backup og meta

Covid-19 ကပ်ရောဂါက ပေးတဲ့ အဆိုးထဲက အကောင်းတွေ

Covid-19 ကပ်ရောဂါကြီးဟာ လူတိုင်းရဲ့ လွတ်လပ်မှုတွေ၊ ပျော်ရွှင်ကျန်းမာမှုတွေကို ပိတ်ပင်နေတာ ၃ လနီးပါးကြာခဲ့ပြီဖြစ်ပါတယ်။ ကိုယ်လည်း ဘာမှကူညီလို့မရနိုင်တဲ့ အဆက်မပြတ် ကူးစက်မှုတွေ၊ သေဆုံးမှုတွေအကြောင်း ကြားနေရ မြင်နေရတဲ့အတွက် စိတ်ထဲမှာ မွန်းကျပ်ပိတ်လှောင်မှုဒဏ်တွေကိုလည်း လူတိုင်းခံစားနေရမှာပါ။

Covid-19 ကပ်ရောဂါက ပေးတဲ့ အဆိုးထဲက အကောင်းတွေ

အကောင်းမြင်စိတ်မွေးဖို့ခက်ခဲတဲ့ ဒီလိုအခြေအနေမျိုးမှာ Covid-19 ရဲ့ အဆိုးထဲက အကောင်းလေးတွေက ဘာတွေဖြစ်မလဲ။ ကြည့်လိုက်ကြရအောင်။

၁။ လေထုညစ်ညမ်းမှုကို လျော့ချနိုင်ခဲ့ပြီ။

တရုတ်နိုင်ငံ၊ အီတလီနိုင်ငံတို့လို လူဦးရေထူထပ်ပြီး ခရီးသွားများတဲ့နေရာနှစ်ခုကို ပိတ်လိုက်ပြီးတဲ့နောက်မှာ လေထုရဲ့ အရည်အသွေးဟာ သိသိသာသာတိုးတက်လာပါတယ်တဲ့။ ကိုယ်ရှူတဲ့လေတွေဟာ သန့်စင်လာပြီဆိုတာ သိရတာ ဘယ်လောက်ကောင်းလိုက်သလဲနော်။

အီတလီ ဗင်းနစ်မြို့ရဲ့ ရေမြောင်းလေးတွေဟာလည်း ညှီနံ့ထွက် ညစ်ပတ်နေခဲ့ရာကနေပြီး ပြန်လည်သန့်စင်လာပါပြီ။

၂။ လူသားချင်းစာနာတတ်လာမယ်။

ရောဂါကို ရှေ့တန်းကနေ တိုက်ပွဲဝင်နေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ပြည်ဝင်ပေါက်တွေဖြစ်တဲ့ လေယာဉ်ကွင်း၊ ကားဂိတ်စတဲ့နေရာတွေမှာ အလုပ်လုပ်နေရတဲ့သူတွေ၊ သူများအိမ်မှာ နားနေရချိန်မနားရတဲ့ မုန့်ပို့သမားလေးတွေ၊ ပြည်သူတွေဆီ သတင်းအမှန်ရစေဖို့ နေ့မအား ညမအား အလုပ်လုပ်ပေးနေရတဲ့ သတင်းမီဒီယာတွေ (ကောလဟာလဖြန့်ချီသူတွေမပါ) စတဲ့ ရောဂါကိုတိုက်ထုတ်တဲ့နေရာမှာ အဖက်ဖက်က ဝိုင်းဝန်ကူညီနေတဲ့သူတွေကို ကိုယ်ချင်းစာတတ်တဲ့စိတ်ဖြစ်လာမှာ အမှန်ပါပဲ။

၃။ ဘဝဟာ နေတတ်ရင် ကျေနပ်စရာပါ။

အရင်တုန်းက မရှိရင် မဖြစ်ဘူးလို့ ထင်ခဲ့တဲ့အရာတွေလည်း အခုချိန်မှာ မလိုအပ်တော့ဘူးဆိုတာ သိလာတဲ့အခါ ကိုယ့်ဘဝကိုယ် ကျေနပ်အားရတဲ့စိတ်တွေဖြစ်လာပါလိမ့်မယ်။

၄။ မိသားစုကို အချိန်ပေးဖြစ်မယ်။

အရင်တုန်းက တစ်အိမ်ထဲနေပြီး တစ်နေ့နေလို့ အမေနဲ့ စကားတစ်ခွန်းမှ မပြောဖြစ်ဘူးဆိုတဲ့သူတွေအတွက် ကိုယ့်မိသားစု၊ ချစ်သူခင်သူတွေနဲ့ ပျော်ရွှင်စရာ ကောင်းတဲ့အချိန်လေးတွေကို ပြန်လည်ဖန်တီးယူပါ။

၅။ ချွေတာတတ်လာမယ်။

လမ်းထိပ်ထွက်တာနဲ့ ပိုက်ဆံတစ်သောင်းကုန်သွားတယ်ဆိုတာမျိုး ဖြစ်ဖူးကြတယ်မလား။ အိမ်မှာနေရင် အပြင်သွားရင်ကုန်တဲ့ တက်စီခတို့၊ ဓာတ်ဆီဖိုးတွေကို လျှော့ချနိုင်မယ်။ အွန်လိုင်းကနေ ပစ္စည်းတွေအရမ်းမှာတာ၊ မုန့်တွေအရမ်းမှာစားတာတွေ မလုပ်မိဖို့တော့ သတိထားပေါ့လေ။

၆။ လက်ဆေးတဲ့အလေ့အကျင့် ရလာမယ်။

အရင်တုန်းက အပြင်ကပြန်လာရင် လက်ဆေးကျင့်မရှိတဲ့သူတွေလည်း လက်ဆေးတတ်တဲ့အကျင့် ဖြစ်သွားပါလိမ့်မယ်။ လက်ဆေးခြင်းဖြင့် ကာကွယ်နိုင်တဲ့ရောဂါတွေဟာ Covid-19 တစ်ခုထဲ မဟုတ်ပါဘူးနော်။

၇။ ကိုယ့်အားကိုယ်ကိုးတတ်လာမယ်။

ခု social distancing တွေကြောင့် အလုပ်တွေ၊ ကျောင်းတွေကနေ အွန်လိုင်းအတန်းတွေ၊ အိမ်ကနေ အလုပ်လုပ်တာတွေကို ကျင့်သုံးလာကြတယ်။ တစ်ခုခုမသိတာရှိရင် အလွယ်တကူ ဘေးကလူက မေးလို့မရတဲ့အတွက် ကိုယ့်အားကိုယ်ကိုးတတ်လာမယ်။

၈။ ကိုယ်ပိုင်အချိန်တွေ တစ်ပုံတစ်ပင်ရလာမယ်။

ကိုယ့်အချိန်ကို မပိုင်ဘူးဆိုတဲ့သူတွေအတွက် Covid-19 ဟာ ကိုယ်ပိုင်အချိန်တွေ အများကြီးပေးလိုက်ပါတယ်။

ကိုယ့်ဘဝရဲ့ အနှစ်သာရကို ပြန်လည်ရှာဖွေမလား။ ကိုယ်ဖြစ်ချင်တာတွေ လုပ်ကြည့်ဖို့ အချိန်ပေးမလား။ ကိုယ့် စိတ်ကျန်းမာရေးအတွက် ကိုယ့်ကိုယ်ကို အနားပေးမလား။ ပေါများနေတဲ့ ကိုယ်ပိုင်အချိန်တွေကို အကျိုးရှိရှိ အသုံးချပါ။

၉။ လူတွေအကြောင်း ပိုနားလည်လာမယ်။

စူပါမားကတ်တွေမှာ သူများတွေဝယ်စရာမကျန်လောက်အောင် ပစ္စည်းတွေကို အလုအယက်ဝယ်ကြတဲ့သူတွေ၊ ၁၄ ရက် quarantine လုပ်ရမယ်ဆိုတာကို မလိုက်နာတဲ့သူတွေ၊ လူတွေအထိတ်တလန့်ဖြစ်စေတဲ့ သတင်းအမှားတွေကို ထုတ်လွှင့်တဲ့သူတွေ စတဲ့ ကိုယ့်အကျိုးကိုပဲ ကြည့်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့သူတွေကို တွေ့ရမြင်ရတဲ့အခါ ကိုယ်သာဆိုရင် မလုပ်မိအောင် ကြိုးစားမယ်ဆိုတဲ့ စိတ်လည်း ဖြစ်လာနိုင်တယ်။

၁၀။ အကောင်းမြင်စိတ်မွေးတတ်လာမယ်။

နိုင်ငံတွေပိတ်၊ ရုံးတွေပိတ်၊ ကျောင်းတွေပိတ်၊ အစစအရာရာ ခက်ခဲနေတဲ့ ကာလတစ်ခုမှာ အကောင်းမြင်စိတ်မရှိရင် ပိုပင်ပန်းတယ်။ ဒါကြောင့် အကောင်းမြင်စိတ်လေးလည်း ရှိလာမယ်။

သင်ခန်းစာဆိုတာယူတတ်ရင်ရပါတယ်တဲ့။ ကပ်ရောဂါကို စိတ်ဒဏ်ရာလို့သဘောမထားဘဲ အခက်အခဲကြားမှာ စိတ်ပျက်အားမလျှော့ဖို့ သင်ပေးတဲ့ ဆရာတစ်ဆူလို့သဘောထားလိုက်ပါ။

ကပ်ရောဂါဆိုတာ အမြဲဖြစ်နေမှာလည်း မဟုတ်ပါဘူး။ အချိန်တစ်ခုရောက်ရင် ပြီးသွားရမှာပါပဲ။ အားမလိုအားမရဖြစ်တာတွေကို နောက်ထားပြီး အကောင်းမြင်စိတ်လေးမွေးရင် အခက်ခဲဆုံး အချိန်တွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်မှာပါ။

[covid_19]

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

11/05/2020

Dr. Yee Mon Lwin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

COVID-19 ဗိုင်းရပ်စ်ကြောင့် စိတ်ပူနေသူတွေထဲ သင်ရော ပါနေပြီလား

Covid-19 ပြန့်ပွားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်မယ့် နည်းလမ်း။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Yee Mon Lwin မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ