ကိုဗစ်ကာလမှာ အန္တရာယ်အများဆုံး အုပ်စုကို ပြောပါဆိုရင် သက်ကြီးရွယ်အိုအုပ်စုပါပဲ။ ရောဂါကူးနိုင်ခြေရော၊ သေဆုံးနိုင်ခြေရော အများဆုံးပါပဲ။ ရောဂါအခံရှိရင် ပိုတောင်ဆိုးပါသေးတယ်။ အမေရိကန် CDCရဲ့ အဆိုအရ ကိုဗစ်ကြောင့် သေဆုံးသူ၁၀ယောက်မှာ ၈ယောက်က အသက်၆၅နှစ်အထက် လူကြီးတွေပါတဲ့။ နောက်ပြီး ခုလို ကပ်ရောဂါကာလမှာ အိမ်ထဲမှာပဲ အနေကြာလာတဲ့အခါကျတော့ သူတို့မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်ခံစားလာရတာလေးတွေ ရှိပါတယ်။ ဒါကြောင့်လည်း သူတို့ကို ပိုပြီးဂရုစိုက်ဖို့ ပြောတာပါ။
ဘိုးဘိုးဘွားဘွားတွေ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာကို ဒီလို ဖြေရှင်းပေးပါ။
လူကြီးတွေက အစကတည်းက အသက်ကြီးလာရင် စိတ်ဓာတ်ကျလွယ်တာ သဘာဝပါ။ အရင်ကတော့ မနက်မိုးလင်း ရုံးသွား၊ ကျောင်းသွားကြတာကြောင့် အထီးကျန်တဲ့ ဝေဒနာခံစားရပါတယ်။ ခုလို ကိုဗစ်အချိန်မို့လို့ အားလုံးရှိနေကြပေမယ့်လည်း အိမ်မှာ ပိတ်မိနေတဲ့ ခံစားချက်မျိုးပါ။ ဒါကြောင့် ပိုပြီး စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များတာ၊ စိတ်ဂနာမငြိမ်တာဖြစ်လာပါတယ်။
ဒါကို အတူနေမိသားစုတွေက နားလည်ပေးပါ။ စိတ်ရှည်ရှည်နဲ့ ဆက်ဆံပေးပါ။ သူပြောတဲ့ စကားတွေကို နားထောင်ပေးပါ။ တစ်ယောက်တည်း ပစ်မထားပါနဲ့။
- စိုးရိမ်စိတ်တွေ ဖြေဖျောက်ပေးပါ။
ကိုဗစ်က လူကြီးတွေမှာ ဖြစ်တာများတယ်။ ဖြစ်ရင်လည်း သေကြတာများတယ်ဆိုပြီး ငါ့အလှည့်ဘယ်တော့ရောက်မလဲဆိုပြီး အစိုးရိမ်လွန်နေတတ်ပါတယ်။ မိသားစုဝင်တွေက ဒါကို သေချာရှင်းပြပေးပါ။ အသက်ကြီးတဲ့လူတိုင်း ပိုးကူးပြီး သေဆုံးနိုင်တာမဟုတ်ကြောင်း၊ ရောဂါအခံရှိရင်လည်း ရောဂါအခံကို သေချာထိန်းချုပ်ထားရင် အန္တရာယ်နည်းတဲ့အကြောင်းပြောပြထားပါ။ ဟိုတလောကတောင် အသက်၉၀ကျော် ဘွားဘွားတစ်ယောက် ကိုဗစ်ပျောက်ကင်းပြီး ဆေးရုံကဆင်းလာပါသေးတယ်။ တစ်ခါတလေ ဒီနေ့ လူနာဘယ်နှယောက်၊ သေဆုံးသူဘယ်နှယောက်ဆိုတာတွေကို မဆွေးနွေးပါနဲ့။
- ကောလာဟလတွေကို မယုံပါစေနဲ့။
လူကြီးတွေက စိုးရိမ်စိတ်နဲ့ တစ်ခါတလေ လိုင်းပေါ်ကတွေ့တဲ့ ဆေးမြီးတိုတွေ လိုက်လုပ်တတ်ပါသေးတယ်။ ဥပမာ တမာရွက်ပြုတ်သောက်တာတို့၊ ကြက်သွန်နီဝါးတာတို့ပေါ့။ ဘိုးဘိုးဘွားဘွားတွေရဲ့ ခန္ဓာကိုယ်ဟာ လူငယ်တွေလို မဟုတ်တဲ့အတွက် တစ်ခုခုမှားဘွင်းသွားရင် ကုသရခက်ပါတယ်။ ဒါကြောင့် ဒါမျိုးတွေ မယုံဖို့ နားချပါ။
ရောဂါကာကွယ်တဲ့ နည်းလမ်းတွေဖြစ်တဲ့ လက်ဆေးနည်းတွေ၊ နှာခေါင်းစည်းတပ်နည်းတွေ သေသေချာချာပြောပြထားပါ။ အာဟာရပြည့်အောင်စားခိုင်းပြီး အိပ်ရေးဝဝအိပ်ခိုင်းပါ။ တတ်နိုင်သမျှ အိမ်မှာနေခိုင်းပါ။
- အပျင်းပြေအောင် လုပ်ပေးပါ။
အိမ်မှာနေတာ ကြာလာတဲ့အခါ သူသူကိုယ်ကိုယ် ပျင်းလာတာ အမှန်ပါ။ လူကြီးတွေဆို ပိုဆိုးတာပေါ့။ ဒါကြောင့် သူတို့မပျင်းရလေအောင် အဖော်လုပ်ပြီး စကားပြောပါ။ သူတို့ လုပ်နိုင်တဲ့ အိမ်အလုပ်လေးတွေ ပေးလုပ်လိုက်ပါ။ မုန့်တွေ အတူတူလုပ်စားကြပါ။ ပုံမှန်နေ့စဉ်ဘဝလိုပဲ ဖြတ်သန်းပါ။
သူ့သူငယ်ချင်းတွေ၊ အဝေးက အမျိုးတွေနဲ့ ဖုန်း၊ မက်ဆင်ဂျာကနေ ဆက်သွယ်ပေးလိုက်ပါ။ လူကြီးအချင်းချင်း စကားပြောပြီး အတွေ့အကြုံတွေ မျှဝေတာကလည်း သူတို့ရဲ့ စိတ်ခံစားချက်တွေ သက်သာစေပါတယ်။ ကိုယ်က အဝေးရောက်နေတယ်ဆိုရင်လည်း မကြာခဏဆက်သွယ်ပေးပါ။ အဆင်ပြေကြောင်း ပြောပြပေးပါ။ လူကြီးဆိုတာ စိတ်ပူတတ်တဲ့ အမျိုးမဟုတ်လား။
ဘိုးဘိုးဘွားဘွားတွေရဲ့ ကျန်းမာရေးပြဿနာကို ဒီလို ဖြေရှင်းပေးပါ။
- ရောဂါအခံတွေကို ဂရုစိုက်ပါ။
နဂိုရှိတဲ့ ရောဂါတွေ (ဥပမာ နှလုံး၊ ဆီးချို၊ သွေးတိုး)ကို ဂရုစိုက်ပေးပါ။ စိတ်ဖိစီးမှုများနေရင် ဒီရောဂါတွေက ထိန်းရခက်ပါတယ်။ ဆေးမှန်မှန်သောက်ဖို့၊ အစားအသောက်ဆင်ခြင်ဖို့ သတိပေးပါ။ ဆေးခန်းကို ရက်ချိန်းသွားပြဖို့ မလွယ်တာကြောင့် အွန်လိုင်းကနေ ပြနိုင်မယ့်နေရာ ရှာထားပါ။ ဆေးတွေကို တစ်လစာလောက် ပိုဝယ်ထားပါ။ နောက်တစ်ခုက ရောဂါအခံတွေကို သေချာထိန်းနိုင်ရင် မတော်တဆကိုဗစ်ဖြစ်လာရင်တောင် အခြေအနေမဆိုးပါဘူး။
- ကိုယ်လက်လှုပ်ရှားမှုလုပ်ပါစေ။
တစ်နေကုန် အိမ်မှာပဲ နေရတော့ အရင်လို လှုပ်လှုပ်ရှားရှား သိပ်လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အိမ်ထဲမှာလည်း လေ့ကျင့်ခန်းလုပ်လို့ရကြောင်း ပြောပြပါ။ အတူတူလိုက်လုပ်ပေးလိုက်ပါ။ ပေါ့ပေါ့ပါးပါး လှုပ်ရှားရတဲ့ အိမ်အလုပ်လေးတွေ လုပ်ခိုင်းပါ။ ဒါလည်း လေ့ကျင့်ခန်းပါပဲ။
လူကြီးတွေက စိတ်ညစ်ရင် အစားမဝင်တတ်ပါဘူး။ ဒါကြောင့် အာဟာရဖြစ်မယ့်ဟာတွေပဲ ရွေးကျွေးပါ။ အတူတူထမင်းစားပါ။ အိပ်ရေးဝဝအိပ်ခိုင်းပါ။ အစားမဝင်ဘူးဆို ဆရာဝန်နဲ့ တိုင်ပင်ပြီး အားဆေးတိုက်ပါ။
မနက်မိုးလင်းရင် လေကောင်းလေသန့်ရှူပြီး နေရောင်ခံခိုင်းပါ။ ခြံရှိရင် ခြံထဲဆင်းလျှောက်ပါ။ မရှိရင် မနက်စောစောလူရှင်းချိန် ဝရန်တာထွက်ထိုင်ပါ။ အပင်လေးတွေ ရေလောင်းခိုင်းပါ။ သဘာဝနဲ့ ထိတွေ့နေရရင် လူကနေလို့ကောင်းပြီး စိတ်ကြည်ပါတယ်။
- အရေးပေါ်အခြေအနေတွေအတွက် ကြိုပြင်ဆင်ထားပါ။
ခုနကလို ရောဂါအခံရှိတဲ့ ဘိုးဘိုးဘွားဘွားတွေ ရုတ်တရက် ရောဂါထဖောက်လာခဲ့ရင် (ဥပမာ ဆီးချိုတွေ မတရားတက်လာတာမျိုး) ဆေးရုံ ဆေးခန်းသွားဖို့လိုမှာပါ။ ဒါပေမယ့် ဘိုးဘိုးဘွားဘွားတွေကတော့ ငါခံနိုင်သေးတယ်ဆိုပြီး ပြောမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီလိုအချိန်မှာ ဆေးရုံဆေးခန်းသွားရင် ရောဂါကူးမှာ ကြောက်လို့ရယ်၊ သားသမီးတွေ ဝန်ပိုမှာစိုးလို့ရယ်ပါ။
ဒါပေမယ့် ဒီလိုအခြေအနေအတွက် ကြိုပြင်ထားပါ။ ရုတ်တရက် ဆေးရုံသွားဖို့လိုလာရင် တက္ကစီခေါ်ဖို့ လွယ်မလား။ မလွယ်ရင် ဘယ်လူမှုကူညီရေးကို အကူအညီတောင်းမလဲ။ ဘယ်ဆေးရုံကို သွားမှာလဲ စသဖြင့် လိုအပ်နိုင်တာတွေ စုဆောင်းပြီး ပြင်ဆင်ထားပါ။
- ရောဂါပိုး မကူးအောင် ဂရုစိုက်ပါ။
ခုချိန်ထိ အပြင်ထွက်အလုပ်လုပ်နေရတဲ့သူတွေ ရှိသေးတဲ့အတွက် သူတို့က အပြင်က ပြန်လာရင် ကိုယ်လက်မသန့်စင်ဘဲ လူကြီးတွေနားမကပ်ပါနဲ့။ လူကြီးအသုံးအဆောင်ပစ္စည်းတွေ မကိုင်ပါနဲ့။ သင်က ရောဂါပိုးသယ်ဆောင်ပြီး လက္ခဏာမပြတာလည်း ဖြစ်နိုင်တဲ့အတွက် ပုံမှန်အပြင်ထွက်နေရတယ်ဆိုရင် ဘိုးဘိုးဘွားဘွားတွေနဲ့ ဝေးဝေးနေပါ။
မတော်တဆ သင်က ကိုဗစ်သံသယလက္ခဏာရှိနေပြီး ဆေးစစ်ဖို့ အိမ်မှာ စောင့်နေရတယ်ဆိုရင် သီးသန့်ခွဲနေပါ၊ လူကြီးတွေနဲ့ မတွေ့ပါနဲ့တော့။
ဒါက သာမန်ဘိုးဘိုးဘွားဘွားတွေ အကြောင်းပဲရှိပါသေးတယ်။ တစ်ယောက်တည်းနေတဲ့ ဘိုးဘိုးဘွားဘွားတွေ၊ အိမ်ကလူမှာ ပိုးတွေ့လို့ ဆေးရုံကို သွားရပြီး ကိုယ်ကတော့ အိမ်မှာကျန်နေခဲ့တဲ့ ဘိုးဘိုးဘွားဘွားတွေ မပါသေးပါဘူး။ သူတို့ဆို ပိုပြီးတော့တောင် ရိုက်ခတ်မှုများမှာပါ။
ဒါကြောင့် ကိုဗစ်ကာလမှာ ဘိုးဘိုးဘွားဘွားတွေနဲ့ အတူနေရတုန်း အချိန်ပိုပေးပါ။ အရင်ကထက်ပိုပြီး စိတ်ရော ကိုယ်ပါ ဂရုစိုက်ပေးဖို့ အကြံပေးလိုပါတယ်။
[covid_19]