brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သတိ ကိုဗစ်ရှိသေးသည်

လက်ရှိကာလမှာတော့ COVID-19 ရောဂါအပေါ် လူထုရဲ့ အာရုံစူးစိုက်မှုက အတန်ငယ်လျော့ကျလာသယောင် ရှိနေပါတယ်။ ကာကွယ်ဆေးစတင်ရောက်ရှိလာတာ၊ တိုင်းပြည်အတွင်းမှာ အပြောင်းအလဲတွေဖြစ်ပေါ်နေတာ၊ စားဝတ်နေရေးအတွက် စီမံဖို့ ပိုမိုလိုအပ်လာတာတွေကြောင့် ရောဂါကပ်ဘေးအပေါ် အတန်ငယ် အာရုံမရောက် ဖြစ်လာကြပါတယ်။ တကယ်တော့ ကပ်ဘေးဟာ မပြီးသေးသလို ‘ ကိုဗစ်ရှိသေးသည် ‘ လို့ ဆိုရဦးမှာပါ။

သတိ ကိုဗစ်ရှိသေးသည်

လက်ရှိအချိန်အထိ ကမ္ဘာတစ်လွှားမှာ ကိုဗစ်ပိုး ကူးစက်ခံခဲ့ရသူကြောင်း ၁၀၅ သန်းအထိ ရောက်ရှိနေပြီဖြစ်သလို အသက်ဆုံးရှုံးသွားသူအရေအတွက်ကလည်း ၂ သန်းကျော်အထိ ရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း နေ့စဉ်ကူးစက်လူနာ ရာနဲ့ချီတိုးတက်နေသေးသလို သေဆုံးလူနာလည်း ဆယ်ဂဏန်းဝန်းကျင်ရှိနေဆဲပါ။

မြန်မာနိုင်ငံအနေနဲ့ ကာကွယ်ဆေးဝယ်ယူထားပေမယ့် လက်တလောမှာ လှူဒါန်းထားတဲ့ ကာကွယ်ဆေးတွေသာရောက်ရှိသေးပြီး ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေ ရောက်လာဖို့ကတော့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးမယ့် အခြေအနေမျိုးဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေမှာ မူလအတိုင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ဆက်လက်နေထိုင်သွားရဦးမှာဖြစ်သလို ကိုဗစ်ကပ်ဘေးနဲ့ဆက်နွယ်နေတဲ့ သတင်းအချက်အလက်တွေကိုလည်း မျက်ခြေမပျက် စောင့်ကြည့်နေထိုင်သွားဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ ကိုဗစ်ရှိသေးသည် မဟုတ်လား။

သတိ ကိုဗစ် ရှိသေးသည်

ကိုဗစ်ရှိသေးသည် ၊ သတိကပ်ပါ

ကိုဗစ်ရှိသေးသည် လို့ ပြောနေရတဲ့ အကြောင်းအရင်းက ဒီရက်ပိုင်းအတွင်းမှာဆိုရင်လည်း ကမ္ဘာတစ်လွှားမှာ ကိုဗစ်နဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေ၊ လေ့လာချက်တွေ၊ တွေ့ရှိချက်တွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပြီးတော့ အားရစရာရော စိုးရိမ်ပူပန်စရာတွေပါ ရောပြွမ်းနေခဲ့ပါတယ်။

အထူးသဖြင့် မျိုးဗီဇဆင့်ကဲပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ရောဂါပိုးဟာ ခုနောက်ပိုင်းမှာ ပိုမိုထူးခြားတဲ့ အနေအထားတစ်ရပ်မှာ ရှင်သန်နိုင်တယ်ဆိုတာကို သိနားလည်လာရပါတယ်။ ဒါကတော့ မျိုးဗီဇမတူညီတဲ့ ကိုဗစ်ပိုး ၂ မျိုးဟာ လူတစ်ဦးအတွင်းမှာ အတူရှိနေနိုင်တယ်ဆိုတာကို သိလာရတာပါ။ ဗြိတိန်က လူနာတချို့မှာ ခုလိုမျိုး ဗီဇပြောင်း ပိုး ၂ မျိုး ရှိနေတာကို တွေရှိလာခဲ့ရတာကြောင့်ပါပဲ။

ဒါ့အပြင် ရောဂါပိုးဟာ မူလခန့်မှန်းထားတာထက် ပိုမိုလျှင်မြန်စွာ ကူးစက်နိုင်တယ်ဆိုတာကိုလည်း သိလာရပါပြီ။ အမေရိကန် CDC ရဲ့ ကြေညာချက်အရ ကိုဗစ်ပိုးဟာ ၆ ပေအတွင်းမှာဆိုရင် ၁၅ မိနစ်အတွင်း ကူးစက်မှုဖြစ်နိုင်တယ်လို့ သိလာရပါတယ်။ ဒါကြောင့် ၆ ပေအကွာမှာ နေထိုင်ကြဖို့ကလည်း ပိုမိုအရေးကြီးလာပါတယ်။

လူသုံးများတဲ့ Surgical Mask တပ်ဆင်အသုံးပြုရာမှာလည်း တစ်ခုတည်းတပ်ဆင်တာထက် ၂ ခုထပ်ပြီးတပ်ရင် ပိုစိတ်ချရတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလာကြပါတယ်။ ဒီတော့ အပြင်သွားရင် ဘယ်သွားသွား Mask တပ်ဖို့ မမေ့သင့်သေးတာကိုလည်း သတိချပ်ကြပါ။

ကာကွယ်ဆေးဘက်မှာတော့ ကာကွယ်ဆေးအမျိုးအစားသစ် ၂ မျိုး ထွက်ပေါ်လာပါတယ်။ ဗြိတိန်ထိပ်တန်းဆေးဝါးကုမ္ပဏီ Johnson & Johnson ကလည်း တစ်ကြိမ်ပဲထိုးရတဲ့ ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ နီးစပ်နေပြီလို့ဆိုထားပါတယ်။ ဒါပေမယ့် တကယ်တမ်းကြုံဆုံနေရတဲ့ ပြဿနာက ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းတွေ နှောင့်နှေးနေတာဖြစ်ပြီး ဆေးဝါးမလုံလောက်မှုပြဿနာက ဖြေရှင်းရခက်နေဆဲလို့ဆိုရပါမယ်။

ကမ္ဘာတစ်ဝှမ်းကူးစက်မှုကလည်း သိသိသာသာ လျော့ကျလာတာမျိုးမရှိသေးပါဘူး။ ကာကွယ်ဆေးထိုးနှံမှုတွေကို ကမ္ဘာတစ်ဝှမ်းမှာစတင်နေပြီဆိုပေမယ့် တကယ်တမ်းစတင်နိုင်နေတဲ့ တိုင်းပြည်က ဆယ်ဂဏန်းပမာဏသာရှိနေသေးတာမို့ အချိန်ယူရဦးမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်နေဆဲပါ။ အကျိုးသက်ရောက်မှုတွေ ထိရောက်မှုတွေကို ရှေ့လာမယ့်လတွေကျမှသာ သိနိုင်ပါလိမ့်မယ်။

ဒါကြောင့်လည်း ကိုဗစ်ကပ်ဘေးဟာ လူတွေအကြားမှာ အန္တရာယ်ပေးနေဆဲလို့ဆိုနေရတာဖြစ်ပြီး။ သတိထားဖို့ ဂရုစိုက်ဖို့ လိုအပ်နေသေးတယ်လို့ သတိပေးနေရတာပါ။ ပြောရရင် ကိုဗစ်ရှိသေးသည် ေပါ့။

သတိ ကိုဗစ် ရှိသေးသည်

ကပ်ဘေးသည် မပြီးသေး

တစ်ကမ္ဘာလုံးက အခြေအနေတွေကို ခြုံငုံကြည့်မယ်ဆိုရင် ကိုဗစ်ကပ်ဘေးဟာ အဆုံးသတ်နိုင်ဖို့ မနီးစပ်သေးတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်မှာဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးနှံမှုတွေက အနည်းလေး ၂ နှစ် လောက်အထိ အချိန်ယူရဦးမယ့်ပုံဖြစ်နေပြီး ကုသဆေးထွက်ပေါ်ဖို့ကတော့ အချိန်ယူရဦးမှာပါ။

မြန်မာနိုင်ငံမှာဆိုရင်လည်း ကာကွယ်ဆေးထိုးနှံမှုတွေ အတိုင်းအတာတစ်ခုအထိ စတင်နေပြီဖြစ်ပေမယ့် လူထုကို လွှမ်းခြုံနိုင်မယ့် ထိုးနှံမှုတွေကိုတော့ လုပ်နိုင်ဖို့ အချိန်ယူရဦးမှာပါ။

စားဝတ်နေရေးနဲ့ လူမှုဘဝအခြေအနေတွေကြောင့် လူတွေလမ်းတွေပေါ် ပြန်ထွက်နေကြရပြီဖြစ်သလို မသိမသာရော သိသိသာသာပါ စည်းကမ်းမလိုက်နာမှုတချို့လည်း ရှိလာနေပါတယ်။ ကိုဗစ်ရှိသေးသည် ဆိုတာကို မမေ့ပါနဲ့။

တကယ်တော့ ခုကာလဟာ ကပ်ဘေးရဲ့ အဆုံးသတ်ကိုရောက်နိုင်ဖို့ အတန်ငယ် အလှမ်းကွာနေသေးတဲ့ကာလ ဖြစ်ပါတယ်။ ပုံမှန်အတိုင်း စည်းမျဉ်းတွေကို လိုက်နာဖို့ လိုအပ်နေပါသေးတယ်။

  • မဖြစ်မနေအပြင်သွားရမယ်ဆိုရင် Mask တပ်တာ
  • Social Distancing ကို တတ်နိုင်သမျှလိုက်နာတာ
  • လက်ကို ဆပ်ပြာနဲ့ မကြာခန ဆေးကြောသန့်စင်တာ ဒါတွေ ဆက်လိုက်နာပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

[covid_19]

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Ye Zon Aung · 07/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။