brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ

ယောက်ျားတွေရဲ့ မျိုးမအောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံး အကြောင်းရင်းတစ်ခုက သုတ်ကောင်အရေအတွက် နည်းခြင်းပဲဖြစ်ပါတယ်။ သုက်ကောင်အရေအတွက်ကို နည်းစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဲဒီထဲကမှ ရှောင်ရှားလို့ရတဲ့အချက်တစ်ခုကတော့ လွန်ကဲတဲ့အပူနဲ့ ထိတွေ့ခြင်းပဲ ဖြစ်ပါတယ်။

ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ

သုက်ကောင်လေးတွေကို ထုတ်လုပ်နိုင်ဖို့ အကောင်းဆုံးအပူချိန်ကတော့ ပုံမှန် လူ့ခန္ဓာကိုယ်အပူချိန်ထက် ၃-၄ ဒီဂရီ နိမ့်တဲ့ အပူချိန်ပဲ ဖြစ်ပါတယ်။ အပူချိန်မြင့်လာလေလေ သုက်ကောင်ထုတ်လုပ်တာကို အနှောင့်အယှက်ဖြစ်လေ ဖြစ်တဲ့အတွက် ရေပူနဲ့ မကြာခဏ ထိတွေ့ခြင်းက သုက်ကောင် အရေအတွက်လျှော့နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဘယ်လို ပူနွေးမှုမျိုးမဆို အပူချိန် ၁ဒီဂရီတက်တိုင်း သုက်ကောင်အရေအတွက် ၄၀ ရာခိုင်နှုန်းခန့်ကို လျှော့ကျစေနိုင်ပါတယ်။ ချွေးထုတ်ခန်းသွားခြင်း၊ ရေနွေးကန်အသုံးပြုခြင်း နဲ့ ရေနွေးဖြင့်ရေချိုးခြင်းတွေက ခဏတာ ဝှေးစေ့ကို အပူလွန်စေတဲ့ အကြောင်းတွေမှာ ပါဝင်ပါတယ်။

တင်းကျပ်တဲ့ အောက်ခံဘောင်းဘီ ဝတ်ဆင်ခြင်းက ဝှေးစေ့ကို အပူများစေတဲ့ တရားဝင် အကြောင်းအရင်းမဟုတ်ပေမယ့် ပုံမှန် စက်ဘီးစီးခြင်း နှင့် တင်းကျပ်တဲ့ အဝတ်အထည်တွေကို ပုံမှန်ဝတ်ဆင်ခြင်းကခဏတာ အပူကို သိမ်းဆည်းထားသလို ဖြစ်သွားနိုင်ပါတယ်။ ဝှေးစေ့ကို အပူများစေပြီး ဝှေးစေ့ ကနေ သုက်ကောင် ထုတ်လုပ်မှုကို လျော့နည်းစေတဲ့ အခြား အကြောင်းအရင်းတွေကတော့ အပူနှုန်းမြင့်တဲ့ အလုပ်အကိုင် ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။ နွေရာသီမှာဆိုရင် သုက်ကောင်အရေအတွက် ပုံမှန်ပမာဏထက် ၃၀ ရာခိုင်နှုန်း လောက်လျော့နည်းနေတတ်ပါတယ်။ မုန့်ဖုတ်စက်ရုံ၊ သတ္တု အရည်ကြို စက်ရုံ အစရှိတဲ့ အပူချိန်များတဲ့ အလုပ်ပတ်ဝန်းကျင်ကလည်း ဝှေးစေ့အပူချိန်တွေကို မြင့်မားလာစေနိုင်ပါတယ်။

သင်သာ မကြောက်လျှင် သင့်အလုပ် မန်နေဂျာကို သင်နေ့စဉ်ထိတွေ့နေရတဲ့ အပူပမာဏကို လျှော့ချနိုင်ဖို့ ဖြေရှင်းချက်ရှိမရှိ မေးမြန်းနိုင်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် အနားယူချိန် ပိုရနိုင်တာမျိုး၊ အခြားနေရာမှာ လအနည်းငယ် အလုပ်သွားလုပ်လို့ရတာမျိုးအတွက် အကူအညီတောင်း မေးမြန်းသင့်ပါတယ်။ အကြောင်းက အပူကိုတော်တော်ကြာကြာ ထိတွေ့ရတာမျိုးဖြစ်တဲ့ နာရီပေါင်းများစွာ ထိုင်ရတဲ့ အလုပ်မျိုးဆိုရင်လည်း တစ်သက်လုံး မျိုးမအောင်တော့တာမျိုးထိ ဖြစ်သွားစေနိုင်ပါတယ်။

ချွေးထုတ်ခြင်း၊ ရေနွေးကန်သုံးခြင်း စတဲ့ ရေအပူနဲ့ခဏတာထိတွေ့ရတာမျိုးဆိုရင်တော့ ပုံမှန်အားဖြင့် သုက်ကောင်လေးတွေက အပူလွန်ကဲခြင်းကနေ အမြန်ပြန်ကောင်းနိုင်တာကြောင့် ပုံမှန်သုက်ကောင်ပြန်ဖြစ်ဖို့ အချိန် ၁ပတ်လောက်သာကြာတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း လေ့လာမှုတစ်ခုရဲ့ ဖော်ပြချက်အရ သုက်ကောင်တွေကို ပျက်စီးစေမယ့် အကြောင်းအရာကို ဖယ်ရှားလိုက်ရင်တောင် အနည်းဆုံး ၃လ မပြည့်မချင်း ပုံမှန်သုတ်ကောင်အနေအထား ပြန်မရနိုင်ဘူးလို့ သိရပါတယ်။ ၃လ လောက်ကြာရင်တော့ ပုံမှန်ပြန်ဖြစ်နိုင်ပါတယ်။

ဖခင် တစ်ယောက်ဖြစ်ချင်ပါသလား။ သင့်ရဲ့ သုက်ကောင်လေးတွေအတွက် ရေအေးက ပိုကောင်းပါတယ်။ အပူချိန် တက်တာကို ဖြစ်စေတဲ့ အရာအားလုံးက သုက်ကောင်အရေအတွက်ကို လျော့နည်းစေပါတယ်။ ရေပူနဲ့ချိုးတာ၊ ထိတွေ့တာကြောင့် သုက်ကောင်အရေအတွက်နဲ့ အရည်အသွေးကို ခဏတာထိခိုက်စေနိုင်တာမှန်ပါတယ်။ သို့ပေမယ့်နေ့စဉ်နာရီပေါင်းများစွာ ရေပူနဲ့ စိမ်ခြင်း၊ ချိုးခြင်း မရှိဘူးဆိုရင်တော့ ရေနွေး၊ရေပူကို မျိုးမအောင်စေခြင်း(သုတ်ကောင်တွေကိုသတ်နေခြင်း) အကြောင်းရင်း အနေနဲ့ စဉ်းစားပြီး လွန်လွန်ကဲကဲ စိတ်ပူနေစရာ မလိုအပ်ပါဘူး။

Dr. K Zin Thwe
Dr. K Zin Thwe
မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။Dr. K Zin Thwe
Written by Khine Phoo Ngon · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။