brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

COVID-19 ကို ဘယ်လိုစစ်လို့ရသလဲ။

COVID-19 ရှိမရှိ စစ်ဆေးတဲ့အခါမှာ Antigenကို စစ်တာရယ်၊ ထွက်လာတဲ့ ခုခံအား Antibodyကို စစ်တာရယ်ဆိုပြီး ရှိပါတယ်။ ဒါတွေက ဘယ်လောက်တိကျသလဲ။ ဘယ်လိုအားနည်းချက်တွေရှိသလဲဆိုတာ သိထားဖို့ လိုပါတယ်။

COVID-19 ကို ဘယ်လိုစစ်လို့ရသလဲ။

COVID-19 ကို ဘယ်လိုစစ်လို့ရသလဲ။

ကိုဗစ်ကို စစ်လို့ရတဲ့ နည်းတွေကတော့

  • Molecular test

RT-PCR (Real time polymerase chain reaction)လို့ ခေါ်ပါတယ်။ ရောဂါဖြစ်စကနေပြီး ခုထိစစ်ခဲ့တာ ဒီနည်းနဲ့ပါ။ လူနာဆီကနေ နှာခေါင်းတို့ဖတ်အာခေါင်တို့ဖတ်ကို ယူပြီး စစ်ဆေးတာပါ။ ဒီတို့ဖတ်မှာပါတဲ့ ဗိုင်းရပ်စ်ကို ခေတ်မီစက်ကြီးတွေသုံးပြီး ကျွမ်းကျင်ပညာရှင်တွေက စစ်ဆေးပေးတာပါ။

အားသာချက်က တော်တော်တိကျပါတယ်။ ကိုဗစ်အတွက် gold standardပါ။ လက်ရှိမှာ အတိကျဆုံးနည်းလမ်း ဖြစ်ပါတယ်။

အားနည်းချက်ကတော့ အချိန်စောင့်ရပါတယ်။ နေ့ချင်းရတယ်ဆိုပေမယ့် ၂နာရီကနေ ၅နာရီလောက်တော့ ကြာပါတယ်။ နယ်ကပို့လာတယ်ဆိုရင် ကြားထဲမှာ သယ်ယူပို့ဆောင်တဲ့အချိန်တွေကို ထည့်တွက်ရပါတယ်။ စက်ကြီးတွေ၊ ကျွမ်းကျင်ပညာရှင်တွေ လိုပါတယ်။ ခုလို ဒုတိယလှိုင်းကာလ လူနာများလာတဲ့အချိန်မှာ စစ်ဆေးဖို့ ကြန့်ကြတာတွေ ရှိလာနိုင်ပါတယ်။

  • Antigen test

ဒီလို ကြန့်ကြာတာတွေ ရှိလာနိုင်တဲ့အတွက် Rapid antigen testကို သုံးလာပါပြီ။ သူကလည်း အပေါ်ကနည်းအတိုင်းပဲ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကို ယူပြီး စစ်တာပါ။ ဗိုင်းရပ်စ်မှာပါတဲ့ ပရိုတိန်းကို စစ်ဆေးတာ ဖြစ်ပါတယ်။ ဒါကို Antigen (ပဋိပစ္စည်းထွက်ဖို့ လှုံ့ဆော်ပေးတဲ့ ပစ္စည်း)လို့ ခေါ်ပါတယ်။

ဒီ Antigenက ကိုယ်ထဲမှာ များသောအားဖြင့် ၁၀ရက်ကနေ ၁၄ရက် ရှိပါတယ်။ (တချို့လူတွေမှာ ဒီထက်လည်း ကြာတတ်ပါတယ်။) Antigenရှိတယ်ဆိုတာက လတ်တလောကိုယ့်မှာ ပိုးရှိတယ်ဆိုတာကို ပြတာပါ။ ဒါပေမယ့် စစ်လိုက်လို့ Antigenမတွေ့ရင် အခုရောဂါမရှိဘူးလို့ပြောတာပါ။ အနေအထိုင်မဆင်ခြင်ရင် ပိုးဝင်လာနိုင်ပါတယ်။ ဒါကြောင့် Antigenမတွေ့တာနဲ့ စိတ်ချလို့မရသေးပါဘူး။ ဆက်ပြီး ကာကွယ်နေရဦးမှာပါ။

အားသာချက်က အပေါ်ကနည်းလမ်းလို မရှုပ်ထွေးတော့ပါဘူး။ အဖြေကလည်း နာရီဝက်အတွင်း ရပါတယ်။ လူများများကို စစ်နိုင်ပါတယ်။ စျေးလည်း သက်သာပါတယ်။ တိကျမှုကတော့ ရောဂါရှိရင် ရှိကြောင်း(sensitivity)က ၉၅ရာခိုင်နှုန်း၊ ရောဂါမရှိရင် မရှိကြောင်း (specificity)က ၉၈ ရာခိုင်နှုန်း ရှိပါတယ်။

အားနည်းချက်ကတော့ အပေါ်က RT-PCR လောက်တော့ တိကျမှု မရှိတာပါပဲ။

COVID-19 ကို ဘယ်လိုစစ်လို့ရသလဲ။

  • Antibody test

Antibodyဆိုတာ ပဋိပစ္စည်းပါ။ ဗိုင်းရပ်စ်ရဲ့ ပရိုတိန်း Antigen ဝင်လာရင် ခန္ဓာကိုယ်က Antibodyထွက်လာပြီး ခုခံပါတယ်။ ဒီAntibodyကို စစ်ဆေးတာပါ။ သူကလည်း rapid test kitလိုပါပဲ။ အဖြေမြန်မြန်ရပါတယ်။ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကို စစ်တာမဟုတ်ဘဲ သွေးကို စစ်တာပါ။ Antibodyတွေ့တယ်ဆိုရင် ရောဂါပိုးဝင်ဖူးတယ်ဆိုတာကို ပြတာပါ။ ခုချိန်မှာတော့ ပိုးမရှိတော့ပါဘူး။

ဒါပေမယ့် အားနည်းချက်တွေ ရှိပါတယ်။ Antigenနဲ့ မတူတာက Antibodyက ပိုးဝင်ပြီး ဒုတိယအပတ်လောက်မှ သွေးထဲမှာ ပေါ်ပါတယ်။ စောစောစစ်ရင် မတွေ့ရတဲ့အတွက် အဖြေလွဲနိုင်ပါတယ်။ နောက်တစ်ခုက ၂ပတ်လောက်ကြာမှ (တစ်ခါတလေ လူနာနေပြန်ကောင်းသွားမှ) စစ်လို့ပေါ်တဲ့အတွက် အဲ့ဒီအချိန်ဆိုရင် ထိတွေ့မှုရှိသူကို ရှာဖို့မလွယ်တော့ပါဘူး။ တော်တော်များများလည်း ပြန့်နေလောက်ပါပြီ။

တိကျမှုကတော့ အားနည်းနေပါသေးတယ်။ စစ်တဲ့အချိန်၊ လူနာရဲ့ ခုခံအားစနစ်စတဲ့ အချက်တွေပေါ်မှာလည်း မူတည်နေပါသေးတယ်။

ဒါကြောင့် လက်ရှိ မြန်မာနိုင်ငံမှာ စစ်နည်းနှစ်မျိုးကိုပဲ ကျယ်ကျယ်ပြန့်ပြန့် သုံးပါသေးတယ်။ Molecular testနဲ့ Rapid antigen testပါ။ Antibody testကတော့ ရောဂါဝင်ဖူးတယ်ဆိုတာလောက်ကိုပဲ သိနိုင်ပါတယ်။ ကာကွယ်ဆေးအောင်မအောင်ကိုလည်း ဒါနဲ့ စစ်လို့ မရပါဘူး။ သက်သက် သွေးစစ်ရပါတယ်။

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Dr. Htet Htet Zaw Win · 12/03/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။