အမျိုးသားများရော အမျိုးသမီးများတွင်ပါ ကလေးရနိုင်စွမ်းဟာ ဘဝနေထိုင်မှု ပုံစံနဲ့ များစွာဆက်စပ်နေပါတယ်။ အမျိုးသားများရဲ့ သုက်ပိုး အရည်အသွေးကို အကြီးမားဆုံး ထိခိုက်စေနိုင်တဲ့ အရေးကြီးဆုံး ဘဝနေထိုင်မှုဆိုင်ရာ အချက်တစ်ခုကတော့ ကျွန်ုပ်တို့နေ့စဉ်စားသောက်နေတဲ့ အစားအသောက်ပဲ ဖြစ်ပါတယ်။
မျိုးအောင်ခြင်းကို အားပေးတဲ့ အစားအသောက်တွေဟာ သင့်ရဲ့ သုက်ပိုးတွေ ပိုမိုကောင်းမွန်တဲ့ မျိုးရိုးဗီဇ ဖြစ်လာစေဖို့ရာမှာ ကူညီပေးရုံသာမကပဲ ချစ်တင်းနှောလိုစိတ်ကိုလည်း တိုးတက်စေကာ သင့်တို့စုံတွဲတွေကို ကိုယ်ဝန်ရလွယ်ကူစေနိုင်ပါတယ်။ ယခုဖော်ပြပါ ဆောင်းပါးမှာ အမျိုးသားများ ကလေးရနိုင်စွမ်းအတွက် ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစာအာဟာရတွေ အကြောင်းကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ဇင့်ဓာတ်ဟာဆိုရင် သုက်ပိုးအရည်အသွေးကို ကောင်းမွန်စေရုံသာမက ခုခံအားစနစ်ကိုပါ တိုးတက်စေတဲ့ မရှိမဖြစ် အရေးကြီးသော အာဟာရတစ်ခု ဖြစ်ပါတယ်။ ဇင့်ဓာတ်ချို့ယွင်းမှုဟာ အမျိုးသားအများစုမှာ ဖြစ်လေ့ရှိပြီး testosterone ဟော်မုန်းပမာဏကို လျော့ကျစေနိုင်ပါတယ်။ ၎င်း ဟော်မုန်းပမာဏ လျော့နည်းနေတဲ့ အမျိုးသားတွေအတွက် ဇင့်ဓာတ်ဟာ ၎င်းဟော်မုန်းဓာတ်ကို ပြန်လည်တိုးတက်လာစေနိုင်ပြီး ကလေးရနိုင်စွမ်းကို တိုးတက်စေပါတယ်။
ဇင့်ဓာတ် ကြွယ်ဝသော အစားအသောက် အချို့ကတော့ ငါးများ အထူးသဖြင့် ပြည်ကြီးငါး၊ အခွံမာရေသတ္တဝါများ၊ ပုဇွန်များ၊ အနီရောင်အသားများ အထူးသဖြင့် အမဲသား၊ သိုးသား နှင့် နှမ်းစေ့၊ ရွှေဖရုံသီးအစေ့၊ ပဲစိမ်း စတဲ့ အသီးအရွက်များ ဖြစ်ပါတယ်။
သို့သော် ကျန်းမာရေး ကောင်းဖို့ရာအတွက် ငါး၊ အသီးအရွက် စတာတွေကို များများစားပေးပြီး အနီရောင် အသားများကို လျှော့စားပေးဖို့ရာ အကြံပေးပါတယ်။
fructose သကြားဓာတ်
fructose သကြားဟာဆိုရင် သုက်ရည်ထဲမှာ ပါဝင်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပြီး သုက်ပိုးများ ကူးခတ်စေဖို့အတွက် စွမ်းအင်ကိုပေးရာမှာ အရေးကြီးပါတယ်။
fructose သကြားဓာတ် ကြွယ်ဝသော အစားအသောက်တွေထဲမှာအသီးအနှံ နှင့် အသီးအရွက်တွေပါဝင်ပြီး အမျိုးသားများရဲ့ သုက်ပိုးဆိုင်ရာ အဖြစ်များတဲ့ ပြဿနာတွေဖြစ်တဲ့ သုက်ပိုး ပမာဏ နည်းခြင်း၊ လှုပ်ရှားမှု မကောင်းခြင်းနှင့် ရွေ့လျားနိုင်စွမ်း မကောင်းခြင်း စတဲ့ ပြဿနာတွေ ကို ကူညီပေးနိုင်ပါတယ်။
နေ့စဉ် အသီးအနှံ၊ အသီးအရွက်များကို စားပေးခြင်းဟာ သုက်ပိုးကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အကျိုးတွေရှိတယ်ဆိုတာကို လေ့လာထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေဟာ တစ်နေ့မှာ အသီး၂မျိုး အနည်းဆုံး စားပေးသင့်ပြီး အသီးအရွက်အသုပ်တွေကို နေ့လယ်စာရော၊ ညစာရော ၂ခုလုံးမှာ စားသောက်ပေးခြင်းဟာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပါတယ်။
ဖောလစ်အက်စစ်ဟာ သုက်ပိုးတွေရဲ့ အရည်အသွေးကို ကောင်းမွန်စေတယ်လို့ သိပ္ပံနည်းကျလေ့လာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ဖောလစ်ဓာတ် ချို့ယွင်းနေတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ သုက်ပိုးမှာ ခရိုမိုဆုန်း ဆိုတဲ့ မျိုးရိုးဗီဇ လျော့နည်းစေနိုင်ပါတယ်။ ဒါဟာ သင်တို့ရဲ့ အနာဂတ် ကလေးကျန်းမာရေးအတွက် အရမ်းအန္တရာယ်ရှိပါတယ်။
ဘာကြောင့်လဲ ဆိုတော့ တကယ်လို့ အားနည်းနေတဲ့ သုက်ပိုးဟာ မမျိုးဥနှင့် ပေါင်းပြီး သန္ဓေအောင်သွားတဲ့အခါ မွေးလာတဲ့ကလေးမှာ မွေးရာပါချို့ယွင်းမှု သို့မဟုတ် ကိုယ်ဝန်ပျက်ကျခြင်း စတာတွေကို ဖြစ်စေနိုင် ပါတယ်။
ဖောလစ်အက်စစ် ကြွယ်ဝသော အစားအသောက်တွေထဲမှာ ပဲနီလေး၊ ပင်တိုပဲ၊ ပဲနက်၊ ပဲကြီး၊ ဟင်းနုနွယ်နှင့် ဂေါ် ဖီထုပ် စတာတွေ ပါဝင်ပါတယ်။
ဗီတာမင်စီဓာတ်
ဗီတာမင်စီဟာ သင့်ရဲ့ သုက်ပိုးများ ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီဗီတာမင် စီဓာတ်ဟာဆိုရင် ဆေးလိပ်သောက်သော အမျိုးသားများမှာ သုက်ပိုးအရည်အသွေးကို မြှင့်တင်နိုင်ပြီး သုတ်ပိုးများ ခဲသွားခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။
ဗီတာမင်စီဓာတ်ဟာ မီးအပူနဲ့ ချက်ပြုတ်ပြင်ဆင်ခြင်းခံရတဲ့အခါ အာဟာရဓာတ်ကို လျော့နည်းသွားပါတယ်။ ဒါကြောင့် ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအသောက်တွေကို အစိမ်းတိုင်း စားပေးသင့်ပါတယ်။
သင်္ဘောသီး၊ ပန်းဂေါ် ဖီစိမ်း၊ ငရုတ်ပွ၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ ကီဝီသီး၊ ပန်းဂေါ် ဖီ၊ ကိုက်လံ စတဲ့ အစားအသောက်တွေဟာ ဗီတာမင်စီ ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။
အသင့်သောက်ပုလင်းထဲမှာ ထည့်ထားတဲ့ ဗီတာမင်စီ အချိုရည်တွေကိုတော့ သောက်သုံးပေးဖို့ရာ မညွှန်ကြားပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဗီတာမင်စီ ပမာဏဟာ ပိုးသတ် လိုက်တဲ့အခါမှာ ၎င်းရဲ့ မျိုးရိုးဗီဇကို ကာကွယ်ထားသောဖြစ်စဉ် ဟာလည်း ဆုံးရှုံးသွားတဲ့အတွက် အာဟာရဓာတ်လျော့နည်းသွားနိုင်လို့ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ အစာအာဟာရများဟာ အမျိုးသားများမှာ မျိုးအောင်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်။ သင့်ရဲ့ မျိုးပွားမှု စနစ်ကို မြှင့်တင်ဖို့ရာအတွက် ကျန်းမာရေးနှင့် ညီညွတ်သော မျိုးအောင်စေသည့် အစားအသောက်များ ၊အစာအဟာရများကို စားပေးသင့်ပါတယ်။