လက်ရှိမြန်မာနိုင်ငံမှာ Covid-19 ကူးစက်ခံလူနာအရေအတွက် နေ့စဉ်များပြားလာတာနှင့်အမျှ ပိုမိုကြောက်ရွံလာသူများရှိသလို ယခင်ကလောက် အာရုံမထားတော့ပဲ ပေါ့ပေါ့ဆဆနေလာသူများလည်း ရှိနေပါတယ်။ မည်သို့ပင်ဖြစ်စေ မိမိတွင် ကူးစက်တဲ့အခါ မိသားစုဝင်များနှင့် မိတ်ဆွေတွေကိုပါ ကူးစက်နိုင်ပြီး နောက်ဆက်တွဲကိစ္စရပ်များစွာကြောင့်လည်း စိတ်ရှုပ်ထွေးရမှာမို့ မပေါ့ဆဘဲ နေ့စဉ်လိုက်နာသင့်တာတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ WHO Guidelines တွေအရ ကျွန်မတို့နေ့စဉ်လိုက်နာရမယ့် အခြေခံအချက်အလက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
- လက်ကို ဆပ်ပြာနှင့် ရေ အသုံးပြုပြီး အနည်းဆုံး စက္ကန့်၂၀ကြာအောင် ဆေးကြောပါ။ ရေနှင့်ဆပ်ပြာ မရရှိပါက အယ်ကိုဟော ၆၀ရာနှုန်းအနည်းဆုံးပါတဲ့ လက်သန့်ဆေးရည်ဖြင့် ဆေးကြောပေးပါ။ လက်ကိုမကြာခဏ သန့်စင်ပေးဖို့ အရေးကြီးပါတယ်။
- အိမ်ပြင်သို့ မဖြစ်မနေ အခြေအနေမှထွက်သင့်ပြီး အပြင်ဘက်ရှိ လူများနှင့် အနည်းဆုံး၆ပေအကွာတွင် နေပါ။ ဒီလိုနေခိုင်းရခြင်းကတော့ ရောဂါရှိသူတစ်ဦး ချောင်းဆိုးခြင်း၊ နှာချေခြင်းနှင့် စကားပြောခြင်းပြုလုပ်တဲ့အခါ သူ့ရဲ့ ပါးစပ်နှင့်နှာခေါင်းများဆီက အမှုန်အမွှားတွေ အပြင်ဘက်သို့ ပျံ့နှံ့လာပါတယ်။ ထိုအမှုန်အမွားတွေမှာ ဗိုင်းရပ်စ်တွေ ပါဝင်နေပြီး သင့်အနေနှင့် အနီးကပ်အနေအထားတွင်ရှိနေမယ်ဆိုရင်တော့ သင့်ဆီဗိုင်းရပ်စ်တွေရောက်ရှိလာမှာ ဖြစ်ပါတယ်။
- လူအများ စုဝေးသော နေရာများသို့ သွားရောက်ခြင်း လုံးဝမပြုပါနှင့်။
- အိမ်ပြင်ထွက်ရသည့်အခါတိုင်း surgical maskကို မဖြစ်မနေဝတ်ဆင်ပါ။ လိုအပ်ပါက face shieldကိုပါ အသုံးပြုပါ။
- လက်ဖြင့် မျက်နှာ၊ နှာခေါင်းနှင့် ပါးစပ်များကို ထိတွေ့ခြင်း လုံးဝမပြုလုပ်သင့်ပါ။ လက်ဖြင့် ဗိုင်းရပ်စ်နှင့် ထိတွေ့ထားသောနေရာတွေကို ကိုင်မိပါက ဗိုင်းရပ်စ်တွေ လက်ကနေတဆင့် ကိုယ်ထဲသို့ဝင်ရောက်နိုင်လို့ပဲဖြစ်ပါတယ်။
- နှာချေ၊ ချောင်းဆိုးပါက ပါးစပ်နှင့် နှာခေါင်းကို တံခေါက်ကွေး သို့မဟုတ် တစ်ရှူးစဖြင့် လုံအောင်အုပ်ပါ။ထို့နောက် တစ်ရှူးကို ချက်ချင်း အမှိုက်ပုံးထဲ ထည့်ပါ။
- သင့်အနေနှင့် ချောင်းဆိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်ပူခြင်းစတဲ့ အသေးစားလက္ခဏာများကို ခံစားရပါက မိမိအခန်းထဲတွင် သီးသန့်နေထိုင်ပါ။ အိမ်ရှိ မိသားစုဝင်များနှင့် လုံးဝမထိတွေ့ပါနှင့်။
Hand Sanitizerကို နည်းမှန်လမ်းမှန်အသုံးပြုနည်း
- Hand sanitizerဘူးများကို ကလေးများ လက်လှမ်းမမှီသောနေရာတွင် ထားပေးပါ။ ကလေးများကိုလည်း မှန်ကန်စွာ အသုံးပြုတတ်အောင် သင်ပြပေးပါ။လူကြီးရှေ့တွင်သာ အသုံးပြုပါစေ။
- အသုံးပြုတဲ့အခါမှာ ကျပ်စေ့ပမာဏကိုသာ လက်ထဲသို့ထည့်ပါ။ ပမာဏအများကြီး မလိုအပ်ပါဘူး။
- Hand sanitizerအသုံးပြုပြီးပြီးချင်း မျက်စိ၊ ပါးစပ်နှင့် နှာခေါင်းများကို ချက်ချင်းထိတွေ့တာမျိူး မလုပ်ပါနှင့်။
- မီးများမကိုင်မီနှင့် ဟင်းမချက်မီ hand sanitizerကို တတ်နိုင်သမျှ အသုံးမပြုပါနှင့်။
- လက်ကို ရေနှင့်ဆပ်ပြာဖြင့် စင်ကြယ်အောင် ဆေးကြောခြင်းကသာ Covid-19ကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ဆပ်ပြာမရရှိမှသာလျှင် hand sanitizer ကို အသုံးပြုကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
ရေးသားသူ – Dr Rose
[covid_19]

















