသားရောဂါ
  • Haemophilus ducreyi ကြောင့်ဖြစ်တဲ့ Chancroid လိင်အင်္ဂါအနာ
  • Lymphogranuloma venereum လို့ခေါ်တဲ့ အသားစေ့လေးတွေ လိင်အင်္ဂါမှာ ပေါက်နေတာ
  • Klebsiella granulomatis ကြောင်ဖြစ်တဲ့ Granuloma inguinale ပေါင်ခြံအကျိတ်ထွက်ခြင်း
  • human papillomavirus (HPV) ကြောင့်ဖြစ်တဲ့ လိင်အင်္ဂါ ကြွက်နို့ တို့ဟာ လိင်တံထိပ် အနာဖြစ်ခြင်းကို အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။

လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကြောင့် မဟုတ်ဘဲ အနာပေါက်ခြင်းကို ဖြစ်စေနိုင်တဲ့ အခြားဖြစ်နိုင်တဲ့ အကြောင်းအရာတွေကတော့

  • လိင်ဆက်ဆံရင်း လိင်အင်္ဂါပတ်လည်ထိခိုက်ဒဏ်ရာ ရသွားတာမျိုးတွေ
  • Psoriasis လို့ခေါ်တဲ့ အရေပြားပြဿနာခံစားနေရတဲ့သူတွေ
  • Behcet disease လို့ခေါ်တဲ့ ခုခံအား ဆိုင်ရာ ပြဿနာရှိတဲ့သူတွေ နဲ့
  • အပေါ်မှာပြောခဲ့တဲ့ဆေးတွေ တစ်ချိန်လုံးစွဲသောက်နေတာမျိုးတွေက လိင်တံထိပ် အနာပေါက်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။

ဒီလို ဖြစ်စေတဲ့အကြောင်းအရင်းတွေ များစွာရှိတာကြောင့် ကိုယ့်ဆီမှာ လိင်တံထိပ်အနာပေါက်တဲ့ ပြဿနာမျိုးရှိခဲ့ရင် မပေါ့ဆဘဲ ဆေးမြီးတိုတွေနဲ့ ကုသမယ့်အစား ဆေးခန်းသွားပြီး ဆေးကုသမှု သေချာခံယူသင့်ပါတယ် ။ ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thin Yadanar @ Frances · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။