brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

COVID-19နဲ့ လူထု ခုခံအား ( Herd immunity )

အားလုံးသိတဲ့အတိုင်း COVID-19 က ဗိုင်းရပ်စ် အသစ်ဖြစ်တဲ့ အတွက် သူနဲ့ ပတ်သတ်တဲ့ ကာကွယ်ဆေး မရှိသေးပါဘူး။ ကာကွယ်ဆေး ထွက်ဖို့ကလည်း အစောဆုံးဆိုရင်တောင် ၁နှစ် ၁နှစ်ခွဲ စောင့်ရဦးမယ်ဆိုတော့ အဲ့အချိန်လောက်ဆို လူဘယ်လောက်တောင် ထိခိုက်ပြီးပြီလဲဆိုတာ မှန်းရခက်ပါတယ်။ ဒီအချိန်မှာ ပညာရှင်တွေကြားမှာ စကားတစ်ခုကို ပြောလာပါတယ်။ “Herd immunity” တဲ့။ ဒီတိုင်းဆို ကာကွယ်ဆေး မစောင့်တော့ဘဲ Herd immunity မြန်မြန်ရသွားရင် ကောင်းမယ်။ ဒီလောက် ကူးနေတာ Herd immunityမရသေးဘူးလား ဆိုပြီး ပြောကြတဲ့ စကားတွေပါ။ အင်္ဂလန်လိုနိုင်ငံကတောင် Herd immunityကိုပဲ စောင့်တော့မယ်ဆိုပြီး ပြောသွားပါသေးတယ်။ ဒါ ဘာကို ပြောတာလဲ။ Herd immunityက COVID-19 အတွက် ရွေးချယ်စရာ ဖြစ်လာမလားဆိုတာ ကြည့်ကြည့်ရအောင်။

COVID-19နဲ့ လူထု ခုခံအား ( Herd immunity )

Herd immunity ဆိုတာ ဘာလဲ။

Herd immunity ဆိုတာ လူတွေ အများကြီး ခုခံအား ရကုန်တာကို ပြောတာပါ။ ကာကွယ်ဆေး ထိုးလို့ပဲ ဖြစ်ဖြစ်၊ ရောဂါဝင်ပြီး ကိုယ်ခံအားနဲ့ တိုက်ထုတ်လိုက်လို့ ဖြစ်ဖြစ် ခုခံအား ကျန်ခဲ့တာပါ။

Herd immunityကို ဘာအတွက် သုံးတာလဲ။

Herd immunityကို ကူးစက်နိုင်တဲ့ ရောဂါပိုးတွေအတွက် သုံးပါတယ်။ ဥပမာ ပြောရရင် ဝက်သက်ရောဂါပေါ့။ ဝက်သက်ရောဂါဟာ ကာကွယ်ဆေး မပေါ်ခင်တုန်းကဆိုရင် လူတော်တော်များများကို သေစေခဲ့တဲ့ ရောဂါပါ။ ကာကွယ်ဆေးလည်း ပေါ်ပြီးရော လူတော်တော်များများကို ကာကွယ်ဆေး ထိုးပေးပြီးတဲ့အခါမှာ ဝက်သက်ဆိုတာ တော်တော်ရှားသွားပါတယ်။

ကူးစက်နိုင်တဲ့ ရောဂါပိုးတိုင်းတော့ မဟုတ်ပါဘူး။ ဥပမာ မေးခိုင်ရောဂါဆိုရင် ကူးစက်နိုင်တဲ့ ရောဂါမှန်ပေမယ့် Herd immunity မရှိပါဘူး။ သူက ကိုယ်ထိုးမှ ကိုယ်ရတာပါ။

Herd immunity က ဘယ်လို အလုပ်လုပ်တာလဲ။

လူ ၁၀၀ လောက်ရှိတဲ့ နေရာကို ရောဂါပိုးတစ်ခု ဝင်လာတယ်ဆိုပါစို့။ ဘယ်သူမှလည်း ကာကွယ်ဆေး မထိုးထားဘူး။ ရောဂါကလည်း အသစ်မို့လို့ ဘယ်သူမှ မဖြစ်ဖူးဘူးဆိုရင် ဒီလူအုပ်ထဲမှာ ခုခံအား မရှိပါဘူး။ ဒါဆို လူတိုင်းနီးပါး ကူးမှာပါ။ နဂိုတည်းက ကိုယ်ခံအား မကောင်းတဲ့သူတွေက ပိုခံရပါမယ်။

ဒီအချိန်မှာ ကာကွယ်ဆေး ပေါ်လာတယ်။ ထိုးကြတယ်။ ဒါပေမယ့် လူအနည်းစုပဲ ထိုးမယ်ဆိုရင် သူတို့ကိုပဲ ကာကွယ်ပေးနိုင်မှာပါ။ ဆေးမထိုးနိုင်တဲ့ သူတွေကို ကာကွယ်ပေးနိုင်မှာမဟုတ်ပါဘူး။

လူ ၁၀၀ မှာ ၈၀လောက် ကာကွယ်ဆေး ထိုးလိုက်တယ်။ ဒါမှမဟုတ် ရောဂါဖြစ်ပြီး ပြန်ကောင်းသွားတယ်။ ခုခံအားရခဲ့တယ်ဆိုပါစို့။ ဒါဆိုရင် ကျန်တဲ့ ဆေးမထိုးတဲ့ အယောက်၂၀အတွက်ပါ ကာပြီးသားဖြစ်သွားပါပြီ။ ကာကွယ်ဆေးမထိုးနိုင်တဲ့သူတွေကို တခြားကျန်တဲ့ ခုခံအားရပြီးသား သူတွေက ကာပေးလိုက်တဲ့ သဘောပါ။ ဒါဆိုရင် ဒီလူ ၁၀၀ မှာ ဒီရောဂါဖြစ်ဖို့ အခွင့်အလမ်း နည်းသွားပါပြီ။

Herd immunityက ဘယ်သူတွေ အတွက် ကောင်းကျိုးရှိသလဲ။

Herd immunityက ကာကွယ်ဆေး မထိုးနိုင်တဲ့ သူတွေ၊ ခုခံအားမကောင်းတဲ့သူ အတွက် အများကြီး ကောင်းကျိုးရှိပါတယ်။ ဥပမာ ပြောရရင်

  • ဘေလုံးထုတ်ထားလို့ ခုခံအား မကောင်းတဲ့သူတွေ
  • ကင်ဆာဆေးသွင်းထားတဲ့ သူတွေ
  • HIVရှိတဲ့ သူတွေ
  • ကလေးငယ်ငယ်လေးတွေ
  • သက်ကြီးရွယ်အိုတွေ
  • ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်နေတဲ့ သူတွေ
  • ကာကွယ်ဆေးရဲ့ ပါဝင်ပစ္စည်းနဲ့ ဓာတ်မတည့်တဲ့ သူတွေ

Herd immunityရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။

  • ခုနက ပြောခဲ့သလို တော်တော်များများက ကာကွယ်ဆေး ထိုးလိုက်တာ ဖြစ်ဖြစ်၊ ရောဂါကူးသွားလို့ ဖြစ်ဖြစ် ခုခံအားရသွားတယ်ဆိုရင် တခြား ကာကွယ်ဆေး မထိုးနိုင်တဲ့သူ၊ ခုခံအားကျနေတဲ့ သူတွေကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။
  • Herd immunity ကို လူထုကြားမှာ အချိန်အတိုင်းအတာ တစ်ခုအထိ ထိန်းထားနိုင်မယ်ဆိုရင် ကြာလာရင် ရောဂါပိုးက ဘယ်သူ့ကိုမှ ဝင်ကူးလို့မရဘဲ အပြီးပျောက်သွားတာမျိုး ဖြစ်နိုင်ပါတယ်။

Herd immunityရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ။

အဓိကကတော့ ကာကွယ်ဆေး မထိုးဘဲ Herd immunityက ကာကွယ်ပေးပါလိမ့်မယ်လို့ တွေးပြီး ပေါ့ပေါ့ဆဆနေရင် ကိုယ့်မှာ ရောဂါဖြစ်လာနိုင်ပါတယ်။ Herd immunityဆိုတာ ကာကွယ်ဆေး မထိုးနိုင်သူတွေ၊ ခုခံအားမကောင်းတဲ့ သူတွေ အတွက် မျှော်လင့်ချက်ပါ။ ထိုးနိုင်တဲ့ သူတွေက ထိုးရမှာပါ။ ခုနလို အတွေးမျိုး လူတိုင်းမှာ ရှိနေရင်၊ ကာကွယ်ဆေး မထိုးဘဲ နေရင် ဒီရောဂါက လူထုထဲမှာ ပိုပျံ့သွားမှာပါ။

 COVID-19နဲ့ Herd immunity

ပြောရမယ်ဆိုရင် COVID-19က ဗိုင်းရပ်စ်အသစ်ပါ။ ခုထိ ကာကွယ်ဆေးရော ကုစရာဆေးရော မရှိသေးပါဘူး။ ဒါကြောင့် လူတော်တော်များများကို အချိန်တို အတွင်းမှာ ပျံ့သွားတာပါ။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဒီဗိုင်းရပ်စ်ကို မမြင်ဖူးတဲ့ အတွက် ခုခံအား မရှိပါဘူး။ ကာကွယ်ဆေးဆိုတာလည်း အချိန်အတိုင်းအတာ တစ်ခုအထိကြာဦးမှာပါ။

ဒါကြောင့် တချို့သော ပညာရှင်တွေက Herd immunityကို မျှော်လင့်နေကြပါတယ်။ လူဦးရေရဲ့ ၆၀ကနေ ၇၀ရာခိုင်နှုန်းထိ ကူးစက်ခံပြီးသွားရင် Herd immunity ရသွားပြီး တခြားသူတွေကိုပါ ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။ ဒါဟာ သိပ်ကို အန္တရာယ်များတဲ့ စွန့်စားမှု တစ်ခုသာမန်ကျန်းမာတဲ့ပါ။ ကူးခံရတဲ့သူတွေထဲကနေ ဘယ်လောက်ထပ်ပြီး သေဆုံးဦးမှာလဲ။ ဒါပြောရခက်ပါတယ်။

ပညာရှင်တွေ မှန်းထားတာကတော့ ကာကွယ်ဆေးမရခင် ကူးစက်နှုန်းကို တတ်နိုင်သမျှ လျှော့ချဖို့ပါပဲ။ လူဦးရေရဲ့ ၆၀ကနေ ၇၀ရာခိုင်နှုန်း ကူးမယ့်အချိန်ကို တတ်နိုင်သမျှ အချိန်ဆွဲထားဖို့ပါ။ ဒါမှ ကြားထဲမှာ ကာကွယ်ဆေးထုတ်ဖို့ အချိန်ရမှာပါ။ ကူးခံရမယ့် သူတွေကလည်း တတ်နိုင်သမျှ ရောဂါအခံရှိသူတွေ၊ အသက်ကြီးတဲ့ သူတွေ မပါရင် ပိုကောင်းပါတယ်။ သာမန်ကျန်းမာတဲ့ သူတွေဆိုရင် ရောဂါပိုးဝင်တာတောင် ကိုယ်ခံအားက တိုက်ထုတ်နိုင်ပါတယ်။

ဆိုလိုချင်တာက ကာကွယ်ဆေး မထုတ်နိုင်ခင် လူတော်တော်များများကူး၊ ကူးတဲ့သူ တော်တော်များများကလည်း သာမန်လူတွေဖြစ်၊ အသေအပျောက်နည်း၊ ကူးမယ့်အချိန်ကိုလည်း ကာကွယ်ဆေးထွင်ဖို့ တတ်နိုင်သမျှ ဆွဲထား။ ကာကွယ်ဆေးပေါ်လာတာနဲ့ ထိုးနိုင်တဲ့ သူတွေ အကုန်ထိုး၊ ခုခံအားရ၊ မထိုးနိုင်တဲ့ သူတွေကိုပါ ကာကွယ်ပြီးသားဖြစ်။ ဒါမျိုးကို ပြောချင်တာပါ။

ဒီလို ကူးစက်နှုန်းကို အချိန်ဆွဲဖို့ဆိုရင် ကာကွယ်နည်းကို သေချာ လိုက်နာမှ ရတော့မှာပါ။ ဒီထဲကမှ လွှတ်ထွက်သွားလို့ရှိရင် ကူးစက်ခံရမှာပါ။ အသေအပျောက်နည်းအောင် ရောဂါအခံရှိသူတွေ၊ အသက်ကြီးတဲ့ သူတွေကို ပိုပြီး ကာကွယ်ပေးရမှာပါ။

ဘာလို့ ဒါမျိုးလုပ်နေရတာလဲ ဆိုတော့ ဗိုင်းရပ်စ်အသစ်မို့လို့ပါ။ ခုခံအားမရှိသေးလို့ပါ။ ခုမှ ဒါမျိုးရှိတာမဟုတ်ပါဘူး၊ ဥပမာ ပြောရရင် ဟိုးအရင်တုန်းက ဝက်သက်ဆိုတာ သိပ်ကို ကြောက်ဖို့ကောင်းတဲ့ ရောဂါပါ။ ကာကွယ်ဆေး မထွက်ခင်အထိ အသေအပျောက်များခဲ့ပါတယ်။ ကာကွယ်ဆေး ပေါ်လာပြီးမှသာ အဖြစ်နည်းသွားတာပါ။

COVID-19 ကိုရော ဘယ်လိုလုပ်ကြမလဲ။ COVID-19အတွက် Herd immunityက အလုပ်ဖြစ်ပါ့မလားဆိုတာ ပညာရှင်များ ဆွေးနွေးဆဲ ဖြစ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 14/07/2022 ဖြစ်ပါသည်။