brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုဗစ်မျိုးဗီဇအသစ် lambda variant

ဒယ်တာကတောင် မပြီးသေးဘူး။ နောက်တစ်မျိုးလာပြန်ပါပြီ။ ဒီတစ်ခါကတော့ lambda variant လမ်ဒါမျိုးကွဲပါ။ ဗိုင်းရပ်စ်ရဲ့ သဘောတရားအရ အချိန်ကြာလာတဲ့အမျှ မျိုးဗီဇတွေ ပြောင်းပြောင်းလာတတ်တော့ ဒီတစ်ခေါက် မျိုးကွဲကရော ဘာတွေများ ထူးခြားမလဲ။

ကိုဗစ်မျိုးဗီဇအသစ်  lambda variant

lambda variantဘယ်ကစ

lambda variantကို ၂၀၂၀ ဒီဇင်ဘာလမှာ ပီရူးနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာပါ။ ဒီကနေမှ WHOက Variant of Interest (VOI) စောင့်ကြည့်ရမယ့် စာရင်းထဲကို ထည့်ထားတာ ၂၀၂၁ ဇွန်လ ၁၄ရက်နေ့ကပါ။ ခုဆိုရင်တော့ ယူကေ၊ ယူအက်စ်အပါ နိုင်ငံပေါင်း ၃၀လောက်ကို ခြေဆန့်ပြီးပါပြီ။ သြဂုတ်လ လဆန်းပိုင်းက ဂျပန်နိုင်ငံမှာ စတွေ့ထားပါတယ်။

lambda variant က တခြားမျိုးကွဲတွေနဲ့ ဘာကွာလဲ။

WHOရဲ့ VOIစာရင်းထဲဝင်ဖို့ဆိုရင် ဒီမျိုးကွဲက

ကူးစက်နှုန်း၊ ရောဂါပြင်းထန်နှုန်း၊ ကာကွယ်ဆေးပြီးတာ၊ ရောဂါရှာဖွေတာနဲ့ ကုသရာမှာ အခက်အခဲတွေ့နိုင်တယ်လို့ သံသယဝင်ရင်

-လူအများကြီး၊ နိုင်ငံအများကြီးကို ကူးစက်ပြန့်နှံ့ပြီး ရောဂါဖြစ်တဲ့သူတွေ တိုးလာမယ်လို့ ယူဆရင် စောင့်ကြည့်စာရင်းထဲမှာ ပါပါတယ်။

လက်ရှိအချိန်မှာတော့ ပညာရှင်တွေက ဒီဗီဇပြောင်းပိုးက ကူးစက်မြန်မယ်၊ ကာကွယ်ဆေးတွေကိုလည်း ခံနိုင်ရည်ရှိလိမ့်မယ်လို့ ထင်ကြေးပေးထားကြပါတယ်။

lambda variant မှာ ထူးခြားတဲ့ လက္ခဏာ ရှိသလား။

လက်ရှိအချိန်ထိတော့ lambda variantမှာ ထူးခြားတဲ့ လက္ခဏာရယ်လို့ မရှိသေးပါဘူး။ အရင်ကိုဗစ်လက္ခဏာတွေနဲ့ အတူတူလောက်ပဲလို့ ပြောကြပါတယ်။ ပြင်းထန်နိုင်ခြေရှိမရှိကတော့ ဆက်လက်လေ့လာနေဆဲ ဖြစ်ပါတယ်။

lambda variantက ကာကွယ်ဆေးတွေ တိုးပါ့မလား။

lambda variantနဲ့ ပတ်သက်ပြီး Pfizerနဲ့ Moderna ကာကွယ်ဆေးတွေက ကာကွယ်နိုင်စွမ်း အနည်းငယ်ကျသွားတယ်ဆိုပေမယ့် စိတ်ချရတဲ့ အနေအထားမှာ ရှိပါသေးတယ်။ ကာကွယ်နိုင်စွမ်းကို သိသိသာသာ ထိခိုက်တာမျိုး မရှိသေးဘူးလို့ ဆိုထားပါတယ်။

ဒါပေမယ့် ဗိုင်းရပ်စ်စတင်ရာ ပီရူးမှာတော့ lambda variantက တရုတ်ကာကွယ်ဆေး Sinovac (CoronaVac)ထွက်တဲ့ ပဋိပစ္စည်းကို တွန်းလှန်နိုင်တာကို တွေ့ရပါတယ်တဲ့။ ပီရူးနိုင်ငံက လူအများစုက Sinovac (CoronaVac)ကို ထိုးထားတာကြောင့် ဒါနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။

ချီလီနိုင်ငံက ပညာရှင်တွေ လေ့လာချက်အရ lambda variantမှာရှိတဲ့ ဆူးချွန်ပရိုတင်းလေးတွေက Sinovac (CoronaVac)ကြောင့် ထွက်လာတဲ့ ပဋိပစ္စည်းတွေကို ထိုးဖောက်နိုင်တာတွေ့ရပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးကြောင့် ဖြစ်လာတဲ့ ခုခံအားဆဲလ်တုံ့ပြန်မှုကို ထိခိုက်တာမျိုး ရှိမရှိကိုတော့ လေ့လာနေဆဲ ဖြစ်ပါတယ်။ ဒါ့ပြင် lambda variant မှာရှိတဲ့ ဆူးချွန်ပရိုတင်းလေးတွေက အရင်မျိုးကွဲ အယ်ဖာနဲ့ ဂမ်မာထက် ပိုကူးနိုင်ပုံရတာကို တွေ့ရပါတယ်။

ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။

လက်ရှိအချိန်ထိတော့ lambda variantနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ ဆက်လုပ်နေကြပါတယ်။ WHOရဲ့ VOI စောင့်ကြည့်စာရင်းထဲမှာလည်း ပါထားပြီး ဖြစ်ပါတယ်။ ရောဂါကူးနှုန်း၊ ပြင်းထန်နှုန်း၊ ဘယ်ကာကွယ်ဆေးတွေက ဘယ်လောက်ထိ ကာကွယ်နိုင်မလဲဆိုတာ ပညာရှင်တွေက ဆက်ပြီး လေ့လာသွားမှာပါ။

ဗိုင်းရပ်စ်ရဲ့ သဘောတရားအရ မျိုးဗီဇတွေ ပြောင်းပြောင်းတတ်တာကြောင့် ရှေ့ကိုလည်း ဆက်ပြီးတော့ ပြောင်းနေဦးမှာပါပဲ။ လှိုင်းတွေလည်း လာနေဦးမှာပါပဲ။ ကာကွယ်ဆေး လွှမ်းခြုံအား ကောင်းသွားမှသာ ဒီပြဿနာက သက်သာမှာပါ။ ကာကွယ်ဆေးတွေကို ခံနိုင်တယ်ဆိုတာကလည်း အတိုင်းအတာတစ်ခုပဲ ဆိုတာကြောင့် ဆေးထိုးထားရင် ဘာပဲဖြစ်ဖြစ် ကာကွယ်မှုတစ်ခုတော့ ရနေမှာပါ။

မျိုးဗီဇဘယ်လိုပြောင်းပြောင်း သေချာတဲ့ ကာကွယ်နည်းတွေကတော့

-မကြာခဏ လက်ဆေးတာ

လူစုလူဝေး ရှောင်တာ

-မတတ်သာလို့ သွားရရင် နှာခေါင်းစည်း သေချာတပ်တာတွေပဲ ဖြစ်ပါတယ်။

ကာကွယ်ဆေးတွေလည်း ထိုးထားပါလို့ အကြံပေးလိုပါတယ်။

Dr. Htet Htet Zaw Win
Dr. Htet Htet Zaw Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 30/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။