brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုဗစ် Antigen test kit ကို အိမ်မှာပဲ စစ်မယ်ဆိုရင်

ကိုဗစ်ကို စစ်ဆေးတဲ့နေရာမှာ RT-PCR လို့ခေါ်တဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ကိုယူပြီး စက်နဲ့ စစ်ဆေးတာရှိသလို Antigen test kit နဲ့ စစ်တာလည်း ရှိပါတယ်။ Antigen test kitရဲ့ အားသာချက်က မိနစ်ပိုင်းနဲ့ အဖြေထွက်ပြီး အိမ်မှာ ကိုယ့်ဟာကိုယ် စစ်လို့ရတာပါ။ ဒါကြောင့် မိမိကိုယ်ကို သံသယရှိတယ်ဆိုရင် အိမ်မှာ ဒါနဲ့ စစ်နိုင်ပါတယ်။

ကိုဗစ် Antigen test kit ကို အိမ်မှာပဲ စစ်မယ်ဆိုရင်

Antigen test kit နဲ့ ဘယ်လိုစစ်ကြမလဲ။

Antigen test kitနဲ့ စစ်ဆေးတဲ့အခါမှာ သူများကို ကူးစက်တာကို ကာကွယ်နိုင်ဖို့ ကိုယ့်ဟာကိုယ် အစအဆုံးစစ်ဆေးတာက အကောင်းဆုံးပါ။ မိသားစုတစ်ယောက်ယောက်ကို စစ်ဆေးခိုင်းမယ်ဆိုရင်တော့ ကူးစက်မှု မရှိအောင် နှာခေါင်းစည်း၊ မျက်မှန်၊ apronစတာတွေကို သေချာ ဝတ်ဆင်ဖို့ လိုပါတယ်။ ဒါမှမဟုတ် ကျွမ်းကျင်ဆေးဝန်ထမ်းတစ်ယောက်ယောက်ကို အိမ်ပင့်ပြီး စစ်ဆေးနိုင်ပါတယ်။

ကိုယ်တိုင်စစ်မယ်ဆိုရင် အောက်ပါအတိုင်း လုပ်နိုင်ပါတယ်။

  • Test kitကို စနစ်တကျ ဖောက်နည်း

-Test kitကို ဖောက်ပြီး ပါတဲ့ ပစ္စည်းတွေကို စားပွဲသန့်သန့်ပေါ်မှာ ဖြန့်ချထားပါ။

-ပုလင်းအဖုံးကို ဖွင့်ပါ။ အထဲက အရည်တွေ ထွက်မကျအောင် သတိထားပါ။

-ပုလင်းကို တည့်တည့်လေး ထောင်ထားပါ။

-တို့ဖတ်ယူဖို့ အတံကို သေချာထုတ်ပါ။

-နှာခေါင်းထဲမှာ နှာရည်တွေ၊ နှပ်တွေကို ရှင်းထုတ်ပါ။

-လက်သေချာဆေးပါ။

-ခေါင်းကို အနောက်ကို လှန်ချထားပါ။

-အတံလေးကို နှာခေါင်းပေါက်ထဲကို ဖြည်းဖြည်းလေး ထည့်ပါ။ အပြင်မှာ ၂.၅ စင်တီမီတာ (၁လက်မသာသာ)ပဲ ချန်ထားပါ။

-အတွင်းထဲရောက်ရင် နှာခေါင်းနံရံပတ်လည်ကိုဖြည်းဖြည်းချင်း လှည့်ပါ။ ၅ကြိမ်လှည့်ပါ။ ၁၅စက္ကန့်လောက် ကြာပါတယ်။

-ပြီးရင် နောက်တစ်ဖက်ကိုလည်း ဒီတိုင်းလုပ်ပါ။

  • အတံကို ပုလင်းထဲ ထည့်နည်း

-အရည်ပါတဲ့ ပုလင်းက ထောင်နေရပါမယ်။

-အတံကို ပုလင်းထဲကို ထည့်ပါ။

-ထည့်ပြီးရင် ပုလင်းထဲမှာ အတံကို ၆ခါလောက်လှည့်ပါ။

-တစ်မိနစ်လောက် စိမ်ထားပါ။

-ပုလင်းအပြင်ကနေ အတံထိပ်ကို လက်ချောင်းနဲ့ ညှစ်လိုက်ပါ။

-ပုလင်းကနေ အတံကို ဖယ်လိုက်ပါ။

-ပြီးရင် ပုလင်းကို သေချာဖိပိတ်ပါ။ ထောက်ခနဲ အသံကြားမှ အံကျတာဖြစ်ပါတယ်။

ကိုဗစ် Antigen test kit ကို အိမ်မှာပဲ စစ်မယ်ဆိုရင်

  • Test kitမှာ အရည်ထည့်နည်း

-အဖုံးပိတ်ထားတဲ့ ပုလင်းကို အထက်အောက် တစ်ပတ်လှည့်လိုက်ပါ။ ရမ်းခါတာမျိုး မလုပ်ရပါ။

-အရည်ထည့်ရမယ့် လေးထောင့်အကွက်မှာ သေချာချိန်ထားပါ။

-၄စက် ညှစ်ချပါ။

-၁၅မိနစ်စောင့်ပါ။

  • အဖြေဖတ်နည်း

-၁၅မိနစ်ဆိုတာနဲ့ ဖတ်လို့ရပါပြီ။ အချိန်ကြာလာလေလေ အဖြေလွဲနိုင်ခြေ များလေလေပါ။

-အကြမ်းအားဖြင့်တော့ ၂ကြောင်းပေါ်ရင် ပေါ့စတစ်ပါ။

-Cမှာပဲ ပေါ်ရင် နဂ္ဂတစ်ပါ။

  • စွန့်ပစ်နည်း

-သုံးထားတဲ့ပစ္စည်းတွေကို အိတ်တစ်အိတ်မှာ လုံနေအောင် သေချာထုပ်ပိုးပြီးမှ အမှိုက်ပုံးထဲကို ပစ်ပါ။

-ပြီးရင် ပစ္စည်းတွေ တင်ထားတဲ့နေရာကို ရေစိုဝတ်နဲ့ သုတ်ပါ။ တတ်နိုင်ရင် ဆပ်ပြာရည်နဲ့ ဆေးပါ။

-နောက်ဆုံးအနေနဲ့ လက်ကို စင်ကြယ်အောင်ဆေးပါ။

Antigen test kitနဲ့ စစ်ဆေးရာမှာ သတိထားရမယ့်အချက်များ

  • FDAကနေ တရားဝင်ခွင့်ပြုချက်ရထားတဲ့ test kit တွေကိုပဲ သုံးပါ။
  • မသုံးခင်မှာ ရက်လွန်မလွန် စစ်ဆေးပါ။
  • အထက်မှာ ပြောခဲ့တဲ့အခက်တွေက ယေဘုယျအချက်တွေပဲ ဖြစ်တဲ့အတွက် တံဆိပ်တစ်မျိုးနဲ့ တစ်မျိုး အနည်းငယ် ကွဲလွဲနိုင်ပါတယ်။ ဒါကြောင့် မသုံးခင်မှာ အသုံးပြုနည်းလမ်းညွှန်ကို သေချာဖတ်ပါ။
  • စစ်ဆေးမယ့် အတံ (နှာခေါင်းထဲထည့်မယ့် အတံ)ကို လက်နဲ့ မထိမိအောင် သတိထားပါ။
  • မစစ်ခင်မှာ test kit က Cက ထင်းနေရပါမယ်။ Cမပေါ်ရင် မသုံးသင့်ပါ။
  • တံတွေးကနေ စစ်လို့ရတဲ့ test kit ရှိသလို နှာခေါင်းတို့ဖတ်ကနေ စစ်လို့ရတဲ့ test kit လည်း ရှိပါတယ်။ (မြန်မာနိုင်ငံမှာတော့ နှာခေါင်းတို့ဖတ်နဲ့ စစ်တာက ပိုများပါတယ်။)

Antigen test kit အဖြေရတဲ့အခါ

အဖြေရတဲ့အခါ ၂ကြောင်းပေါ်နေရင် ပေါ့စတစ်ပါ။ ဒါဆိုရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းကို ဆက်သွယ်ပြီး ကုသဖို့ တိုင်ပင်ပါ။

Cမှာပဲ ပေါ်တယ်ဆို နဂ္ဂတစ်ပါ။ လက်ရှိမှာ ရောဂါပိုးမရှိဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒါက တိကျတာတော့ မဟုတ်ပါဘူး။ စစ်ဆေးတဲ့နည်း မမှန်ရင်၊ စစ်ရမယ့် ရက်မမှန်ရင် (ထိတွေ့မှုဖြစ်ပြီး ဒါမှမဟုတ် လက္ခဏာပြပြီး ၃-၅ရက်အတွင်း စစ်ရပါတယ်။) အဖြေလွဲတတ်ပါတယ်။ မိမိကိုယ်ကို သံသယရှိတယ်ဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းနဲ့ ပြန်လည်စစ်ဆေးနိုင်ပါတယ်။

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 07/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။