နေအိမ်လေး ကို သန့်သန့်ရှင်းရှင်းထားပါ။ရောဂါကင်းတယ်ဆိုတဲ့ စကားက အလကားပြောနေတာမဟုတ်ပါဘူး။ လိုအပ်တဲ့ ကျန်းမာရေးဂရုစိုက်မှုတွေထဲက တစ်ခုဖြစ်နေတာကြောင့် လူကြီးတွေကပြောရတာပါ။နေအိမ်သန့်ရှင်းမှာ နေအိမ်လေး ထဲမှာ ကျန်းမာရေးကို ဒုက္ခပေးနိုင်တဲ့ အင်းဆက်ပိုးမွှားတွေ ကင်းစင်တော့မပေါ့။
နေအိမ်မသန့်ရှင်းတာကြောင့် မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေ [သို့မဟုတ်] အင်းဆက်တွေ
နေအိမ်လေး မသန့်ရှင်းတဲ့အခါ နေအိမ်တွင်း နဲ့ နေအိမ် ပတ်ဝန်းကျင်မှာ မဖိတ်ခေါ်ဘဲရောက်လာနိုင်တဲ့ ဧည့်သည်တွေက ဒုနဲ့ဒေးပါ။ အင်းဆက်တွေ ပေါ့။ သူတို့ကရောက်လာပြီးရင် ဒီတိုင်းနေမှာ မဟုတ်ပါဘူး။ ရောဂါဆိုတဲ့ လက်ဆောင်ကြီးကိုပေးခဲ့မှာနော်။
မလိုချင်ဘဲရလိုက်မယ့် လက်ဆောင်တွေကရော ဘာတွေများလဲ……
နေအိမ်လေး အတွင်းမှာရှိတဲ့ အင်းဆက်တွေကပေးတဲ့ ဝေဒနာတွေက ဘာတွေများ ဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။
ခြင်
နေအိမ်တိုင်းက ခြင်ကင်းဖို့ဆိုတာ မလွယ်ကူမှန်းတော့ သိပါတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားမယ်ဆိုရင် ခြင်ပေါက်ဖွားမှုကို နည်းနည်းတော့ လျှော့စေနိုင်တာပေါ့။ခြင်အရမ်းများတာကြောင့်ခြင်ကိုက်ခံရမှုကနေတဆင့်
- သွေးလွန်တုပ်ကွေး
- ငှက်ဖျား
- ဆင်ခြေထောက်ရောဂါ
- ဆင်တုပ်ကွေး
- ဂျပန်ဦးနှောင်ရောင်ရောဂါတွေ ဖြစ်နိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ…..
- နေအိမ်လေး ကို သန့်ရှင်းအောင်ထားပါ
- ခြင်နိုင်ဆေးထွန်းပါ
- လုံခြုံစွာဝတ်ဆင်ပါ။
ယင်ကောင်
ရောဂါပိုးတွေကို ခြေလက်တွေမှာ သယ်ဆောင်လာပြီး ပို့ချတတ်သူတွေပေါ့။ ယင်ကောင်တွေက အညစ်အကြေးတွေမှာ နားပြီး အစားအစာတွေပေါ်မှာ နားလိုက်တဲ့အခါ အစားအစာတွေထဲမှာ ရောဂါပိုးတွေက အလိုလျောက် ပါပြီးသား ဖြစ်သွားရောပေါ့။ ဒီလို မသန့်ရှင်းတဲ့ အစားအစာတွေကို စားမိတဲ့အခါမှာ
- ဝမ်းပျက်ဝမ်းလျှောတာ
- ဗိုက်နာတာ
- မအီမသာဖြစ်တာတွေ
- အူရောင်ငန်းဖျားရောဂါ
- အနာကြီးရောဂါတွေခံစားရနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ….
- နေအိမ် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ထားမယ်
- အစားအစာတွေကို ဖုံးအုပ်မယ်
- ယင်ကောင်ကင်းစင်တဲ့ ပတ်ဝန်းကျင် တစ်ရပ်ဖြစ်အောင် ဖန်တီးမယ်။
ပိုးဟပ်
ပူနွေးတဲ့နေရာတွေမှာနေတတ်ကြတယ်။ မီးဖိုချောင်တွေ။ နံရံအခေါင်းပေါက်ထဲမှာအနေများကြပါတယ်။ ညမှောင်တဲ့အခါထွက်လာတတ်သလို အလင်းရောင်အားနည်းတဲ့နေရာတွေမှာလည်း အချိန်မရွေးရှိနေနိုင်ပါတယ်။ အစားအစာတွေပေါ်၊ ပန်းကန်အိုးခွက်တွေမှာ ပိုးဟပ်တွေနားလိုက်မယ်၊လျှောက်တက်မယ်ဆိုရင်
- ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
- ဝမ်းကိုက်တာ
- အူရောင်ငန်းဖျားရောဂါ
- အစာခြေစနစ်ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။
ဘယ်လိုကာကွယ်ကြမလဲ…..
- နေအိမ်ကိုသန့်ရှင်းအောင်ထားပါ
- ပရုတ်ပြားတွေထားရှိပါ
- အမှိုက်ပုံးတွေကိုသေချာထားရှိပါ
- အစားအစာတွေကို ဖုံးအုပ်ထားပါ
- စိုထိုင်းဆနည်းနိုင်သမျှနည်းအောင် ဂရုစိုက်ပါ။
ခြ
ရုတ်တရက်ကြည့်လိုက်ရင်နေအိမ်ပရိဘောဂတွေကိုပဲ ထိခိုက်စေတာပါ။ ကျန်းမာရေးကို မထိခိုက်စေနိုင်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့နေအိမ်မှာခြတွေရှိနေမယ်ဆိုရင်
- ဓါတ်မတည့်မှုတွေဖြစ်နိုင်တယ်
- ပန်းနာရင်ကျပ်ရောဂ ဖြစ်နိုင်တယ်။
ဘယ်လိုကာကွယ်ကြမလဲ…..
- အိမ်ကိုသေချာလေးသန့်ရှင်းပါ
- ခြအိမ်တွေတွေ့ရှိပြီဆိုရင် အင်းဆက်တိုက်ဖျက်တဲ့ဆေးတစ်မျိုးမျိုးဖြန်းပေးပါ။
ဂျပိုး
အိပ်ရာတွေ၊ အခင်းတွေနဲ့ ဆိုဖာတွေမှာ ခိုအောင်းနေတတ်တဲ့သွေးစုပ်တတ်တဲ့ သတ္တဝါလေးတွေပေါ့။ရောဂါကို တိုက်ရိုက် ပေးတာမျိုး မဟုတ်ပေမယ့်ရောဂါဖြစ်လာစေတဲ့ အကြောင်းရင်းခံ တစ်ခုပေါ့။ နေအိမ်မှာ ဂျပိုးတွေရှိနေမယ်ဆိုရင်
- အရေပြား ဓာတ်မတည့်မှုတွေ ဖြစ်နိုင်တယ်
- ဂျပိုး ကိုက်ခံရတဲ့ နေရာတွေကို ယားလို့ ကုတ်ရာကနေ အပေါ်ယံအရေပြားတွေ ပေါက်ပြဲပြီး ရောဂါပိုးတွေ ဝင်ရောက်စေနိုင်တယ်။
ဘယ်လိုကာကွယ်မလဲ…..
- နေအိမ်လေး ကို သပ်သပ်ရပ်ရပ်ထားပါ
- အိပ်ယာခင်းတွေ၊စောင်တွေကို ပုံမှန်လျှော်ပါ
- အခင်းတွေကို နေ ထုတ်လှန်းပါ
- ဆိုဖာတွေကို ဖုန်စုပ်ပါ။
ကြွက်
ကြောက်စရာကောင်းတဲ့ အိမ်တွင်းရန်သူတွေပေါ့။ စားကြွင်းစားကျန်တွေတင် စားတာ မဟုတ်ဘဲ ရောဂါပိုးတွေကိုပါ အတင်း ချန်ထားခဲ့သေးတာ။ အိမ်မှာ ကြွက်ပေါတာကြောင့်
- ပလိပ်ရောဂါ
- Hantavirus Pulmonary Syndrome (HPS) အသက်သေဆုံးသည်အထိပြင်းထန်နိုင်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ
- lymphocytic choriomeningitis virus (LCMV)
- Tularemia
- အသည်းရောင်အသားဝါရောဂါတို့ ခံစားရနိုင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ……..
- နေအိမ်ကို သန့်ရှင်းသပ်ရပ်အောင် ထားပါ
- စားကြွင်းစားကျန်တွေ သေချာစွာ စွန့်ပစ်ပါ
- နေအိမ် ပတ်ဝန်းကျင်ကို အမှိုက်ကင်းစင်အောင် ထားပါ။
ကဲ…. နေအိမ်လေး ကို သန့်ရှင်းအောင်ထားပါလို့ ဘာကြောင့် ပြောရတာလဲ ဆိုတာကို သိလောက်ပြီ ထင်ပါတယ်။ အခုကစပြီး နေအိမ်လေး ကို သန့်ရှင်းအောင်ထားလို့ ကိုယ်တိုင်ကိုရော မိသားစုကိုပါ ရောဂါတွေကနေ ကာကွယ်လိုက်ပါ။ နေအိမ်လေး အတွင်းမှာ ရှိတဲ့ အင်းဆက်တွေ ကပေးတဲ့ ဝေဒနာတွေကို ကိုယ်တိုင်ကစပြီး ကာကွယ်လိုက်ပါ။

















