brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုဗစ် Antibody ထွက်ရင် စိတ်ချရပြီလား။

ကိုဗစ် တတိယလှိုင်း ငြိမ်စ ပြုလာပြီ။ ဖြစ်တဲ့ သူတွေကလည်း ပြန်ကောင်းလာပြီဆိုတော့ တချို့က ကိုယ်ခံအား ထွက်ပြီလား မသိဘူးဆိုပြီး Antibody ဖောက်စစ်တတ်ကြပါတယ်။ Test kitလေးတွေနဲ့ စစ်ပြီး Ig G ထွက်ပြီ၊ Ig Mထွက်ပြီ စသဖြင့်ပြောလေ့ရှိပါတယ်။ ဒီလိုအဖြေတွေ ထွက်ရင် စိတ်ချရပြီလား။ အပြင်ထွက်ပြီး လွတ်လွတ်လပ်လပ်နေလို့ရပြီလား ဆိုတာကို ပြောပြပေးပါမယ်။

ကိုဗစ် Antibody ထွက်ရင် စိတ်ချရပြီလား။

 Antibody ဆိုတာ ဘာလဲ။

Antibodyဆိုတာ ရောဂါပိုးဝင်လာတဲ့အခါ ခန္ဓာကိုယ်က ခုခံပြီး တိုက်ထုတ်ပေးတဲ့ ပစ္စည်းတွေလို့ အလွယ်မှတ်ထားလို့ရပါတယ်။ ဒီပရိုတင်းတွေက ရောဂါပိုးကို မှတ်ထားတာကြောင့် နောက်တစ်ခါ ဝင်လာရင် အလွယ်တကူ တိုက်ထုတ်နိုင်စွမ်း ရှိပါတယ်။ ကိုဗစ်နဲ့ ပတ်သက်ပြီး ပြောရရင် ကိုဗစ်ပိုးကူးခံရပြီး ရက်ပိုင်းကနေ ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါ Antibodyထွက်လာပါတယ်။ ဒါပေမယ့် သွေးထဲမှာ ဘယ်လောက်ကြာကြာနေနိုင်လဲဆိုတာကိုတော့ လေ့လာဆဲပဲ ဖြစ်ပါတယ်။

Antibodyစစ်ပြီး ကိုဗစ်ရှိမရှိ ပြောလို့ရလား။

မရပါဘူး။ Antibodyစစ်ပြီး ကိုဗစ်ရှိမရှိ ပြောလို့မရပါဘူး။ တစ်ခါတလေမှာ Antibody မထွက်သေးခင် သွားစစ်လိုက်လို့ နဂ္ဂတစ်ပြတာ ဖြစ်နိုင်သလို၊ ကိုဗစ် မဟုတ်တဲ့ တခြားကိုရိုနာဗိုင်းရပ်စ်တွေကြောင့် ပေါ့စတစ်ပြတာလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ခုလက်ရှိမှာ ရောဂါရှိသလား၊ သူများကို ကူးနိုင်သလားဆိုတာကို Antibody စစ်ပြီး ဆုံးဖြတ်လို့ မရပါဘူး။

Antibody စစ်လို့ ပေါ့စတစ်ထွက်နေရင် ဘာဖြစ်နိုင်လဲ။

ပေါ့စတစ်ဆိုရင်

-လူနာက အရင်တုန်းက ကိုဗစ်ကူးထားဖူးတယ်လို့ ပြောတာပါ။

-Ig Gရော Ig Mရော ပေါ့စတစ်ဆိုရင် ပြီးခဲ့တဲ့ ရက်သတ္တပတ်လောက်က ရောဂါပိုးကူးထားတယ်လို့ ဆိုလိုချင်တာပါ။

-Ig Gပဲ ပေါ်တော့တယ်ဆိုရင် ဖြစ်တာနည်းနည်း ကြာနေပါပြီ။

ဒါပေမယ့် ပေါ့စတစ်ဖြစ်တာကို ကြည့်ပြီး

-ပြန်ကောင်းလာပြီလို့ ပြောလို့မရပါဘူး။ လူနာက ရောဂါရဲ့ ဒဏ်ကို ဆက်ပြီး ခံနေရတာ ဖြစ်နိုင်ပါတယ်။ ဥပမာ cytokine strom

-Antibodyက နောက်ထပ်ဝင်လာမယ့် ပိုးကို တားနိုင်တယ်လို့ ပြောလို့မရပါဘူး။ (နောက်ထပ် ကူးမကူးဆိုတာ Neutralizing Antibodyနဲ့ပဲ ဆိုင်ပါတယ်။ ဒါကို Test kitနဲ့ စစ်ပြီး မသိနိုင်ပါဘူး)

-Antibodyပမာဏကို မသိနိုင်ပါဘူး။ သိချင်ရင် ELISAလို့ ခေါ်တဲ့ နည်းနဲ့ စစ်ရမှာပါ။

Antibodyစစ်လို့ နဂ္ဂတစ်ထွက်နေရင် ဘာဖြစ်နိုင်လဲ။

နဂ္ဂတစ်ဆိုတာ

-လူနာက ကိုဗစ်မကူးဖူးတာ

-ပိုးတော့ကူးထားတယ်။ ကူးတာ မကြာသေးလို့ Antibodyမထွက်သေးတာ

-Antibodyတော့ ထွက်တယ်။ ဒါပေမယ့် နည်းလွန်းလို့ စစ်တဲ့အခါ မပေါ်တာ

-Antibody လုံးဝမထွက်တာ စတာတွေ ဖြစ်နိုင်ပါတယ်။

Antibodyစစ်လို့ ပေါ်နေပြီဆို ရောဂါပြီးပြီ၊ နောက်ထပ် မကူးနိုင်တော့ဘူးလား။

ဒါကို အတိအကျပြောလို့ မရပါဘူး။

ယေဘုယျအားဖြင့်တော့ ပိုးဝင်တယ်။ ပိုးဝင်ပြီး ထွက်တဲ့ Antibodyက Neutralizing အမျိုးအစားဖြစ်မယ်။ များများထွက်မယ်ဆိုရင်တော့ နောက်ထပ်မကူးအောင် အချိန်တစ်ခုထိ ကာကွယ်ပေးနိုင်ပါတယ်။ ခက်တာက အဲ့နှစ်ခုလုံးကို test kit နဲ့ စစ်လို့ မပေါ်ပါဘူး။ ဓာတ်ခွဲခန်းတွေမှာ စစ်မှပဲ သိနိုင်ပါတယ်။

ကိုဗစ်က မျိုးဗီဇပြောင်းနေတာကြောင့် ခုထွက်တဲ့ Antibodyက နောက်ထပ်မျိုးဗီဇကို ကာကွယ်ပေးနိုင်ပါ့မလားဆိုတာ ပြောရခက်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကိုဗစ် Antibodyနဲ့ ပတ်သက်လို့ နောက်တစ်ခါ မကူးအောင် သွေးထဲမှာ Antibodyဘယ်လောက်ရှိရမလဲ။ Antibodyတွေက ဘယ်လောက်ခံသလဲဆိုတာ လေ့လာဆဲပဲ ရှိပါတယ်။

Antibodyထွက်ပြီးရင် သူများကို ကူးနိုင်သေးလား။

Antibodyထွက်ပြီးရင် သူများကို မကူးနိုင်တော့ဘူးလို့ ယတိပြတ် ပြောလို့မရပါဘူး။ ကိုယ်တိုင်ထွက်ထားတဲ့သူတောင် နောက်တစ်ခါ ဖြစ်နိုင်ခြေ ရှိရင် သူများကိုလည်း ကူးနိုင်ခြေ ရှိတယ်ဆိုတာ သိထားရပါမယ်။

ခြုံပြောရမယ်ဆိုရင် Antibodyကို test kitတွေနဲ့ စစ်ပြီး စိတ်မချလိုက်ပါနဲ့။ ထွက်တာပဲ ရှိပြီး ဘာမှထူးထူးခြားခြား လုပ်လို့မရလို့ပါ။ Antibodyထွက်တာသည် immunity certificate ရောဂါပြီးကြောင်း လက်မှတ်ရသွားတာ မဟုတ်ပါ။ ကိုယ်ကိုယ်တိုင် ရောဂါပြီးသလား။ သူများကို မကူးနိုင်တော့ဘူးလားဆိုတာကို Antibody ထွက်မထွက်နဲ့ ဆုံးဖြတ်လို့ မရပါ။

ဒါကြောင့် Antibodyထွက်ပြီးလည်း စိတ်မချလိုက်ပါနဲ့။ အထူးသဖြင့် test kitနဲ့ စစ်ထားရင် ပိုပြီး သတိထားသင့်ပါတယ်။ ကိုယ့်ကိုယ်ကို ရောဂါပြီးတယ်လို့ ယူဆပြီး ပေါ့ပေါ့ဆဆနေမိရင် ကိုယ်ရော သူများပါ ဒုက္ခရောက်သွားနိုင်ပါတယ်။ Antibody ထွက်ပြီးပြီ၊ အလုပ်ပြန်လုပ်တော့မယ်ဆိုရင်လည်း အရင်လို

–နှာခေါင်းစည်းတပ်ပါ။

–လက်ဆေးပါ။

–လူစုလူဝေးကို တတ်နိုင်သမျှ ရှောင်ဖို့ အကြံပြုချင်ပါတယ်။

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 09/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။