COVID-19ရဲ့ လက္ခဏာ တွေက အရင်လို မဟုတ်တော့ပါဘူး။ ပြီးခဲ့တဲ့ တစ်ခေါက်ကပဲ မန္တလေးက အမျိုးသမီးတစ်ဦးက ဘာလက္ခဏာမှ မပြဘဲ ရုတ်တရက် အနံ့မရတော့တာကြောင့် COVID-19လားဆိုပြီး စစ်ဆေးခဲ့တာ ပိုးတွေ့ခဲ့ပါတယ်။ ဒါဟာ တော်တော်ဗဟုသုတရှိပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်လို့သာ ဒီလို သတိထားမိတာပါ။ ဒါ့ပြင် ဒီရောဂါမှာ ပိုပြီး ထူးဆန်းတဲ့ တခြားသော လက္ခဏာတွေ ရှိပါတယ်။ ဘာတွေလည်း ဆိုတာ ဆက်ကြည့်ရအောင်။
COVID-19ရဲ့ သာမန် လက္ခဏာ များ
အားလုံးသိကြတာက COVID-19မှာ
ဖျားမယ်။ ဒါကြောင့်လည်း လူအဝင်အထွက်များတဲ့နေရာတွေမှာ အဖျားတိုင်းကြတာပေါ့။ မောမယ်။ အသက်ရှူကြပ်မယ်။ နုံးတာတွေ ဖြစ်မယ်။ အလွယ်ပြောရင် တုပ်ကွေးရဲ့ လက္ခဏာတွေနဲ့ ဆင်တူပါတယ်။ နောက်ပိုင်းမှာတော့ တုပ်ကွေးနဲ့ မတူတဲ့၊ လားလားမျှ မဆိုင်တဲ့ လက္ခဏာတွေကိုပါ တွေ့လာရနေပါပြီ။
COVID-19ရဲ့ ထူးဆန်းတဲ့ လက္ခဏာ များ
လတ်တလောမှာ တွေ့နေရတာက COVID-19ဖြစ်တဲ့သူတွေရဲ့ ခြေချောင်းတွေမှာ ထူးခြားတဲ့ လက္ခဏာတွေ ရှိနေတာပါပဲ။ ဒါကို အီတလီက ဆရာဝန်တွေက မတ်လလောက်တည်းက သတိထားမိတာပါ။ Northwestern Universityရဲ့ အဆိုအရတော့ သူတို့ရဲ့ ခြေချောင်းတွေ၊ ခြေထောက်တွေနဲ့ တစ်ခါတစ်ရံ လက်ချောင်းတွေမှာ ခရမ်းရောင်၊ အပြာရောင် ဒါမှမဟုတ် အနီရောင် အကွက်တွေ တွေ့ရပါတယ်တဲ့။ ထိလိုက်ရင်နာပြီး ပူလည်းပူပါတယ်တဲ့။
တချို့သော လူနာတွေက သူတို့အသားတွေ ကျဉ်တယ်လို့ ပြောကြပါတယ်။ ဓာတ်လိုက်သလို၊ ကြက်သီးထသလိုမျိုး ခံစားရပါတယ်တဲ့။ တစ်ယောက်ကဆို အသားပေါ်ကနေ ရေခဲဝတ်နဲ့ အုပ်ထားသလိုမျိုး ကျဉ်နေတာပါတဲ့။
ဒီလအစောပိုင်းကပဲ အမေရိကန် CDCက COVID-19ရဲ့ လက္ခဏာတွေထဲမှာ အနံ့အရသာ မရတာကို ထည့်လိုက်ပါတယ်။ University of Californiaက ပညာရှင်တွေက လူနာပေါင်း ၅၉ရောက်ကို လေ့လာကြည့်တဲ့အခါ သုံးပုံ နှစ်ပုံလောက်က အနံ့အရသာ မသိတော့တာကို တွေ့ရပါတယ်။ ဒီလို အနံ့ အရသာ မရတာက သာမန် တုပ်ကွေးတွေ၊ ဓာတ်မတည့်တာတွေမျာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ COVID-19ကိုပါ ထည့်သွင်းစဉ်းစားရမှာပါ။
- အစာအိမ် အူလမ်းကြောင်းပြဿနာများ
ဒီအချိန်မှာတော့ ဗိုက်မကောင်းရင်လည်း ကိုယ့်ကိုကိုယ် သတ်ထားကြည့်ပါ။ ဘာလို့လဲဆိုတော့ Wuhan Medical Treatment Expert Group ရဲ့ လေ့လာချက်တွေအရ သူတို့COVID-19လူနာတွေရဲ့ ၄၈.၅ ရာခိုင်နှုန်းက ဗိုက်ပြဿနာနဲ့ လာကြတာပါတဲ့။ ဝမ်းလျှောတာ၊ ဗိုက်ရစ်တာ၊ အစားအသောက်ပျက်တာ၊ ဗိုက်နာတာ၊ အန်တာ စသဖြင့်ပေါ့။ ဒီထဲကမှ ၃ရာခိုင်နှုန်းက အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ မရှိပါဘူးတဲ့။
အီတလီနိုင်ငံ လွန်ဘာဒီမှာရှိတဲ့ အရေပြားဆရာဝန်တွေက COVID-19ဖြစ်တဲ့ လူနာ ၈၈ယောက်ကို လေ့လာကြည့်တဲ့အခါ ၂၀ရာခိုင်နှုန်းလောက်က အရေပြားဆိုင်ရာ လက္ခဏာတွေ တွေ့ရပါတယ်တဲ့။ အနီစက်တွေထွက်တာ၊ အင်ပျဉ်ထတာ၊ ရေကျောက်ပေါက်သလိုမျိုး ဖြစ်တာတွေပေါ့။
- ဦးနှောက်နဲ့ အာရုံကြော လက္ခဏာများ
သတိမကောင်းတာ၊ ကယောင်ကတမ်းပြောတာ၊ တခြား အာရုံကြောပြဿနာတွေကိုလည်း တချို့သော COVID-19လူနာတွေမှာ တွေ့ရတတ်ပါတယ်။ သိပ်မပြင်းထန်တဲ့ အနံ့အရသာမရတာ၊ ခေါင်းကိုက်တာ၊ ခေါင်းမူးတာ၊ ကြွက်သားတွေ အားနည်းတာကို ရောဂါပျိုးချိန်မှာ တွေ့ရပြီး နောက်ပိုင်းကျရင်တော့ ဒီထက်ပိုဆိုးတာကို တွေ့ရမှာပါ။ တချို့တွေဆိုရင် သတိမကောင်းတာ၊ ဦးနှောက်ရောင်လို့ အနီးကပ် ကြည့်ရှူစောင့်ရှောက်ရတာတွေလည်း ရှိတယ်လို့ ပြောကြပါတယ်။
- နှလုံးနဲ့ သွေးကြောပြဿနာများ
လေ့လာချက်တွေအရ COVID-19က သွေးခဲတဲ့ ပြဿနာကို ဖြစ်စေတယ်လို့ ဆိုကြပါတယ်။ ဒီသွေးခဲလေးတွေက ခြေထောက်က သွေးကြောတွေ၊ တခြား သွေးကြောသေးသေးလေးမှာ ပိတ်တဲ့အခါ အရေပြားပြဿနာတွေ ပေါ်လာပါတယ်။ အဆုတ်တို့၊ နှလုံးတို့၊ ဦးနှောက်တို့မှာဆိုရင်တော့ အဆုတ်သွေးကြောပိတ်တာ၊ နှလုံးပုပ်တာ၊ လေဖြတ်တာတွေ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် လူငယ်တွေမှာ ဘာကြောင့်မှန်းမသိ ရုတ်တရက် လေဖြတ်တယ်၊ နှလုံးပုပ်တယ်ဆိုပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ COVID-19ရှိနေတာကို တွေ့ရပါတယ်။ နောက်တစ်ခုက ဗိုင်းရပ်စ်က နှလုံးကို ရောက်တဲ့အခါ နှလုံးကို ရောင်စေပြီး နောက်ဆက်တွဲအနေနဲ့ ရင်ဘတ်အောင့်တာ၊ နှလုံးခုန်မမှန်တာ၊ နှလုံးပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။
- ကလေးတွေမှာ တွေ့ရတဲ့ လက္ခဏာများ
သိပ်မကြာသေးခင်က အင်္ဂလန်နိုင်ငံက ကလေးတွေမှာ ပြင်းထန်တဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ အားလုံးမဟုတ်ပေမယ့် တချို့တွေမှာ ခန္ဓာကိုယ် တစ်ခုလုံးက ကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းပြီး စစ်ဆေးကြည့်လိုက်တဲ့အခါ COVID-19ရှိနေတာကို တွေ့ရပါတယ်။ ဘာကြောင့်လည်းတော့ သေချာ မပြောနိုင်ပေမယ့် ကံကောင်းတာက ကလေး အနည်းစုမှာပဲ ဒါမျိုးတွေ့ရတာပါ။
ဒီကလေးတွေမှာဆိုရင် ရှော့ရတာ၊ အဖျားကြီးတာ၊ သွေးပေါင်ကျတာ၊ အသက်ရှူကြပ်တာ၊ အနီစက်တွေ ထွက်တာ စတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ တချို့တွေမှာဆိုရင် အစာအိမ်နဲ့ အူလမ်းကြောင်း လက္ခဏာတွေနဲ့ လာတာာ၊ သွေးအဖြေတွေ ပုံမှန်မဟုတ်တာလည်း တွေ့ရပါတယ်။
ဒါက သိပ်ကို ကြောက်ဖို့ ကောင်းပါတယ်။ သူ့ကိုယ်ထဲမှာ ပိုးရှိပေမယ့် ဘာလက္ခဏာမှ မပြသလို သူကလည်း လူကောင်းလိုပဲ သွားလာနေပါတယ်။ ဒါပေမယ့် သူ့ဆီကနေတော့ သူများကို ကူးနိုင်ပါတယ်။ လူကောင်းလို ဖြစ်နေတဲ့အတွက် ကိုယ့်ကိုယ်ကို သတိမထားမိဘဲ လူပေါင်းများစွာနဲ့ ထိတွေ့လိုက်တဲ့အခါ ပိုးဖြန့်ဖြူးသူ ဖြစ်သွားပါတော့တယ်။
COVID-19ဟာ ဆိုရင် super ဗိုင်းရပ်စ်လို့ ပြောရမလိုပါပဲ။ သူ့ရဲ့ လက္ခဏာတွေက သာမန် တုပ်ကွေးနဲ့ မတူတော့ဘဲ တခြားဟာတွေပါ ပါလာပါပြီ။ ဒီဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာကိုမဆို တိုက်ခိုက်နိုင်နေတာလားလို့ ပညာရှင်တွေက တွေးနေကြပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ကာကွယ်ရမယ့် နည်းလမ်းတွေကို လိုက်နာပါ။ တစ်ခုခု ထူးခြားတာရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[covid_19]