brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Social distancing လုပ်ရမယ်ဆို မေးချင်လောက်မယ့် မေးခွန်းများ

၂၀၂၀ ကိုရိုနာဗိုင်းရပ်စ် (Covid- 19) ပြန့်ပွားမှုကို တားဆီးနိုင်ဖို့ ကမ္ဘာအနှံ့မှာရှိတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေက Social distancing (လူချင်းမနီးဘဲ သီးခြားနေထိုင်ခြင်း) နည်းလမ်းကို ကျင့်သုံးကြဖို့ အကြံပြုနေကြပါတယ်။

Social distancing လုပ်ရမယ်ဆို မေးချင်လောက်မယ့် မေးခွန်းများ

Social distancing ဆိုတာ

social distancing ဆိုတာက တစ်နည်းအားဖြင့် လူတွေကြားထဲမသွားဘဲ၊ ဘယ်သူနဲ့မှ သွားမတွေ့ဘဲ အိမ်မှာ နေဖို့ တိုက်တွန်းတာပါပဲ။ လူစုလူဝေးကိုရှောင်မယ်၊ လူတစ်ယောက်နဲ့တစ်ယောက် နီးကပ်ခြင်း၊ ထိတွေ့ခြင်းကနေ ရှောင်မယ်။

ဒီလိုနေရတာက အထီးကျန်ဆန်သွားနိုင်တယ်၊ ကသိကအောက်ဖြစ်မယ်၊ စိုးရိမ်ထိတ်လန့်စိတ် ဖြစ်နိုင်တယ် ဆိုပေမယ့်လည်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးအတွက် နည်းလမ်းကောင်းတစ်ခု ဖြစ်တယ်လို့ နယူးယောက်တက္ကသိုလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး တွဲဘက်ပါမောက္ခ Danielle Ompad ကပြောပါတယ်။

“နေရတာ အဆင်တော့မပြေဘူးပေါ့။ ဒါပေမယ့် နိုင်ငံသားကောင်းတွေ ဖြစ်ဖို့တော့ လိုတယ်လေ။ ကိုယ်တစ်ဦးတည်း၊ တစ်ယောက်တည်းနဲ့စာရင် လူအများအတွက် စဉ်းစားတတ်ဖို့ အသိရှိမှဖြစ်မယ်” လို့ သူက ပြောခဲ့ပါတယ်။

Social distancing လုပ်ပြီဆို ငါတော့ အဆက်အသွယ်တွေပြတ်ပါပြီ၊ ပိတ်မိနေပါပြီ၊ လှောင်ပိတ်နေပါပြီ ဆိုတဲ့ ခံစားချက်တွေ မဝင်ဖို့ လိုပါတယ်။ အမှန်က နေ့စဉ်လည်ပတ် လှုပ်ရှားမှုတွေကနေ ခဏအနားယူလိုက်သလိုပါပဲ။‌

အမေးများမယ့် မေးခွန်းတချို့

ဒီလိုအခြေအနေမှာ စိတ်ထဲ သိချင်နေလောက်မယ့် မေးခွန်းတချို့ကို အကြံပြု ဖော်ပြပေးလိုက်ပါတယ် –

(၁) စျေးဆိုင် သွားလို့ ရမလား

ရတာပေါ့။ အရေးကြီးတာက လူတွေနဲ့တိုးဝှေ့ ဝယ်ရတာ မဟုတ်ဖို့ပါပဲ။ မဟုတ်ရင် လူစုလူဝေးကြား ဝင်တိုးနေတာနဲ့တင် ဘာမှမထူးဘူးလေ။ Social distancing ဘယ်ဖြစ်တော့မှာလဲ။

ဝယ်မယ်ဆို လူရှင်းတဲ့နေရာမှာ ဝယ်ပါ၊ လူရှင်းတဲ့အချိန်မှာ ဝယ်ပါ၊ ကြောက်လန့်တကြား တိုးမဝယ်ပါနဲ့၊ လုမဝယ်ပါနဲ့။

ဝယ်လာတဲ့ ပစ္စည်းတွေမှာ သန့်စင်လို့ ရသလောက် အရင်သန့်စင်ပြီးမှ သိမ်းပါ။ ပြန်ရောက်တာနဲ့ လက်ကိုဆေးပါ၊ အဝတ်အစားလဲပါ။

(၂) အစားအသောက်ရော ပါဆယ်ဝယ်စားလို့ရလား

ရပါတယ်။ ဗိုင်းရပ်စ်က အစားအသောက်ထဲမှာ ရှိနေနိုင်တယ်ဆိုတဲ့ အထောက်အထား မတွေ့ရှိသေးပါဘူး။ ကိုင်တွယ်တဲ့ လက်တွေ၊ ထုပ်ပိုးမှုတွေသာ သန့်စင်ပါစေ။

အိမ်ကနေ မှာစားမယ်ဆိုရင်တော့ ငွေလွှဲနဲ့ ပေးချေပြီး လာပို့သူကို အိမ်တံခါးဝမှာ ပစ္စည်းထားခဲ့ဖို့ ပြောပါ။ ဒီလိုနည်းနဲ့ ပြင်ပက ထိတွေ့မှုအန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။

(၃) အများစီး ဘတ်စ်၊ ရထား စီးသင့်လား

ရှောင်လို့ရရင်တော့ ရှောင်တာကောင်းပါတယ်။ တိုးဝှေ့စီးရလို့ လူကျပ်တာရယ်၊ လေဝင်လေထွက်မကောင်း လှောင်ပိတ်တဲ့ ရထား သို့မဟုတ် ကား ထဲမှာ ကိုယ့်အတွက် ဘာရောဂါဖြစ်ဖြစ် ကူးစက်ခံရဖို့ သိပ်လွယ်ပါတယ်။

တကယ် လူကျပ်ပြီဆို ပါးစပ်အုပ်မရ၊ မျက်နှာလွှဲရှောင်မရ ဖြစ်ရတာ ရုံးသွားရုံးပြန်ချိန် အသိသာဆုံးပါ။ ဒါ့ကြောင့်ပဲ ခုနောက်ပိုင်း အိမ်ကနေအလုပ်လုပ်စေတဲ့ Work from Home စနစ် ကျင့်သုံးလာကြတာ ဖြစ်ပါတယ်။

မဖြစ်မနေ ဒီပို့ဆောင်မှုတွေ စီးရတော့မယ်ဆိုရင်တော့ လူချောင်တဲ့ ကားကို ရွေးစီးဖို့၊ မျက်နှာကို မထိဖို့၊ လက်သန့်ဆေးရည်ဆောင်ဖို့ အရေးကြီးပါတယ်။ ကားပေါ်ကဆင်းတာနဲ့ လက်ကိုသန့်စင်၊ နှာခေါင်းစည်းကို စွန့်ပစ်ပါ။

(၄) ရုံးတက်နေရတုန်းပဲဆိုရင် ဘယ်လိုလုပ်ရမလဲ၊ အန္တရာယ်ရှိလား

သွားလာတဲ့အခါ အပေါ်မှာပြောသလို ကျင့်သုံးပါ။ အလုပ်မှာ တတ်နိုင်သလောက် လူချင်းမနီးဖို့ သတိထားပြီး ကိုယ့်အလုပ်ကိုယ်လုပ်ပါ။ လက် မကြာခဏဆေးပါ၊ တခြားသူတွေနဲ့ အနည်းဆုံး ၃ပေ ခွာပြီး နေပါ။

(၅) ဘယ်သွားသွား သွားလို့ရလား

ရပါတယ်။ Quarantine မဖြစ်သရွေ့၊ Lock down မဖြစ်သရွေ့ သွားလို့တော့ရပါတယ်။ သို့သော် ကိုယ့်ဆင်ခြင်မှုအလျောက် အကန့်အသတ်နဲ့ပေါ့။ မဖြစ်မနေ ဝယ်ဖို့ စျေးဆိုင်၊ မုန့်ဆိုင်၊ အသုံးအဆောင် အရောင်းဆိုင်တို့အပြင် လူရှင်းတဲ့နေရာတချို့ကိုလည်း သွားလာနိုင်ပါတယ်။

ဒါပေမယ့် အိမ်မှာနေတာတော့ ရောဂါကူးစက်နိုင်ခြေ နည်းစေမယ့် အကောင်းဆုံးနည်းလမ်းပါလို့ ကျန်းမာရေးအဖွဲ့အစည်းတွေက ထပ်ကာတလဲလဲ အကြံပြုနေပါတယ်။

စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ ပြတိုက် တို့လို အလုံပိတ်အခန်းတွေ၊ လူများများရှိတဲ့နေရာတွေကို လုံးဝမသွားသင့်တာပါ။

(၆) ခရီးသွားလို့ရော ရသေးလား

ဘေးကင်းချင်တယ်ဆိုရင်တော့ မသွားတာ အကောင်းဆုံးပါ။ ကား၊ ရထား၊ လေယာဉ်၊ သင်္ဘော တွေမှာ လူတွေတစ်စုတည်း အချိန်အတော်ကြာ အတူစီးရတာမို့ ကူးစက်ပြန့်ပွားမှု သေချာသလောက် ရှိပါတယ်။ Social distancing လုပ်တာ အသင့်တော်ဆုံး နည်းလမ်းပါ။

(၇) ဆွေမျိုးတွေဆီ သွားလို့ရလား

မသွားသင့်ပါဘူး။ အသက် ၆၀ အထက် လူကြီးတွေဟာ Covid-19 ကူးစက်ခံရနိုင်တဲ့ အန္တရာယ် အများဆုံးပါ။ တကယ်လို့ သူတို့တွေဆီ ကိုယ်က ရောဂါပိုး သွားပို့သလို ဖြစ်ခဲ့ရင် ရင်နာစရာပါနော်။

ကိုယ်တိုင်က အသက်ကြီးသူဖြစ်ရင်လည်း အနီးအနားအိမ်တွေတောင် အလည်မသွားပါနဲ့။ ရောဂါအခံရှိသူတွေမှာ ပိုသတိထားရပါမယ်။

(၈) ကလေးတွေကို ပေးမကစားရဘူးလား

ကလေးတွေကိုလည်း အပြင်ထွက် ဆော့ကစားဖို့ ခွင့်မပြုသင့်ပါဘူး။ သူတို့က Covid-19 ဖြစ်နိုင်ခြေမများဘူးလို့ ပညာရှင်တွေ ယူဆကြရင်တောင်မှ သူတို့က ရောဂါပြန့်ပွားမှုကို ဖြစ်စေနိုင်ပါသေးတယ်။

ဆော့ရင်း ကစားရင်း ရောဂါပိုးရှိတဲ့ တစ်စုံတစ်ယောက် သို့မဟုတ် အရာဝတ္တုမျက်နှာပြင်တစ်ခုခုနဲ့ ထိတွေ့ခဲ့ရင် အိမ်အရောက် ဗိုင်းရပ်စ် သယ်ဆောင်လာနိုင်ပါတယ်။

(၉) social distancing နဲ့ ဘယ်လောက် ကြာကြာ နေရဦးမှာလဲ

လပေါင်းများစွာ ကြာရင် ကြာသွားနိုင်ပါတယ်။ ဗိုင်းရပ်စ်က ကူးစက်မှုလှိုင်း တစ်ကျော့ပြီးတစ်ကျော့ ဖြစ်လာနိုင်တာမို့ လိုအပ်ရင် လိုအပ်သလို ခဏခဏလည်း social distancing ရနိုင်ပါတယ်။

[covid_19]

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။