brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Hybrid immunity ဆိုတာ ဘာများလဲ.........

လူတွေ ကျန်းမာနေစေဖို့ အရေးကြီးဆုံး အချက်တစ်ချက်က ကိုယ်ခံအား ကောင်းဖို့ပါ။ အခုလို ကိုဗစ် ဖြစ်ပွားမှုတွေ အရမ်းများနေချိန်မှာ ကိုယ်ခံအားက တော်တော်လေး အရေးပါတယ်ဆိုတာကို ခံစားမိလာပါတယ်။

Hybrid immunity ဆိုတာ ဘာများလဲ.........

ကိုဗစ်ကို ကာကွယ်နိုင်မယ့် ကာကွယ်ဆေးတွေ ပေါ်လာပြီ ဆိုပေမယ့် ကိုဗစ်ကို ကာကွယ်ဖို့ ကာကွယ်ဆေး ထိုးပြီးရင်တောင် ကိုယ်ခံအားက ကိုဗစ်ဗိုင်းရပ်စ်ကို ခုခံနိုင်မယ့် antibody ထွက်မှ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် ကိုယ်ခံအား ကောင်းဖို့က တော်တော်လေး အရေးပါပါတယ်။

ကာကွယ်ဆေးထိုးပြီးလို့ ထွက်လာတဲ့ ကိုယ်ခံအားက ဘယ်လောက်အတိုင်းအတာ အထိ ကာကွယ်ပေးမှာလဲ ဆိုတာကလည်း လူတိုင်း သိချင်နေမယ့် ကိစ္စတွေထဲက တစ်ခုပေါ့။

ဒီတစ်ခေါက်တော့ ကိုဗစ်ဖြစ်ပြီးတဲ့သူတွေ ကာကွယ်ဆေး ထိုးတဲ့အခါ ထွက်လာတဲ့ ကိုယ်ခံအားနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ပြင်းထန်တဲ့ ကပ်ရောဂါ တစ်မျိုးဖြစ်တဲ့ ကိုဗစ်ကို ခုခံနိုင်မယ့် ကိုယ်ခံအား ရရှိရေး ကိစ္စက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးကြီးတဲ့ ကိစ္စ ဖြစ်လာပါတယ်။

Hybrid immunity ဆိုတာ ဘာများလဲ………

Immunity ဆိုတဲ့ စကားလုံးက ရင်းနှီးနေနိုင်ပေမယ့် Hybrid immunityဆိုတာကတော့ သိပ်မရင်းနှီးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီ ကိုယ်ခံအား အမျိုးအစားက လူတိုင်းမှာ ထွက်ရှိတာမျိုး မဟုတ်ပါဘူး။ တစ်မျိုးမကသော ကိုယ်ခံအား ပေါင်းစပ်မှုလို့ပဲ ဆိုရပါမယ်။

ပုံမှန် ကိုယ်ခံအားရဲ့ စုဖွဲ့မှုထက် ပိုမို ရှုပ်ထွေးနိုင်ပါတယ်။ ပုံမှန် ကိုယ်ခံအားမှာ ပါဝင်နေတဲ့အရာတွေနဲ့လည်း ကွာခြားတာမျိုး ရှိနိုင်ပါတယ်။ အခုလို ကိုယ်ခံအားကို ဘယ်သူတွေမှာ တွေ့ရနိုင်လဲဆိုရင် ဗိုင်းရပ်စ် တစ်မျိုးမျိုး ကူးစက်ခံရမယ်။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် နေထိုင်မကောင်း ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်မှာ ကိုယ်ခံအား ထွက်လာမယ်။

ဒီကိုယ်ခံအား ထွက်နေချိန်မှာ အဆိုပါ ဗိုင်းရပ်စ်ကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးကို ထိုးလိုက်တဲ့အခါ ခန္ဓာကိုယ်မှာ ကာကွယ်ဆေးရဲ့ လှုံ့ဆော်မှုကြောင့် ထွက်လာတဲ့ ကိုယ်ခံအား တစ်မျိုး ထွက်လာပါမယ်။ ဒီ ကိုယ်ခံအား ၂ မျိုး ပေါင်းစပ်မိရာကနေ ထွက်လာတဲ့ ကိုယ်ခံအားကို Hybrid immunity (ပေါင်းစပ် ကိုယ်ခံအား) လို့ ခေါ်တာပါ။

ကိုယ်ခံအား ၂ မျိုး ပေါင်းထားတာပေါ့။ အခုလည်း ကိုဗစ်ဖြစ်ပြီးလို့ antibody ထွက်နေချိန်မှာ ကာကွယ်ဆေး ထိုးလိုက်မယ်ဆိုရင် ကိုဗစ် ဖြစ်ထားလို့ ထွက်တဲ့ ကိုယ်ခံအားနဲ့ ကာကွယ်ဆေးက လှုံ့ဆော်လို့ ထွက်လာတဲ့ ကိုယ်ခံအား ၂ မျိုး ပေါင်းမိပြီး Hybrid immunity ထွက်တာမျိုးတွေ ရှိပါတယ်။

လူတိုင်းမှာ ထွက်တာလားဆိုတော့ မဟုတ်ပါဘူး။ အချို့မှာ ရောဂါကူးစက်ခံရတယ်။ ပြန်ကောင်းလာပေမယ့် antibody မထွက်တာမျိုးရှိတာမျိုး ရှိမယ်။ ကာကွယ်ဆေးထိုးပေမယ့် antibody မထွက်ဘူးဆိုရင်တော့ ဒီပေါင်းစပ် ကိုယ်ခံအားကို ရနိုင်ဖို့ ခက်ပါမယ်။

Hybrid immunity ရဲ့ ကာကွယ်ပေးနိုင်စွမ်း

Hybrid immunityရဲ့ ကာကွယ်နိုင်စွမ်းက ပုံမှန် ကိုယ်ခံအားရဲ့ ကာကွယ်နိုင်စွမ်းထက် ပိုများပါတယ်။ ကိုယ်ခံအား စနစ် တစ်ရပ်မှာ အဓိက ဆဲလ်အမျိုးအစား (၃) မျိုး ပါပါတယ်။ ဒါတွေကတော့ antibody ကို အဓိက ထုတ်ပေးတဲ့ B cells ၊ CD4+ T cells နဲ့ CD8+ T cells တို့ပါ။

ဒီကိုယ်ခံအားဆဲလ်တွေက ကိုယ်တွင်းကို ရောက်လာပြီး တိုက်ထုတ်လိုက်နိုင်တဲ့ ဗိုင်းရပ်စ်ကို ၇ လကနေ ၈ လလောက်အထိ မှတ်သား ထားနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ ဒီလိုကာလအတွင်းမှာ ထပ်မံဝင်ရောက်လာခဲ့ရင်လည်း မှတ်သားတိုက်ထုတ်ပေးနိုင်ပါတယ်။

ဒါပေမယ့် ဒီကာလကို ကျော်လာတဲ့အခါ antibody က ဖြည်းဖြည်းချင်း ကျလာပြီး ပမာဏတစ်ခုမှာ ငြိမ်သွားပါတယ်။ ဒါကတော့ ရောဂါကူးစက်ခံရပြီးနောက် ထွက်လာတဲ့ ကိုယ်ခံအားရဲ့ ကာကွယ်နိုင်စွမ်းပါ။

ကာကွယ်ဆေးကနေရတဲ့ ကာကွယ်နိုင်စွမ်းကရော

ကာကွယ်ဆေးဆိုတာက သေဆုံးပြီးသားဗိုင်းရပ်စ် တစ်စိတ်တစ်ပိုင်းကို ထည့်ပြီး လုပ်ထားတာပါ။ ကိုယ်ခံအားကို ဗိုင်းရပ်စ်ကို သိရှိစေပြီး မှတ်သား ခုခံတတ်အောင် သင်ပေးသလို အမြစ်ပြတ် ချေမှုန်းနိုင်ဖို့လည်း လေ့ကျင့်ပေးပါတယ်။

ဒီလိုနဲ့ ကိုယ်တွင်းမှာ ရောဂါကို ခုခံဖို့ ကိုယ်ခံအား ထွက်လာတာပါ။ ဒီကိုယ်ခံအားကလည်း အနည်းဆုံး ၆ လကနေ အများဆုံး ၁ နှစ် အထိပဲ ခံပါတယ်။

ဒါကြောင့်လည်း တချို့ကာကွယ်ဆေးတွေ ထိုးပြီးလို့ ၆ လ တစ်နှစ်လောက် နေတဲ့အခါ ထပ်ဆောင်းကာကွယ်ဆေး (Booster) တွေကို ထိုးရတာပေါ့။

Hybrid immunity

Hybrid immunityကတော့ ကိုယ်ခံအားက ရောဂါကို ခုခံလို့ ထွက်လာတဲ့ antibody တွေနဲ့ ကာကွယ်ဆေးက လှုံ့ဆော်ပေးလိုက်လို့ ထွက်လာတဲ့ antibody တွေကို ပေါင်းစပ်လိုက်တာပါ။

ဒီကိုယ်ခံအားရဲ့ ကာကွယ်နိုင်စွမ်းက ပုံမှန် တစ်မျိုးချင်းစီ ရှိနေတဲ့ ကိုယ်ခံအားတွေထက် ကာကွယ်နိုင်စွမ်း ၂၅ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းကျော်လောက် ပိုများပါတယ်။

ဒါကြောင့် ကိုဗစ် ဖြစ်တယ်ဆိုရင်တောင်မှ ကာကွယ်ဆေး ထိုးထားတာက Hybrid immunityကို ရရှိစေပြီး ဗိုင်းရပ်စ်ရန်ကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

ဘယ်လို အခြေအနေမှာ Hybrid immunityမထွက်နိုင်ဘူးလဲ……..

Hybrid immunityက ဒီလို အခြေအနေမှာ မထွက်နိုင်ပါဘူး။

  • ကိုဗစ်ဖြစ်တယ်။ antibody မထွက်ဘူး။ ကာကွယ်ဆေး ထိုးတယ် antibody ထွက်တယ်။
  • ကိုဗစ် ဖြစ်တယ်။ antibody ထွက်တယ်။ ကာကွယ်ဆေး ထိုးတယ် antibody မထွက်ဘူး။
  • ကိုဗစ် ဖြစ်တယ် antibody မထွက်ဘူး။ ကာကွယ်ဆေး ထိုးတယ်။ antibody မထွက်ဘူး။ ဒီလို အခြေအနေမျိုးတွေမှာ Hybrid immunity မရနိုင်ပါဘူး။
Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Aye Thi Mon · 07/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။