brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Local transmissionကို ဘယ်လိုရင်ဆိုင်ကြမလဲ။

ဒီ သြဂုတ် ၁၆ရက်နေ့မှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်လူနာစာရင်းက တစ်နိုင်ငံလုံးကို တပ်လှန့်လိုက်သလိုပါပဲ။ အရင်ရက်တွေကတော့ လူနာစာရင်းတွေ့တယ်ဆိုရင်တောင် ကိုဗစ်လူနာနဲ့ ထိတွေ့မှုရှိတာတို့၊ ပြည်ပသို့ ခရီးသွားရာဇဝင်ရှိတာတို့ကြောင့် သိပ်တော့ မစိုးရိမ်ကြပါဘူး။

Local transmissionကို ဘယ်လိုရင်ဆိုင်ကြမလဲ။

ဒါပေမယ့် လူနာ အမှတ် ၃၇၅ကျတော့ ထိတွေ့မှုလည်းမရှိ၊ ခရီးသွားရာဇဝင်လည်း မရှိတာကြောင့် သို့လော သို့လော ဖြစ်လာကြပါတယ်။ သူဘယ်က ကူးတာလဲ။ ကူးတာ ဘယ်လောက်ကြာပြီလဲ။ ဘယ်သူတွေနဲ့ ထိတွေ့ပြီးပြီလဲ။ ပိုဆိုးတာက ဘဏ်ဝန်ထမ်းဖြစ်နေတာကြောင့် လူတွေ အများကြီးနဲ့ တွေ့ခဲ့မှာလား။ ခရီးလည်း သွားခဲ့သေးတယ်ဆိုတော့ နောက်ထပ် ဘယ်လောက်များများ ကူးသွားပြီလဲ။ ဒီလူတွေအကုန်လုံးကို traceနိုင်ပါ့မလား။

ဘာနဲ့တူလဲဆိုတော့ လွန်ခဲ့တဲ့ လတွေက ကိုဗစ်ကို စတွေ့တဲ့ ကာလကို ပြန်ရောက်သွားသလိုပါပဲ။ တဖြည်းဖြည်းနဲ့ new normalနဲ့ အသားကျဖို့ ကြိုးစားနေ၊ ထိန်းချုပ်ထားတာတွေကို ဖြည်းဖြည်းချင်း ဖြေလျှော့နေတဲ့အချိန်မှာ ဒီသတင်းက စိတ်ကို ရှုပ်ထွေးစေပါတယ်။

ဘာကြာင့်လည်း ဆိုတော့ အားလုံးက ပြည်တွင်းကူးစက်မှုလို့ခေါ်တဲ့ local tramsmissionကို ကြောက်လို့ပါပဲ။ နိုင်ငံတကာမှာ တစ်နေ့တည်းနဲ့ လူတွေ ရာနဲ့ ချီပြီး တွေ့တယ်ဆိုတာ local transmissionကြောင့်ပါပဲ။ ဒီမှာတော့ စတွေ့ကတည်းက imported caseနဲ့ စခဲ့ပြီး လူနာအများစုကလည်း ပြည်ပကို ခရီးသွားရာဇဝင်ရှိတာ၊ ရောဂါရှိတဲ့သူနဲ့ ထိတွေ့ထားလို့ သီးခြားခွဲထားပြီး စောင့်ကြည့်စစ်ဆေးရင်း တွေ့ခဲ့တာဆိုတော့ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် တိုးတက်ပါတဲ့ဆိုတဲ့နိုင်ငံတွေနဲ့ ယှဉ်ရင်တောင် တစ်နေ့တည်းနဲ့ caseတွေ အများကြီး တက်မလာအောင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခုလည်း လူနာ ၃၇၅ကနေ ဆင့်ပွားလာတဲ့ လူနာတွေကို တွေ့နေရဆဲပါ။ ဒီလို မြန်မြန်တွေ့အောင်လို့လည်း ထိတွေ့ခဲ့တဲ့ contactတွေကို အမြန်လိုက်ထိန်းနေပါတယ်။

ဒါပေမယ့် ဒီလို လိုက်ထိန်းရုံနဲ့ မပြီးပါဘူး။ ပြည်သူတွေကလည်း ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်စောင့်ရှောက်ရမှာပါ။ ခုဆိုရင် ကိုဗစ်ဖြစ်တာ ၈လကျော်လာခဲ့ပြီ၊ မြန်မာနိုင်ငံမှာတွေ့တာ ၅လကျော်ခဲ့လာပြီဆိုတော့ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို တော်တော်လေး ကျွမ်းနေကြပါပြီ။ သေသေချာချာ လိုက်နာဖို့ပဲ လိုတာပါ။

Local transmission ကြောက်ဖို့ကောင်းလား။

ရောဂါနဲ့ ထိတွေ့မှု ရှိတဲ့သူ၊ လက္ခဏာပြတဲ့သူ၊ နိုင်ငံခြားက ပြန်လာတဲ့သူတွေဆို Quarantineလုပ်ပြီး စောင့်ကြည့်ပေမယ့် သာမန်လူတွေကို ဘယ်သူမှ မစောင့်ကြည့်ပါဘူး။ မတော်တဆ local transmissionသာ ပြန့်ခဲ့မယ်ဆိုရင် လူထုကြားထဲမှာ ရောဂါပိုးတွေ ထိန်းမနိုင်အောင် ပြန့်သွားမှာပါ။

ပိုဆိုးတာက ခုတစ်ခေါက် လူနာ ၃၇၅နဲ့ ထိတွေ့ခဲ့သူတွေထဲမှာ တိုက်ရိုက်ထိတွေ့ခဲ့တဲ့ လူနှစ်ဦးက ပိုးမတွေ့ဘဲ (လက္ခဏာလည်း မပြ၊ ပထမအကြိမ် စစ်ဆေးစဉ်မှာ ပိုးမတွေ့) သူတို့နဲ့ အတူနေထိုင်တဲ့ မိဘတွေမှာ ပိုးတွေ့ခဲ့တာပါ။ ဒါဟာ တကယ်ပဲ ပထမအကြိမ်မို့လို့ ပိုးမတွေ့သေးတာလား။ ဒါမှမဟုတ် ကိုယ်ခံအားကြောင့် သူတို့မှာ ဘာမှမဖြစ်ဘဲ လူကြီးတွေကို ကူးသွားခဲ့တာလား စဉ်းစားစရာပါ။

ဒါကြောင့် တကယ် local transmissionသာ ဖြစ်လာခဲ့ရင် ထိန်းချုပ်ရခက်မှာပါ။ ပိုးရှိတိုင်းလည်း လက္ခဏာ ပြချင်မှ ပြတာမျိုး၊ carrierအနေနဲ့ လူကြားထဲမှာ လျှောက်သွားနေပြီး ပိုးတွေ ပြန့်ကုန်တာမျိုး ဖြစ်ကုန်မှာပါ။ ဒီအခါ တစ်ရက်တည်းနဲ့ caseတွေ ထိုးတက်လာပါလိမ့်မယ်။ ကိုယ်ခံအားနည်းတဲ့သူတွေက ကြားထဲကနေ အဖိတ်အစင် ဖြစ်လာပါလိမ့်မယ်။

Local transmissionကို ဘယ်လို ရင်ဆိုင်ကြမလဲ။

အစကနေ ပြန်စရမှာပါ။ မှတ်မိဦးမလား မသိဘူး။ သင်္ကြန်တုန်းက ၂ပတ်လောက် ဘယ်မှမသွားဘဲ အိမ်တွင်းအောင်းခဲ့ကြတာလေ။ ပထမဆုံး caseတွေ့ပြီး ဒီလို အချိန်ကြာကြာ အိမ်တွင်းအောင်းခဲ့ကြလို့ ရောဂါပြန့်တာကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ခဲ့တာပါ။

ခုလည်း အဲ့လိုပါပဲ။ အချိန်အကြာကြီး အိမ်တွင်းအောင်းဖို့ မဟုတ်ပေမယ့် လတ်တလောတော့ အသွားအလာ ဆင်ခြင်နိုင်ရင် ကောင်းမှာပါ။ ရုံးတွေလည်း ပြန်ဖွင့်နေပြီး စီးပွားရေးတွေလည်း ပြန်စနေပြီဆိုတော့ အရင်လို အိမ်ထဲမှာ ဆက်တိုက်နေဖို့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီတလောမှာတော့

  • တတ်နိုင်သလောက် အပြင်သွားတာ လျှော့မယ်။
  • မဖြစ်မနေ ရုံးကိစ္စ၊ ကျန်းမာရေး ကိစ္စတွေမှပဲ အပြင်ထွက်မယ်။
  • ဆိုင်ထိုင်တာတွေလည်း ခဏနားထားမယ်။
  • လူစုလူဝေး ရှိတဲ့ နေရာတွေလည်း ခဏလောက် ရှောင်မယ်။
  • နှာခေါင်းစည်း သေချာတပ်မယ်။
  • မကြာခဏ လက်ဆေးမယ်။
  • လူများရင် တစ်ယောက်နဲ့ တစ်ယောက် တတ်နိုင်သလောက် ခပ်ခွာခွာနေမယ်။
  • အိမ်မှာ ရှိတဲ့ လူကြီးတွေ၊ ကလေးတွေကို ခဏလောက် အပြင်မထွက်ခိုင်းသေးဘူး။
  • အပြင်သွားပြီး အိမ်ပြန်လာရင် ဘယ်သူနဲ့မှ မတွေ့သေးဘဲ ကိုယ်လက်သန့်ရှင်းရေးကို အရင်လုပ်မယ် စတဲ့ အချက်တွေကို ပြန်လိုက်နာပေးပါ။

ကိုဗစ်အစတုန်းကလည်း တို့တွေ စည်းလုံးခဲ့ကြလို့ caseတွေ အများကြီး တက်မလာအောင် ထိန်းနိုင်ခဲ့တာ ခုလည်း စည်းကမ်းလိုက်နာဦးမယ်ဆိုရင် local transmissionကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ဦးမှပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုဗစ် မပြီးသေးပါဘူး။ ကိုဗစ်ကို အထင်မသေးပါနဲ့။

[covid_19]

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Htet Htet Zaw Win · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။