brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Pfizerရဲ့ ကိုဗစ်ကုသဆေး အသုံးပြုခွင့်ရတော့မှာလား

နိုဝင်ဘာ ၄ရက်နေ့က ဗြိတိန်အစိုးရက U.S.-based Merck & Co Inc (MRK.N)နဲ့ Ridgeback Biotherapeutics က ပူးပေါင်းထုတ်လုပ်ထားတဲ့ Lagevrio (molnupiravir)ကို အရေးပေါ်အသုံးပြုခွင့်ပြုခဲ့ပါတယ်။ ဒါနဲ့ မရှေးမနှောင်းမှာပဲ Pfizerကလည်း သူရဲ့ ကိုဗစ်ကုသဆေး PAXLOVID™ကို US FDAကနေ အရေးပေါ်အသုံးပြုခွင့်ရအောင် ကြိုးစားနေပြီ ဖြစ်ပါတယ်။

Pfizerရဲ့ ကိုဗစ်ကုသဆေး အသုံးပြုခွင့်ရတော့မှာလား

ကပ်ရောဂါသမိုင်းကြောင်းမှာတော့ ဒါက အင်မတန်အံ့သြဖွယ်ရာပါပဲ။ အချိန်တိုလေးအတွင်းမှာ ကာကွယ်ဆေးရော၊ ကုသဆေးပါ ပေါ်လာတာပါ။ Pfizerရဲ့ PAXLOVID™အကြောင်းကိုလည်း ဆက်ပြီး လေ့လာကြည့်ရအောင်။

Pfizerရဲ့ ကိုဗစ်ကုသဆေး

Brand နာမည် PAXLOVID™ ဖြစ်ပြီး သောက်ဆေး အမျိုးအစား ဖြစ်ပါတယ်။ သူရဲ့ အရှည်ကောက်ကတော့ PAXLOVID™ (PF-07321332; ritonavir)ပါ။

PF-07321332က ကိုဗစ်ဗိုင်းရပ်စ် ပွားဖို့ အရေးပါတဲ့ အင်ဇိုင်းဖြစ်တဲ့ SARS-CoV-2-3CL proteaseကို ပိတ်ချလိုက်ပါတယ်။ ဒါကို ritonavir ပမာဏ အနည်းငယ်နဲ့ တွဲပေးပါတယ်။ ဒီလိုတွဲပေးလိုက်တာက ခန္ဓာကိုယ်ကနေ PF-07321332 ဖျက်ဆီးတာကို နှေးစေတဲ့အတွက် ကိုယ်ထဲမှာ ကြာကြာနေပြီး ဗိုင်းရပ်စ်ကို ကြာကြာတိုက်နိုင်ပါတယ်။ 

Pfizer ကိုဗစ်ကုသဆေး ရဲ့ အားသာချက်တွေက

Phase 2/3 EPIC-HR လေ့လာချက်အရ ရောဂါပြင်းထန်နိုင်ခြေရှိတဲ့သူတွေမှာ ဆေးရုံတင်ရတာနဲ့ သေနှုန်းကို ၈၉ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်။ ( MRK.Nက Lagevrioကတော့ ၅၀ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်။)

သောက်ဆေး အမျိုးအစားဖြစ်တဲ့အတွက် ဆရာဝန်က ညွှန်လိုက်ရုံနဲ့ အိမ်မှာတင် သောက်လို့ရပါတယ်။ ဆေးရုံတက်ပြီး ဆေးသွင်းစရာ မလိုတော့ပါဘူး။ တစ်ခုရှိတာက ဗိုင်းရပ်စ်ပွားတာကို တားတာဖြစ်တဲ့အတွက် ရောဂါလက္ခဏာ ပြပြီး ၃-၅ရက်အတွင်း သောက်ဖို့ လိုပါတယ်။ တစ်နေ့ ၂ကြိမ်နဲ့ ၅ရက်သောက်ဖို့ လိုပါတယ်။

နောက်ထပ်အားသာချက်တွေကတော့ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိထားရင်လည်း ကူးစက်ခံရမှုနည်းအောင် သောက်ထားနိုင်ပါတယ်။ ဒါ့ပြင် လက်ရှိမှာ စိုးရိမ်နေရတဲ့ ကူးစက်နှုန်းမြန်တယ်လို့ ယူဆထားကြတဲ့ မျိုးဗီဇကွဲ ကိုဗစ်ဗိုင်းရပ်စ်တွေအတွက်လည်း သုံးနိုင်ပါတယ်။

Pfizerရဲ့ ကိုဗစ်ကုသဆေး အသုံးပြုခွင့်ရတော့မှာလား

Pfizer ကိုဗစ်ကုသဆေး ရဲ့ လက်ရှိအခြေအနေ

Pfizerက PAXLOVID™ နဲ့ ပတ်သက်ပြီး လေ့လာမှု ၃ခုလုပ်ခဲ့ပါတယ်။ 

  • EPIC-HR

ပထမတစ်ခုက EPIC-HR (Evaluation of Protease Inhibition for COVID-19 in High-Risk Patients) ကိုဗစ်ရောဂါ ကူးနိုင်ခြေများပြီး ကူးခဲ့ရင် ပြင်းထန်နိုင်တဲ့ သူတွေမှာပါ။ ၂၀၂၁၊ ဇူလိုင်လမှာ စစမ်းခဲ့ပြီး Phase 2/3ကို ရောက်သွားပါပြီ။ ၈၉ ရာခိုင်နှုန်း လျှော့ချနိုင်တယ်ဆိုတာ Phase 2/3ရလဒ်ပါ။ လက်ရှိမှာ စမ်းသပ်ချက်ကို ခဏနားထားပြီး အရေးပေါ် အသုံးပြုခွင့်ကို လျှောက်ထားဆဲ ဖြစ်ပါတယ်။

  • EPIC-SR

ဒုတိယတစ်ခုက EPIC-SR (Evaluation of Protease Inhibition for COVID-19 in Standard-Risk Patients)ပါ။ ဒါက ဆေးရုံတက်ရနိုင်ခြေ၊ သေဆုံးနိုင်ခြေ နည်းတဲ့သူတွေပါ။ ကာကွယ်ဆေးထိုးပြီးပေမယ့် ကိုဗစ်လက္ခဏာ ပြတဲ့သူတွေ၊ ပြန်ဖြစ်ခဲ့ရင် ပြင်းထန်နိုင်တဲ့ သူတွေလည်း ပါပါတယ်။ ဒါကတော့ ၂၀၂၁၊ သြဂုတ်လမှာ Phase 2/3ကို ရောက်နေပြီး ဆက်ပြီးလည်း စမ်းသပ်နေပါတယ်။

  • EPIC-PEP

နောက်ဆုံးတစ်ခုကတော့ EPIC-PEP (Evaluation of Protease Inhibition for COVID-19 in Post-Exposure Prophylaxis) ပါ။ ရောဂါပိုးရှိသူနဲ့ ထိတွေ့မိခဲ့ရင် ကူးစက်နိုင်ခြေလျှော့အောင် လုပ်ပေးနိုင်မလားဆိုပြီး စမ်းသပ်တာပဲ ဖြစ်ပါတယ်။ စက်တင်ဘာမှာ Phase 2/3ကို ရောက်နေပြီး ဆက်လက် စမ်းသပ်နေပါတယ်။

PAXLOVID™က အန္တရာယ်ကင်းရဲ့လား။

လက်ရှိအချိန်ထိတော့ ဆေးသုံးစွဲခွင့်ကို ပိတ်ပင်ရလောက်အောင် ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုး မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီထက်ပိုသေချာတဲ့ အချက်အလက်တွေကို ချပြဖို့ လိုသေးတယ်လို့ ပညာရှင်တချို့က ထောက်ပြကြပါတယ်။ ဥပမာ ကျောက်ကပ်၊ ရိုးတွင်းခြင်ဆီ စတာတွေကို ထိခိုက်နိုင်သလား။ ကိုယ်ဝန်ဆောင်တွေ သုံးလို့ရမလား စသဖြင့်။

လက်ရှိအချိန်မှာ ကိုဗစ်ကုသဆေးတွေ အလျိုလျိုပေါ်လာတာ သတင်းကောင်းပါ။ ဒါပေမယ့် ဒါက ကာကွယ်ဆေးကို အစားထိုးဖို့ မဟုတ်ပါဘူး။ ကာကွယ်ဆေးနဲ့ ကုသဆေးနဲ့က လုပ်ဆောင်ပုံခြင်း မတူသလို နှစ်ခုလုံးက ကပ်ရောဂါကို အဆုံးသတ်စေဖို့ အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ ဒါကြောင့် ကာကွယ်ဆေးကိုလည်း မပျက်မကွက်ထိုးဖို့ လိုအပ်နေပါသေးတယ်။

(ဤဆောင်းပါးသည် ၂၀၂၁၊ နိုဝင်ဘာ ၅ရက်နေ့က အကြောင်းအရာများဖြစ်ပြီး အချိန်နဲ့ အမျှ ပြောင်းလဲနိုင်ပါတယ်။)

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 07/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။