brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

စောင့်ကြည့်စာရင်းထဲပါလာတဲ့ ကိုဗစ်မျိုးဗီဇအသစ် "မျူ"

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ရက်နေ့က WHOက Mu “မျူ” ဆိုတဲ့ ကိုဗစ်မျိုးဗီဇအသစ်ကို VOI (Variant of Interest) စောင့်ကြည့်စာရင်းထဲကို ထည့်ခဲ့ပါတယ်။ သူကရော ဘာတွေ ထူးခြားနေပြီလဲ။

စောင့်ကြည့်စာရင်းထဲပါလာတဲ့ ကိုဗစ်မျိုးဗီဇအသစ် "မျူ"

VOI (Variant of Interest) ဆိုတာ

WHOမှာ ကိုဗစ်မျိုးဗီဇအသစ်တွေနဲ့ ပတ်သက်ပြီး စာရင်းနှစ်ခုရှိပါတယ်။ VOI (Variant of Interest) စောင့်ကြည့်စာရင်းနဲ့ VOC (Variant of Concern) စိုးရိမ်ရတဲ့ စာရင်းပါ။

  • VOC (Variant of Concern) စိုးရိမ်ရတဲ့ စာရင်းမှာ ပါဖို့ဆိုရင် ဗီဇပြောင်းမျိုးစိတ်က

-ကူးစက်နှုန်းမြန်ရမယ်။ ရောဂါပြင်းထန်ရမယ်။ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိနေရမှာပဲ ဖြစ်ပါတယ်။

-လက်ရှိ VOCစာရင်းမှာ အယ်ဖာ၊ ဘီတာ၊ ဂမ်မာနဲ့ ဒယ်တာဆိုပြီး ၄ခုရှိထားပါတယ်။

  • VOI (Variant of Interest) စောင့်ကြည့်စာရင်းဝင် ဗီဇပြောင်းမျိုးစိတ်ဆိုတာက

-ကူးစက်နှုန်း၊ ရောဂါပြင်းထန်နှုန်း၊ ကာကွယ်ဆေးပြီးတာ၊ ရောဂါရှာဖွေတာနဲ့ ကုသရာမှာ အခက်အခဲတွေ့နိုင်တယ်လို့ သံသယဝင်ရင်

-လူအများကြီး၊ နိုင်ငံအများကြီးကို ကူးစက်ပြန့်နှံ့ပြီး ရောဂါဖြစ်တဲ့သူတွေ တိုးလာမယ်လို့ ယူဆရင် စောင့်ကြည့်စာရင်းထဲမှာ ပါပါတယ်။

-လက်ရှိVOIစာရင်းမှာ ခုပြောမယ့် မျူအပါအဝင် ၅မျိုးစာရင်းပေါက်ပါတယ်။

ကိုဗစ်မျိုးဗီဇအသစ် “မျူ”ရဲ့ လက်ရှိအခြေအနေ

မျိုးဗီဇအသစ် မျူ(Lineage B.1.621)ကို ဇန်နဝါရီလတည်းက ကိုလမ်ဘီယာမှာ စတွေ့ခဲ့ပါတယ်။ လက်ရှိမှာဆိုရင်တော့ နိုင်ငံပေါင်း ၄၃နိုင်ငံကို ပျံ့နှံ့ခဲ့ပြီဖြစ်လို့ WHOရဲ့ VOIစာရင်းထဲမှာ သြဂုတ်လကုန်က ထည့်လိုက်တာပဲ ဖြစ်ပါတယ်။

ကိုလမ်ဘီယာကနေ စတွေ့ခဲ့တဲ့ ဒီမျိုးစိတ်အသစ်က တဖြည်းဖြည်းနဲ့ ကမ္ဘာ့နိုင်ငံတွေကို ပြန့်လာခဲ့ပါတယ်။ တောင်အမေရိကကို ကျော်လွန်ပြီး ယူကေ၊ ယူဆက်စ်၊ ဥရောပနဲ့ ဟောင်ကောင်တွေမှာပါ တွေ့လာရပါတယ်။

သြဂုတ်လ ၂၉ရက် စာရင်းတွေအရ မျူက တစ်ကမ္ဘာလုံးရဲ့ ကိုဗစ်ဖြစ်နှုန်းနဲ့ ယှဉ်ရင် ၀.၁%လောက်ပဲ ရှိပေမယ့် တောင်အမေရိကမှာတေ့ ဆက်တိုက်ကို တိုးလာနေပါတယ်။ ခုဆိုရင် ကိုလမ်ဘီယာမှာ ဖြစ်သမျှ ကိုဗစ်လူနာတွေရဲ့ ၃၉%နဲ့ ယူကေဒါမှာ ၁၃% ဖြစ်နေပါပြီ။ ဒါကြောင့် စောင့်ကြည့်စာရင်းထဲမှာ ထည့်ခဲ့တာပါ။

ကိုဗစ်မျိုးဗီဇအသစ် “မျူ”က ပိုဆိုးလာမှာလား။

ကိုဗစ်မျိုးဗီဇအသစ် “မျူ”မှာ အရင်က ဗီဇပြောင်းတဲ့ပုံစံတွေကို အစုလိုက်တွေ့နေရပါတယ်လို့ WHOကဆိုပါတယ်။ ဆက်ပြီးလေ့လာဖို့လိုသေးပေမယ့် ရှေ့က ဘီတာမျိုးစိတ်လိုမျိုး Antibodies ခုခံအားတွေကို ခံနိုင်ရည်ရှိမယ်လို့ ယူဆရပါတယ်တဲ့။ တောင်ဖရိကမှာ စတွေ့ခဲ့တဲ့ ဘီတာမျိုးစိတ်သစ်ကတော့ ကာကွယ်ဆေးတွေကို အနည်းငယ် ခံနိုင်ရည်ရှိနေတာကို တွေ့ခဲ့ရပါတယ်။

ဒါ့ပြင် WHOက ကိုဗစ်မျိုးဗီဇအသစ် မျူကို ခုရှိနေတဲ့ ဒယ်တာမျိုးစိတ်နဲ့ တွဲပြီး စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

University of Leicesterမှ ဗိုင်းရပ်စ်ပညာရှင် Dr Julian Tangက မျူမှာ စိုးရိမ်ရတဲ့ ဗီဇပြောင်းမျိုးစိတ်တွေဖြစ်တဲ့ အယ်ဖာနဲ့ ဘီတာမှာ တွေ့ရတဲ့ မျိုးဗီဇ၃ခု (E484K, N501Y, P681H) ကိုတွေ့နေရပါတယ်။ ဒီဗီဇပြောင်းဗိုင်းရပ်စ်တွေမှာပါတဲ့ ပရိုတင်းတွေက ကာကွယ်ဆေးတွေကို အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိပြီး ကူးစက်နှုန်းမြန်တာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။

ဒါဆို ဒါတွေရဲ့ မျိုးဗီဇကို ဆက်ခံထားတဲ့ “မျူ”ကိုလည်း သတိထားရတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

ကိုဗစ်မျိုးဗီဇအသစ် “မျူ”ကို ဘယ်လိုကာကွယ်ကြမလဲ။

ဒီလိုဗီဇပြောင်းတွေ ထပ်ထပ်ပြီး ထွက်လာရတာက တစ်ကိုယ်ရည်ကာကွယ်ရေး နည်းလမ်းတွေ အားနည်းတာ၊ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းတာတွေကြောင့် ပါပါတယ်။

လူရဲ့ ကိုယ်ထဲကို ဝင်ပြီး ပွားနိုင်သရွှေ့တော့ ဗိုင်းရပ်စ်က ဗီဇတွေ ဆက်ဆက်ပြီး ပြောင်းနေဦးမှာပါပဲ။ ဒါကြောင့် အတတ်နိုင်ဆုံး ကူးစက်မခံရအောင် နေတာက အကောင်းဆုံးပါပဲ။ လက်ရှိကာကွယ်ရေး နည်းလမ်းတွေ ဖြစ်တဲ့

နှာခေါင်းစည်းတပ်တာ

လက်ဆေးတာ

လူစုလူဝေးရှောင်တာတွေ လုပ်ရဦးမှာပါ။

ကာကွယ်ဆေးကိုလည်း စိတ်ချရတဲ့ နေရာကရရင် ထိုးထားသင့်ပါတယ်။ အသက်ကြီးတဲ့သူ၊ ရောဂါအခံရှိတဲ့သူတွေအပြင် ထိုးလို့ရတိုင်း သူတိုင်း ထိုးထားပါ။ ကာကွယ်ဆေးတွေကို အနည်းငယ်ခံနိုင်ရည်ရှိလိမ့်မယ်လို့ မျှော်လင့်ရပေမယ့် ကာကွယ်ဆေးတွေက ရောဂါပြင်းထန်တာတွေ၊ ဆေးရုံတက်ရတာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဘာမှအကာအကွယ်မရှိတာထက်စာရင် အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တာကလည်း အထောက်အကူဖြစ်ပါတယ်။

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။