brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

၂၀၂၂မှာ အရေးပါလာမယ့် ကိုဗစ်စစ်ဆေး ခြင်း

အရင်ကလည်း ကိုဗစ်က စစ်နေတာပဲ။ ၂၀၂၂မှ ကိုဗစ်ကို ထူးထူးခြားခြား စစ်နေစရာ မလိုပါဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ကမ္ဘာ့ပညာရှင်တွေ ယူဆချက်ကတော့ ၂၀၂၁မှာ ကာကွယ်ဆေးတွေကို အရှိန်အဟုန်နဲ့ ထိုးပေးကြတဲ့အတွက် ကာကွယ်ဆေး လွှမ်းခြုံမှုကလည်း အတော်အသင့်ရှိလာပါပြီ။ တိုးတက်ဆဲ နိုင်ငံတွေမှာကတော့ လိုအပ်ချက်တွေ ရှိနေဆဲဆိုပေမယ့်ပေါ့။ ဒီနှစ်မှာတော့ ကိုဗစ်စစ်ဆေး ခြင်းကို တိုးပြီး လုပ်ဆောင်သင့်တယ်လို့ ထောက်ပြလာကြပါပြီ။

၂၀၂၂မှာ အရေးပါလာမယ့် ကိုဗစ်စစ်ဆေး ခြင်း

ကိုဗစ်စစ်ဆေး ခြင်း လက်ရှိအခြေအနေ

လက်ရှိမှာ ကမ္ဘာ့နိုင်ငံတွေမှာက ကိုဗစ်စစ်ဆေး တာကို အစိုးရဓာတ်ခွဲခန်းတွေမှာပဲ စစ်ဆေးပေးပါသေးတယ်။ အထူးသဖြင့် PCRလို့ ခေါ်တဲ့ စက်ကြီးတွေနဲ့ စစ်ဆေးတာပါ။ PCRက ခုချိန်ထိတော့ ကိုဗစ်စစ်ဆေးတဲ့နေရာမှာ gold standard အကောင်းဆုံးနဲ့ အတိကျဆုံးပဲ ဖြစ်ပါတယ်။

နောက်တစ်မျိုးက rapid test kitတွေပါ။ နှာခေါင်းတို့ဖတ်ယူ၊ အပြားလေးထဲထည့်၊ ဆေးရည်ထည့်ပြီး ၁၅-၂၀မိနစ်နောက်နေရင် အဖြေဖတ်လို့ရပါပြီ။ ဒါကလည်း PCRလောက်တော့ မဟုတ်ဘူး ဆိုပေမယ့် သူ့ဟာနဲ့ သူတော့ ၉၀%လောက်ထိ တိကျပါတယ်။ နောက်ဆုံးထွက်ထားတဲ့ အိုမီခရွန်ကြောင့် ကိုဗစ်ဖြစ်ရင်တောင် စစ်လိုက်ရင် ပေါ်တယ်လို့ ဆိုပါတယ်။ (တစ်ခုရှိတာက ဒီtest kitတွေက ကိုဗစ်ရှိမရှိကိုပဲ စစ်လို့ရပြီး ဘာမျိုးစိတ်လဲဆိုတာကိုတော့ မသိနိုင်ပါဘူး။)

တခြားနည်းလမ်းတွေ ဖြစ်တဲ့ သွေးစစ်တာ၊ တံတွေးကနေ စစ်တာ စတာတွေရှိပေမယ့်လည်း လက်ရှိမှာ စိတ်ချလက်ချ သုံးနိုင်တာကတော့ အထက်ပါ နည်းလမ်း ၂ခုပဲ ဖြစ်ပါတယ်။

ဘာလို့ ကိုဗစ်စစ်ဆေး တာကို ဦးစားပေးလာတာလဲ။

၂၀၂၁မှာ ကာကွယ်ဆေးတွေကို တော်တော်များများ ထိုးပြီးကြပါပြီ။ နှစ်ကြိမ်အပြည့်အပြင် ထပ်ဆောင်းထိုးကြတာတွေတောင် ရှိပါတယ်။ ကာကွယ်ဆေးတွေက ရာခိုင်နှုန်းတော်တော်များများ ကာကွယ်ပေးနိုင်တယ်။ မျိုးကွဲတွေကိုလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ခုလို မျိုးဗီဇတော်တော်ပြောင်းထားတဲ့ အိုမီခရွန်နဲ့ဆိုရင် ကာကွယ်နိုင်စွမ်းတွေ ကျသွားနိုင်ပါတယ်။

  • လက္ခဏာ မပြလို့

ကိုဗစ်က အမြဲတမ်း လက္ခဏာပြမှာ မဟုတ်ပါဘူး။ အရင်က မဖြစ်ဖူးတဲ့သူပဲဖြစ်ဖြစ်၊ ဖြစ်ဖူးတဲ့သူပဲဖြစ်ဖြစ် ရောဂါပိုးဝင်လာပြီဆိုရင် လက္ခဏာပြချင်မှ ပြမှာပါ။ နောက်ပိုင်း ကာကွယ်ဆေး အပြည့်ထိုးထားတဲ့သူတွေမှာတောင် ကိုဗစ်ကူးစက်ခံရတာတွေ တွေ့လာတဲ့အခါ၊ သူတို့ထဲက တချို့က လက္ခဏာမပြတဲ့အခါ ကိုဗစ်စစ်ဆေးဖို့က အရေးကြီးလာပါပြီ။

၂၀၂၂မှာ အရေးပါလာမယ့် ကိုဗစ်စစ်ဆေး ခြင်း

ကိုဗစ်စစ်ဆေးတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ။

ကိုဗစ်က လက္ခဏာမပြပေမယ့် စစ်လိုက်ရင်တော့ ပေါ်ပါတယ်။ ဥပမာ ကိုဗစ်ရောဂါရှိသူနဲ့ ထိတွေ့ထားလို့ စစ်ဆေးလိုက်မယ်။ ဘာလက္ခဏာပြမခံစားရပေမယ့် ကူးခံရတာကို တွေ့ထားတယ်ဆိုရင် သူများတွေနဲ့ သီးခြားခွဲနေတာ၊ မိမိလက္ခဏာတွေ ပြင်းထန်မှု ရှိမရှိကို စောင့်ကြည့်ဖြစ်မှာပါ။ ဒါက ကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်သလို၊ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကိုလည်း စောင့်ရှောက်ရာ ရောက်ပါတယ်။

ကာကွယ်ဆေး ထိုးထားသည့်တိုင် မိမိကိုယ်ကို သံသယရှိလို့ စစ်ဆေးမယ်ဆို နောက်လူတွေ မကူးစက်အောင် ကာကွယ်နိုင်မှာပါ။

ကိုဗစ်စစ်ဆေး မှုတွေ လွယ်ကူနေစေဖို့

ဒီ၂၀၂၂မှာ ကိုဗစ်စစ်ဆေးတာကို ပိုပြီး လွယ်ကူပြီး လက်လှမ်းမီဖို့ ကမ္ဘာ့နိုင်ငံတွေ ပြင်ဆင်လာကြပါပြီ။ ဥပမာ ပြောရရင် PCR စစ်ဆေးမှုကို ပုဂ္ဂလိက ဆေးရုံတွေမှာ ခွင့်ပြုတာမျိုးပေါ့။ တစ်ခုရှိတာက Quality controlတော့ သေချာလုပ်ရပါမယ်။

နောက်တစ်ခုက rapid test kitတွေပါ။ ဒီ test kit တွေကို လူအများကြားမှာ ရင်းနှီးအောင် လုပ်ပေးမယ်။ အသုံးပြုနည်းတွေ၊ စစ်ဆေးနည်းတွေ၊ အမှားနည်းနိုင်သမျှ နည်းအောင် စစ်တတ်ဖို့ သင်ပေးမယ်။ ပတ်ဝန်းကျင်မှာ အလွယ်တကူ ဝယ်ယူနိုင်ပြီး လူအများတတ်နိုင်တဲ့ စျေးနှုန်းဖြစ်ဖို့ စီစဉ်ပေးမယ်။ နှာခေါင်းနှိုက် စစ်ဆေးတာအပြင် ပိုပြီးသက်သောင့်သက်သာဖြစ်တဲ့ နည်းနဲ့ စစ်လို့ရအောင် တီထွင်ပေးမယ် စတာတွေကို ပြင်ဆင်ထားကြပါတယ်။

ကိုဗစ် waveတွေ ဖြစ်လာတိုင်း မြို့ကို ပိတ်ချပြီး လူနာကုရတာ အဖက်ဖက်က အဆင်မပြေပါဘူး။ လူသားတွေက ကိုဗစ်ရဲ့ အရှုပ်အရှင်းတွေကို နောက်က လိုက်ရှင်းနေသလို ဖြစ်နေပါတယ်။ ဒီလို မဟုတ်ဘဲ ကိုဗစ်ကာကွယ်ဆေးတွေကို ထိုးထားမယ်။ မိမိကိုယ်ကို သံသယရှိတာနဲ့ စစ်ဆေးမယ်၊ ရှိတာနဲ့ သီးသန့်ခွဲနေမယ်ဆိုပြီး ကိုဗစ်ထက်အရင် ဦးဆောင်ဖြေရှင်းထားမယ်ဆိုရင် နောက်ထပ် ကိုဗစ်waveတွေကို တားဆီးနိုင်မှာပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/01/2022 ဖြစ်ပါသည်။