စားလိုက်တဲ့အစားအစာတိုင်း သန့်ရှင်းဖို့ဘာကြောင့်အရေးပါတာလဲ။ အစားအစာသန့်ရှင်းဘေးကင်းရေးက ယနေ့ခေတ်ကာလမှာ လူတွေအကြား အများဆုံးပြောဖြစ်နေကြတဲ့ ကိစ္စရပ်တစ်ခုပါ။ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ရောဂါပိုးတွေရဲ့ ရန်ကနေ ကာကွယ်ဖို့အတွက် အစာအာဟာရကတော်တော်လေးအရေးပါပါတယ်။ ဒီအရေးပါတဲ့ အစာအာဟာရကိုဘေးကင်းစိတ်ချရအောင် ဂရုစိုက်ဖို့လိုအပ်မယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ လူတိုင်းအတွက် အရေးပါတဲ့ အစားအစာဘေးကင်းရေးက အစာခြေစနစ်ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေအတွက်ဆို နှစ်ဆတိုးပြီးတောင် ပိုအရေးကြီးပါသေးတယ်။
ကိုယ်တိုင်အတွက်ရော ကလေးအတွက်ပါ အစားမစားခင်မှာ ဒီအချက်လေးတွေ သတိထားပေးပါ
ယနေ့ခေတ်လိုမျိုး မအားမလပ်နိုင်အောင်အလုပ်များလှတဲ့ခေတ်ကာလထဲမှာ ကျန်းမာရေးကိုဂရုစိုက်ဖို့မေ့နေတတ်ကြပါတယ်။ ကျန်းမာရေးကောင်းဖို့ဆိုတာက ကျန်းမာတဲ့အစားအသောက်တွေကို စားသုံးဖို့နဲ့ ဘေးကင်းတဲ့အစားအသောက်တွေကို စားသုံးမိဖို့ လိုပါတယ်။ ဒီတော့အစားအစာစားတဲ့အခါ ဒီအချက်လေးတွေကို သတိထားဖို့ မမေ့ပါနဲ့။
- စားသုံးမယ့် အစားအစာက တည့်ရဲ့လား
- အစားအသောက်ပြင်ဆင်ပုံက သန့်ရှင်းရဲ့လား
- အစားအစာထဲမှာ အဆိပ်အတောက်ြဖစ်စေနိုင်တဲ့အရာတွေပါနေလား
- အရောင်ပြောင်းနေလား။ မဖြစ်သင့်တဲ့အရောင်ဖြစ်နေလား။
- အနံ့ပြောင်းလဲနေတာမျိုးရှိလား
- အရသာတစ်ခုခုထူးခြားနေလား (ပုံမှန်မဟုတ်တဲ့အရသာ)
- မှိုတွေဖြစ်နေလား
- ရက်လွန်နေလားဆိုတာတွေကိုသေချာစစ်ဆေးပါ။
အစားအစာသန့်ရှင်းမှုအားနည်းရင် ဒီလိုနောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်
အစာအာဟာရက စားသုံးလိုက်တိုင်း အာဟာရဖြစ်စေတာမဟုတ်ပါဘူး။ အာဟာရမျှတပြီး သန့်ရှင်းမှ ခန္ဓါကိုယ် ကျန်းမာဖွံ့ဖြိုးစေဖို့ အထောက်အကူဖြစ်မှာပါ။ တကယ်လို့ စားလိုက်တဲ့အစားအစာတွေက သန့်ရှင်းမှုအားနည်းမယ်ဆိုရင်တော့ –
- အစာအိမ်အူလမ်းကြောင်းပိုးဝင်တာ
- ဝမ်းသွားတာ
- အော့အန်တာ
- အစာအဆိပ်သင့်တာ
- ရင်ပြည့်ရင်ကယ်ဖြစ်ပြီးခေါင်းထဲမှာ ညီးစီစီဖြစ်နေတာ
- ဝမ်းပျက်ဝမ်းလျှောတာ
- ဖျားနာတာလိုမျိုးပြဿနာတွေခံစားရနိုင်ပါတယ်။
အစားအစာသန့်ရှင်းမှုအားနည်းတဲ့အခါ ကလေးတွေမှာ ကူးစက်ခံရနိုင်တဲ့ရောဂါပိုးတွေအကြောင်း တစေ့တစောင်း
ကလေးတွေအနေနဲ့ သန့်ရှင်းမှုအားနည်းတဲ့အစားအစာကိုစားသုံးမိတဲ့အခါ စားသုံးမိပြီး ၄၈ နာရီအတွင်းမှာရောဂါလက္ခဏာတွေပြတတ်ပါတယ်။ အချိန်က ဒီထက်လည်းပိုမြန်နိုင်ပါတယ်။ အစားအစာသန့်ရှင်းမှုအားနည်းတဲ့အခါ အခုလိုရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်။
Campylobacter ဘက်တီးရီးယား– အစာအစာတွေကနေ အများဆုံးကူးစက်နိုင်တဲ့ရောဂါပိုးတစ်မျိုးပေါ့။ အသားစိမ်း၊ငါးစိမ်းတွေ၊သေချာချက်ပြုတ်မထားတဲ့ အသားတွေ၊ ပိုးသတ်မထားတဲ့နို့တွေနဲ့ သန့်ရှင်းမှုအားနည်းတဲ့သောက်သုံးရေတွေကနေဆင့်ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးက လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်တာတော့ သိပ်မရှိပါဘူး။ မဖြစ်နိုင်တာတော့မဟုတ်ဘူးပေါ့။ကြောင်တွေခွေးတွေရဲ့ မစင်တွေကနေတဆင့်လည်း ကူးစက်နိုင်ပါသေးတယ်။ရောဂါပိုးကူးစက်ခံရတဲ့အခါ ကလေးက
- ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်၊
- ဝမ်းသွားရင်သွေးပါမယ်၊
- အော့အန်မယ်၊
- ဗိုက်နာမယ်၊
- အဖျားတက်မယ် စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
Salmonella ဘက်တီးရီးယား– ကြက်ဥ၊ဘဲဥ အစိမ်းတွေ၊သေချာချက်ပြုတ်မထားတဲ့ ဥအမျိုးမျိုး၊ နွားနို့အစိမ်းတွေ၊ နို့ထွက်ပစ္စည်းတွေ နဲ့ ပင်လယ်စာတွေမှာပေါက်ဖွားရှင်သန်နေနိုင်ပါတယ်။ အစားအသောက်တွေကို ကိုယ်တွယ်မှုကနေတဆင့်လည်းရောဂါပိုးတွေကူးစက်နိုင်ပါတယ်။ လိပ်၊မြွေ နဲ့ ပုတ်သင်ညိုလိုမျိုး အိမ်မွေးတိရစ္ဆာန်လေးတွေကနေတဆင့်မှာလည်း ဒီရောဂါပိုးတွေ ကပ်တွယ်နေနိုင်ပါတယ်။ရောဂါပိုးကူစက်ခံရတဲ့အခါ ကလေးက
- အဖျားတက်မယ်
- ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်
- ဗိုက်အောင့်မယ်
- အရေပြားမှာ အနီရောင်အစက်ကလေးတွေဖြစ်နေတာမျိုးတွေ ခံစားရနိုင်ပါတယ်။
တစ်ခါတလေမှာ ဒီရောဂါပိုးက ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိပြင်းထန်တာမျိုးဖြစ်နိုင်ပါတယ်။
E coliဘက်တီးရီးယား – သန့်ရှင်းမှုအားနည်းတဲ့ အစားအစာတွေ၊သောက်သုံးရေတွေကနေတဆင့်ရောဂါပိုးတွေကူးစက်နိုင်ပါတယ်။ နွားရဲ့ မစင်ကနေကူးစက်နိုင်သလို တစ်ကိုယ်ရေသန့်ရှင်းမှုအားနည်းတာ၊ရေအိမ်အသုံးပြုပြီးချိန်မှာ လက်မဆေးတာတွေကြောင့်ရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်။ ဒီရောဂါပိုးကူးစက်ခံရတဲ့အခါ
- အဖျားမရှိဘဲ သွေးဝမ်းသွားတာ
- အဖျားမရှိပေမယ့် ဗိုက်ထဲက မခံမရပ်နိုင်အောင်အောင့်တာလိုမျိုး လက္ခဏာတွေခံစားရနိုင်ပါတယ်။
Norovirus– ဒီရောဂါပိုးကိုNorwalk-like virus (NLVs) ဒါမှမဟုတ် calicivirus လို့လည်းခေါ်ကြပါတယ်။ သန့်ရှင်းမှုမရှိတဲ့အစားအစာ၊ အသုံးအဆောင်တွေ နဲ့သန့်ရှင်းမှုအားနည်းတဲ့ ပတ်ဝန်းကျင်အခြေအနေတို့ကြောင့်ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ရောဂါပိုးကူးစက်ခံရတဲ့အခါ ကလေးက ခဏခဏအော့အန်တာမျိုးဖြစ်နိုင်တာကြောင့်နောက်ဆက်တွဲအနေနဲ့ရေဓါတ်ဆုံးရှုံးတာမျိုးမဖြစ်စေဖို့မေမေဖေဖေတို့အနေနဲ့ ဂရုစိုက်ပေးဖို့လိုအပ်ပါမယ်။
ဒီရောဂါတွေဟာ အဖြစ်များပြီး မသန့်ရှင်းတဲ့အစားအသောက်တွေကို စားသုံးမိတာနဲ့ အလွယ်တကူ ကူးစက်နိုင်တာကြောင့် အစားအသောက်ပြင်ဆင်တာပဲဖြစ်ဖြစ် ရွေးချယ်ဝယ်ယူတာပဲဖြစ်ဖြစ်မှာ သန့်ရှင်းမှုကို အထူးဦးစားပေးရပါမယ်။ သန့်ရှင်းမှုစံနှုန်းတွေကို လိုက်နာပြီး အဆင့်ဆင့် ဖြတ်သန်းကျော်ဖြတ်ရတဲ့ အစားအသောက်တံဆိပ်တွေ၊ အမျိုးအစားတွေကို ရွေးချယ်ဝယ်ယူရပါမယ်။ အထူးသဖြင့် ကလေးအတွက် နို့မှုန့်ေရွးချယ်တဲ့နေရာမျိုးမှာ အစားအသောက် သန့်ရှင်းမှုစံချိန်စံညွှန်းတွေကို ဘယ်လောက်ကျော်ဖြတ်ထားလဲဆိုတာကို အသေအချာစိစစ်ကြည့်ရှုပြီး ဝယ်ယူရပါမယ်။
အစာအစာသန့်ရှင်းမှုအားနည်းတာကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေ ကင်းဝေးစေဖို့ ဒီအချက်လေးတွေကို လိုက်နာပါ
သန့်ရှင်းရေးဂရုစိုက် – တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။ အစားအစာမပြင်ဆင်ခင်လက်တွေသေချာဆေးကြောပေးပါ။ အစားအစာပြင်ဆင်ရာမှာ အသုံးပြုတဲ့ပစ္စည်းတွေကိုသေချာသန့်ရှင်းအောင်ထားပါ။ လိုအပ်ရင်ရေနွေးနဲ့ ဆပ်ပြာအသုံးပြုပြီးဆေးကြောသန့်စင်ပါ။
သီးခြားခွဲထားပါ – အသီးအနှံတွေ၊ အရွက်တွေကို အသား၊ငါးတွေနဲ့ရောမထားပါနဲ့။ရောဆေးတာမျိုးမလုပ်ပါနဲ့။ သီးသန့်ခွဲထားပါ။
သေချာကျက်အောင်ချက်ပြုတ်ပါ – အစားအစာတွေချက်တဲ့အခါသေချာကျက်အောင်ချက်ပြုတ်ပေးပါ။ရောဂါပိုးတွေကူးစက်မှုကနေ ကာကွယ်နိုင်စေဖို့ပါ။
ရေခဲသေတ္တာထဲထည့်ပါ – အချို့အစားအသောက်တွေက အခန်းအပူချိန်မှာထားရင်ရောဂါပိုးတွေပေါက်ဖွားနိုင်တာကြောင့်ရေခဲသေတ္တာထဲမှာသေချာထုတ်ပိုးပြီးထည့်ထားပါ။
စားဖို့မသင့်တော်တဲ့အခါ လွှင့်ပစ်ဖို့ မနှမြောပါနဲ့ – အစားအစာတွေက သိုးသွားရင်ဖြစ်ဖြစ်၊ရက်လွန်နေရင်၊ အရောင် ဒါမှမဟုတ် အနံ့ပြောင်းနေရင်၊ စားသုံးဖို့မသင့်တော်တဲ့ အနေအထားတစ်ရပ်ရပ်ဖြစ်နေမယ်ဆိုရင် လွှင့်ပစ်လိုက်ပါ မနှမြောပါနဲ့။
အစားအစာဘေးကင်းစိတ်ချရမှု စံနှုန်းသတ်မှတ်ချက်ကို ကြည့်ရှုစစ်ဆေးပါ – ကလေးငယ်တွေရဲ့အစားအသောက်တွေ အထူးသဖြင့် နို့မှုန့်တွေမှာဆိုရင် အစားအစာ ဘေးကင်းစိတ်ချရမှုစံနှုန်းသတ်မှတ်ချက်နဲ့ စစ်ဆေးမှုအဆင့်တွေပါဝင်တတ်ပါတယ်။ အဲဒါတွေကို သေချာစစ်ဆေးဝယ်ယူပါ။ ဘေးကင်းစိတ်ချရမှုစံနှုန်းမြင့်မားတဲ့ တံဆိပ်တွေကိုရွေးချယ်ဝယ်ယူပါ။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

















