အအေးမိဖျားနာတာနဲ့ရာသီတုပ်ကွေးရောဂါတွေက ဗိုင်းရပ်စ်ကြောင့်ဖြစ်ရတာပါ။ အအေးမိဖျားနာတဲ့အခါ လည်ချောင်းနာတာ၊ နှာစေးတာ၊နှာခေါင်းပိတ်တာနဲ့ချောင်းဆိုးတာတွေကိုပါခံစားရနိုင်ပါတယ်။ တစ်ခါတလေတုပ်ကွေးဖြစ်တာကလည်း သာမန်အအေးမိဖျားနာတာကြောင့်ဖြစ်တဲ့လက္ခဏာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ ဒါပေမယ့် တုပ်ကွေးဖြစ်တဲ့အခါ အပေါ်မှာပြောခဲ့တဲ့လက္ခဏာတွေအပြင် အဖျားတက်တာ၊ခေါင်းကိုက်တာနဲ့ကိုယ်လက်တွေကိုက်ခဲနာကျင်တာမျိုးကိုပါ ခံစားရနိုင်ပါတယ်။
ဒီလိုဝေဒနာတွေခံစားရတဲ့အခါ မဖြစ်မနေဆေးခန်းသွားပြဖို့လိုမလား။ တုပ်ကွေးဖြစ်တဲ့အခါမျိုးမှာတော့ ကိုယ်ကြောင့် အခြားသူတွေကို အဖျားမကူးစေဖို့အတွက်ဆေးခန်းသွားပြလိုက်တာ အကောင်းဆုံးပါ။ ဒါပေမယ့်တော်ရုံအဖျားလောက်ကိုတော့ဆေးသောက်တာ၊အနားယူတာ၊ အာဟာရပြည့်ဝအောင်စားသုံးတာမျိုးလုပ်ပေးပြီး သက်သာအောင်လုပ်ပေးလို့ရပါတယ်။ အအေးမိဖျားနာကင်းဝေးအောင်လုပ်လို့ရတဲ့နောက်ထပ်နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ကြိုတင်ကာကွယ်တာပါ။ ဒီနေရာမှာမေးစရာရှိတာက ဘယ်လိုကြိုတင်ကာကွယ်ရမလဲဆိုတာပါ။
အဖျားတာမရှည်စေဘဲ ဖျားနာမှုကင်းဝေးစေမယ့် နည်းလမ်း
ဒါကတော့တော်တော်များများ အမှုမဲ့အမှတ်မဲ့ဖြစ်နေကြတဲ့ ဆားရည်နဲ့ပလုပ်ကျင်းတာပါ။ ဆားရည်နဲ့ပလုပ်ကျင်းတာအပြင် အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပေးနိုင်တဲ့နောက်ထပ်နည်းလမ်းတစ်မျိုးကတော့ ခံတွင်းသန့်ဆေးရည်အသုံးပြုပြီး အာလုပ်ကျင်းတာပါ။ ဒီနည်းလမ်းကထိရောက်ပါ့မလားလို့တွေးနေလား။ ဒါဆိုရင်အောက်ကို ဆက်ကြည့်လိုက်ပါနော်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ရှင်းပြပေးမယ်နော်။
သိပ္ပံနည်းကျလေ့လာဆန်းစစ်မှုတွေအရရေနွေးထဲမှာ ဆားထည့်ပြီးရောစပ်ထားတဲ့ ဆားရည်နဲ့ပလုပ်ကျင်းတာ၊ ခံတွင်းသန့်ဆေးရည်သုံးပြီး အာလုပ်ကျင်းတာတွေက လည်ချောင်းအတွင်းနံရံမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပြီး အအေးမိတာကို သက်သာအောင်လုပ်ဆောင်ပေးပါတယ်။ အဖျားဝင်ချင်သလိုဖြစ်ကာစမှာ ဒီလိုမျိုး အာလုပ်ကျင်းပေးမယ်ဆိုရင် ဖျားနာတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။
ဒီလိုပလုပ်ကျင်းပေးတဲ့အခါ လည်ချောင်းထဲမှာရှိတဲ့ ရောင်ရမ်းနေတဲ့တစ်ရှုးတွေက အရည်ပိုတွေကိုဖယ်ရှားပေးပြီး လည်ချောင်းနာကျင်မှုကို သက်သာစေပါတယ်။ အာလုပ်ကျင်းပေးတာက လည်ချောင်းထဲမှာရှိနေတဲ့ချွဲသလိပ်တွေကိုဖယ်ရှားပေးပြီး လည်ချောင်းနာတာနဲ့ အအေးမိဖျားနာတာ၊ အသက်ရှုလမ်းကြောင်း ပိုးဝင်ကူးစက်မှုကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။ ဒီလိုမျိုး အာလုပ်ကျင်းတာကိုနေမကောင်းမှ လည်ချောင်းနာမှ မဟုတ်ဘဲ နေ့စဉ်ပုံမှန်လုပ်ဆောင်ပေးမယ်ဆိုရင်လည်း အအေးမိဖျားနာတာကို ကာကွယ်ရာရောက်သလို သွားနဲ့ခံတွင်းကျန်းမာရေး၊ လည်ချောင်းနာတာနဲ့ ခံတွင်းအနာတွေကို သက်သာစေဖို့အတွက်ပါအထောက်အပံ့ဖြစ်စေမှာပါ။ ဆား နဲ့ရေနွေးလုပ်ရမှာကို အလုပ်ပိုတယ်ထင်တယ်ဆိုရင်လည်းရေခပ်နွေးနွေးလေးနဲ့ အာလုပ်ကျင်းပေးလို့ရသလို ခံတွင်းသန့်ဆေးရည်ဝယ်ထားပြီး အာလုပ်ကျင်းပေးလို့လည်းရပါတယ်။
လေ့လာမှုတွေအရ တစ်နေ့ကို ၃ ကြိမ်လောက် အာလုပ်ကျင်းပေးတာက အသက်ရှုလမ်းကြောင်းဆိုင်ရာ ပိုးဝင်ကူးစက်ခံရမှုအန္တရာယ်ကို ၄၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် အိတ်ထဲမှာ ခံတွင်းသန့်ဆေးရည်ကိုဆောင်ထားပြီး မနက်စာစားပြီးချိန်တစ်ကြိမ်၊နေ့လည်စာစားပြီးချိန်တစ်ကြိမ်နဲ့ညစာစားပြီးချိန်တစ်ကြိမ် ပုံမှန်အာလုပ်ကျင်းတဲ့အလေ့အထကိုမွေးမြူပြီး အအေးမိဖျားနာတာ၊ အသက်ရှုလမ်းကြောင်းပိုးဝင်ကူးစက်တာနဲ့ လည်ချောင်းနာတာတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ။ ဖျားတဲ့အခါမှာ အာလုပ်ကျင်းပေးမယ်ဆိုရင်လည်း အဖျားတာတိုစေမှာဖြစ်တာကြောင့် ဒီအလေ့အကျင့်က ဖျားနာတာကြောင့် အလုပ်မပျက်ချင်သူတွေအနေနဲ့မွေးမြူသင့်တဲ့အလေ့အထတစ်ခုပေါ့။
နည်းစနစ်မှန်မှန် အာလုပ်ကျင်းကြမယ်
အာလုပ်ကျင်းတဲ့အခါ ပြီးပြီးရောကျင်းလို့လည်းမဖြစ်ပြန်ပါဘူး။ သေသေချာချာလေးလုပ်မှာ ထိရောက်မှုအားကောင်းမှာပါ။
- အသုံးပြုတဲ့အခါမှာလည်း ဆားရည်နဲ့ ပလုပ်ကျင်းမယ်ဆိုရင် ရေနွေးတစ်ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်းရဲ့ ၄ ပုံ ၁ ပုံစာထည့်ပြီး သေချာမွှေပေးပါ။ ခံတွင်းသန့်ဆေးရည် အသုံးပြုမယ်ဆိုရင်တော့ ဆေးညွှန်းအတိုင်း အတိအကျလိုက်နာပေးပါ။
- ခံတွင်းသန့်ဆေးရည်အသုံးပြုတဲ့အခါမှာလည်း ပုလင်းကို ပါးစပ်နဲ့တေ့ပြီးလောင်းချတာမျိုးမလုပ်ပါနဲ့။ရောဂါပိုးတွေကပ်ငြိနေပြီး အခြားသူတွေကိုပါကူးစက်နိုင်တာကြောင့်ပါ။ အကောင်းဆုံးကတော့ ခွက်သန့်သန့်တစ်ခုထဲကိုလောင်းထည့်ပြီးမှာ အသုံးပြုပေးပါ။
- အာလုပ်ကျင်းတဲ့အခါ ခံတွင်းတစ်ခုလုံးနဲ့လည်ချောင်းထဲထိရောက်အောင် စက္ကန့် ၃၀ ကနေ ၆၀ ကြာအောင် အာလုပ်ကျင်းပေးပါ။
- ဒီအချက်ကတော့ သိပြီးသားဆိုပေမယ့်သေချာစေဖို့ထပ်ပြောရတာပါ။ ဒါကတော့ အာလုပ်ကျင်းတဲ့ရေတွေကို မျိုမချပါနဲ့။ထွေးထုတ်ပေးပါ။ မျိုချမိတဲ့ပမာဏက နည်းရင် မအီမသာဖြစ်တာ၊ ဝမ်းသွားတာမျိုးဖြစ်စေနိုင်ပြီး ပမာဏအရမ်းများသွားရင်တော့ အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။
- နောက်ဆုံးမှာချင်တာတစ်ချက်က သန့်ချင်လွန်းတဲ့ ဆန္ဒ၊ရောဂါတွေကို ကာကွယ်ချင်လွန်းတဲ့ဆန္ဒနဲ့ ခဏခဏ အာလုပ်ကျင်းတာမျိုးမလုပ်ဖို့ပါ။ ခံတွင်းသန့်ဆေးရည် အသုံးပြုမယ်ဆိုရင် အညွှန်းအတိုင်း အသုံးပြုသင့်ပါတယ်။ အများဆုံးအနေနဲ့ တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက်အထိပဲအသုံးပြုသင့်ပါတယ်။
ဒီလောက်ဆိုရင် သင့်အနေနဲ့ ဘယ်လိုကောက်ချက်ချမလဲ။ ခံတွင်းသန့်ဆေးရည်သုံးတာနဲ့ အာလုပ်ကျင်းတာက အအေးမိဖျာနာတာကို ကာကွယ်ရာမှာ ထိရောက်မှုရှိတယ်ထင်လား၊ မထင်ဘူးလား………….
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

















