ဇီကာဟာ နေ့ဘက်တွေရော ညဘက်တွေမှာပါ အေဒီးစ်အမျိုးအစားခြင်တွေကိုက်ရာက အများဆုံး ကူးစက်တတ်တဲ့ရောဂါပါ။ တကယ်လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်မှာ ဇီကာဗိုင်းရပ်စ်ရှိနေပြီဆိုရင် သန္ဓေသားကိုပါ ကူးစက်နိုင်ချေရှိပါတယ်။ တွေ့ရသမျှ သက်သေအထောက်အထားတွေကတော့ ဇီကာဗိုင်းရပ်စ်ဟာ လိင်မှတစ်ဆင့်လည်း လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်တယ်လို့ ထောက်ပြထားပါတယ်။
•ဇီကာရောဂါက လိင်ကနေတစ်ဆင့် ဘယ်လိုကူးစက်တာလဲ။
သုက်ရည်၊ မိန်းမကိုယ်အရည် ၊ တံတွေး၊ဆီးနဲ့ နို့ရည်တို့မှာ ဇီကာဗိုင်းရပ်စ် ရှိနေနိုင်ပါတယ်။ ဇီကာဗိုင်းရပ်စ်ရှိသူတစ်ယောက်ရဲ့ သုက်ရည် သို့မဟုတ် မိန်းမကိုယ်အရည်တွေထဲမှာ ဇီကာဗိုင်းရပ်စ်ကျန်ရှိနေနိုင်တဲ့အချိန်နဲ့ လိင်ဆက်ဆံဖော်ကို ကူးစက်နိုင်ဖို့ ကြာနိုင်တဲ့အချိန်ကတော့ ယခုချိန်ထိ မသိရသေးပါဘူး။ ဒါပေမယ့် ဇီကာဟာ မိန်းမကိုယ်အရည်၊ ဆီးနဲ့ သွေးတွေ စတဲ့ အခြားသော ကိုယ်တွင်းအရည်တွေထဲမှာနဲ့စာရင် သုက်ရည်တွေမှာ ပိုပြီးကြာကြာနေနိုင်ပါတယ်။
မိန်းမကိုယ်နဲ့လိင်ဆက်ဆံခြင်း၊ စအိုနဲ့လိင်ဆက်ဆံခြင်း၊ ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းလို ကိစ္စမျိုးတွေဟာ ဇီကာဗိုင်းရပ်စ်ရှိသူထံမှ လိင်ဆက်ဆံဖော်ထံသို့ကူးသွားတတ်တဲ့နည်းလမ်းတွေလို့ ယုံကြည်ရပါတယ်။ ဆိုလိုတာက ဇီကာဗိုင်းရပ်စ်ရှိသူတစ်ဦးနဲ့လိင်ဆက်ဆံတာဟာ ဗိုင်းရပ်စ်ကူးစက်နိုင်ချေပိုတိုးလာစေပါတယ်။ တကယ်လို့သင်က အခြားသူတွေနဲ့ လိင်ဆက်ဆံတဲ့အရုပ်တွေကို ဝေမျှသုံးစွဲမယ်ဆိုရင်လည်း သင့်ကို ဇီကာဗိုင်းရပ်စ်ကူးနိုင်ချေများပါတယ်။
ရောဂါလက္ခဏာမပြသေးတဲ့ ဇီကာဗိုင်းရပ်စ်ရှိနေသူတွေဟာ သူတို့ရဲ့ဆက်ဆံဖော်တွေဆီကို လက္ခဏာမပြသေးခင်၊ ပြနေဆဲနဲ့ လက္ခဏာပြတာတွေရပ်ဆိုင်းသွားတဲ့အချိန်ထိ ဗိုင်းရပ်စ်တွေကူးစက်စေနိုင်ပါတယ်။ ဇီကာဗိုင်းရပ်စ်ကူးစက်ခံနေရပြီလို့ သတ်မှတ်လိုက်တဲ့သူတွေဟာ လက္ခဏာလုံးဝမပြနေသေးရင်တောင်မှ အခြားသူတွေဆီကို ဗိုင်းရပ်စ်တွေကူးစေနိုင်ပါတယ်။
ဒီဖြစ်စဉ်က ပြသနေတာကတော့ လိင်မှတစ်ဆင့်ကူးစက်ခြင်းဟာ အမျိုးသမီးနဲ့ အမျိုးသားကြားတင်မက လိင်တူဆက်ဆံသူတွေကိုပါကူးစက်နိုင်ပါတယ်။ အမျိုးသားမှ အမျိုးသမ်းဆီကို လိင်မှတစ်ဆင့်ကူးစက်ခဲ့တဲ့ အစီရင်ခံချက်တော့မရှိခဲ့ပေမယ့် ဇီဝဗေဒမျက်စိနဲ့ကြည့်မယ်ဆိုရင်တော့ ယုံကြည်လောက်စရာပါပဲ။
သင်က ဇီကာရောဂါဖြစ်နေတဲ့နေရာတွေကို ခရီးသွားနေတဲ့သူ သို့မဟုတ် အဲ့ဒီနေရာမှာနေထိုင်သူနဲ့ ကွန်ဒုံးမပါဘဲ လိင်မှုကိစ္စရှိခဲ့တယ်ဆိုရင် သင့်ကိုလည်း ကူးစက်နိုင်ပါပြီ။
•သင့်ကိုယ်သင်ဘယ်လိုကာကွယ်မလဲ။
လိင်မှတစ်ဆင့် ဇီကာဗိုင်းရပ်စ်ကူးစက်ခြင်းကို ကာကွယ်ဖို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ဇီကာဖြစ်ပွားတဲ့နေရာမှာနေတဲ့ သို့မဟုတ် အဲဒီနေရာကို ခရီးထွက်နေတဲ့ လက်တွဲဖော်နဲ့ လိင်ဆက်ဆံမှုပြုရင် အမျိုးသားကွန်ဒုံးရော အမျိုးသမီးကွန်ဒုံးကိုပါသုံးစွဲဖို့အကြံပြုထားပါတယ်။ ကူးစက်နိုင်ချေ နည်းသွားဖို့အတွက် အစမှအဆုံး အချိန်တိုင်းမှာ (မိန်းမကိုယ်တွင်းဖြစ်စေ၊ စအိုနဲ့ဖြစ်စေ၊ ပါးစပ်နဲ့လိင်ဆက်ဆံသည်ဖြစ်စေ) ကွန်ဒုံးသုံးစွဲဖို့ မဖြစ်မနေလိုပါတယ်။ ဖြစ်နိုင်တယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ ကျန်ရှိတဲ့ကိုယ်ဝန်ဆောင်ကာလတွေမှာ လိင်ဆက်ဆံခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။
တကယ်လို့သင်က ပါးစပ်နှင့်လိင်ဆက်ဆံခြင်းပြုလုပ်မယ်ဆိုရင် သွားဖုံးကာ (dental dams)တွေကိုသုံးဖို့လိုပါလိမ့်မယ်။ ဇီကာဗိုင်းရပ်စ်ကို ဆက်ဆံဖော်တွေကို ဖြန့်ခြင်း နဲ့ အခြားသူတွေဆီမှ တစ်ပြန် ဗိုင်းရပ်စ်ကူးလာခြင်းတို့ မဖြစ်စေဖို့အတွက် လိင်ဆက်ဆံတဲ့အရုပ် တွေကို မျှဝေသုံးစွဲတာမျိုး မလုပ်သင့်ပါဘူး။ ဇီကာဖြစ်ပွားရာနေရာမှာနေထိုင်သူ သို့မဟုတ် ထိုဒေသတွေကိုခရီးထွက်ခဲ့သူ၊ ဒါမှမဟုတ် ဇီကာဗိုင်းရပ်စ်ရှိနေသူနဲ့လိင်ဆက်ဆံခဲ့တဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ သူတို့ဆီမှာ ဗိုင်းရပ်စ်ရှိမရှိသိရဖို့အတွက် ကျန်းမာရေးဝန်ထမ်းတွေနဲ့တွေ့ပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။
ဇီကာဖြစ်ပွားနေသူ လူဦးရေဟာ တိုးပြီးရင်းတိုးလာနေပါတယ်။ သင့်ကို ဗိုင်းရပ်စ်ကူးစက်ခြင်းကို ကာကွယ်နိုင်ဖို့ နည်းလမ်းကောင်းတွေကတော့ ဘယ်လိုကူးစက်နိုင်တယ်ဆိုတာသိထားဖို့ (လိင်ဆက်ဆံခြင်းမှကူးစက်ခြင်းအပါအဝင်)၊ ဘယ်လိုကာကွယ်ရမယ်ဆိုတာသိထားဖို့နဲ့ အချိန်မှီ ဆေးကုသမှုခံယူဖို့အတွက် ရောဂါလက္ခဏာတွေကိုသိထားဖို့လိုအပ်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။