brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဦးနှောက်ကင်ဆာကို ဇီကာဗိုင်းရပ်စ်နဲ့ ကုသနိုင်

သုတေသနတစ်ခုက ဦးနှောက်ကင်ဆာဆဲလ်တွေကို ပစ်မှတ်ထား၊ တိုက်ဖျက်နိုင်ဖို့ ဇီကာဗိုင်းရပ်စ်ကို အသုံးပြုဖို့လေ့လာနေပြီး ခုချိန်ထိတော့ ရလဒ်တွေက အလားအလာကောင်းနေတယ်လို့ သိရပ်ါတယ်။ ဒါပေမယ့်ဘေးအန္တရာယ်ကင်းတဲ့ ကုသမှုတစ်ခုဖြစ်လာဖို့ကတော့ အချိန်အတော်စောင့်ရဦးမယ်လို့ သုတေသီတွေကပြောပါတယ်။

ဦးနှောက်ကင်ဆာကို ဇီကာဗိုင်းရပ်စ်နဲ့ ကုသနိုင်

ဇီကာရောဂါပိုးကို ကုသရေးမှာသုံးလို့ရနိုင်ပါ့မလား။

သုတေသနအသစ်ကတော့ ရနိုင်ပါတယ်လို့ဖြေပါတယ်။ ဒီဗိုင်းရပ်စ်က ဗဟိုအာရုံကြောစနစ်အတွင်းမှာ အာရုံကြောဆဲလ်တွေနဲ့glial ဆဲလ်တွေကို ခွဲခြားပေးတဲ့ ဦးနှောက်ဆဲလ် (neural progenitor cells) တွေကို ပစ်မှတ်ထားတိုက်ဖျက်ပေးလေ့ရှိတာကြောင့်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒီအချက်ကြောင့်ပဲ ကိုယ်ဝန်ဆောင်ချိန်မှာ ဇီကာကူးစက်ခံရတဲ့ မိခင်တွေရဲ့ သားသမီးတွေဟာ မွေးရာပါဦးခေါင်းသေးရောဂါ (microcephaly) နဲ့မွေးဖွားလာရတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီအချက်ကြောင့်ပဲ ဇီကာဗိုင်းရပ်စ်က ဦးနှောက်ကင်ဆာတစ်မျိုး (glioblastoma) ဖြစ်ခြင်းကို အားပေးတဲ့ glioblastoma ပင်မဆဲလ်တွေကို တိုက်ဖျက်နိုင်တာဖြစ်ပါလိမ့်မယ်။

သုတေသနကို Washington University School of Medicine မှ ပညာရှင်တွေကလေ့လာခဲ့တာဖြစ်ပြီးThe Journal of Experimental Medicine မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

ဇီကာက ကင်ဆာပင်မဆဲလ်တွေကို ပစ်မှတ်ထား

Glioblastoma ပင်မဆဲလ်တွေဟာ ကုထုံးတွေကိုယဉ်ပါးလေ့ရှိပြီး အကျိတ်တွေပြန်ဖြစ်စေပြီး အသက်ရှင်နိုင်မယ့်အခွင့်အလမ်းကနည်းပါးစေတတ်ပါတယ်။ ဒီဆဲလ်တွေဟာ ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်ကို အနိုင်ယူထားတာကြောင့် ၎င်းတို့ကိုပျက်ပြယ်စေခဲ့ရင် မူလအကျိတ်ကို ဖယ်ရှားရာမှာကုသမှု ပိုထိရောက်စေမှာဖြစ်ပါတယ်။

ဒီအချက်ကိုစမ်းသပ်ဖို့အတွက် သုတေသီအဖွဲ့က ခွဲစိတ်ဖယ်ထုတ်ထားတဲ့အကျိတ်တွေကနေ ရရှိထားတဲ့glioblastoma နမူနာတွေကိုသုံးပြီး ဓါတ်ခွဲခန်းမှာ ဇီကာဗိုင်းရပ်စ်နဲ့ စမ်းသပ်ခဲ့ပါတယ်။ ရလဒ်တွေအရ ဇီကာဗိုင်းရပ်စ်ဟာ တခြားဦးနှောက်ဆဲလ်တွေထက်glioblastoma ဆဲလ်တွေကို ပစ်မှတ်ထား၊ တိုက်ခိုက်တာကိုတွေ့ရပါတယ်။

ပြုပြင်ထားတဲ့ ဇီကာပိုးမျိုးစိတ်ထည့်သွင်းထားတဲ့ ကြွက်တွေနဲ့စမ်းသပ်ရာမှာလည်း ကင်ဆာအကျိတ်ဖွံ့ဖြိုးမှုကလျော့ကျသွားပြီး သက်တမ်းပိုရှည်နိုင်တာကိုတွေ့ရပါတယ်။နောက်တဆင့်အနေနဲ့ကတော့ ခန္ဓါကိုယ် ခုခံအားစနစ်က ခံနိုင်ရည်ရှိလောက်တဲ့အထိ ကူးစက်ပြန့်ပွားနိုင်စွမ်းနည်းပါးတဲ့ ဇီကာမျိုးစိတ်သစ်ကိုဖန်တီးနိုင်ဖို့ပဲဖြစ်ပါတယ်။

“ဗိုင်းရပ်စ်ကိုဘေးအန္တရာယ်ကင်းတဲ့အဆင့်အထိရောက်ရှိစေဖို့ သန္ဓေပြောင်းလဲမှုတွေထပ်ပြီးလုပ်ဆောင်ရဦးမှာပါ။ ဒီဗိုင်းရပ်စ်က အကျိတ်တွေမဖြစ်အောင် တားဆီးုနိုင်တယ်ဆိုတာကို သက်သေပြနိုင်ဖို့ိလိုတယ်။ ဒါ့အပြင် အကျိတ်ဖယ်ရှားရေးမှာ ဗိုင်းရပ်စ်နဲ့ကိုယ်ခံအားစနစ်က ဘယ်လိုပတ်သက်လုပ်ဆောင်သလဲဆိုတာကို ပိုပြီးနားလည်ဖို့လိုသေးတယ်” လို့Dr. Diamond ကပြောပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Dr. Kaung Thar
Dr. Kaung Thar
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 05/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။