brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သင်္ကြန်နဲ့ COVID-19

သိပ်မကြာခင်မှာ မဟာသင်္ကြန်ကို ရောက်တော့မှာပါ။ အရင်နှစ်ကတော့ ပျော်ပျော်ပါးပါး ဆော့ခဲ့ကြပေမယ့် ဒီနှစ်မှာတော့ ရောဂါဆိုးကြီးရှိနေပါတယ်။ WHOက COVID-19ကို ကပ်ရောဂါအဖြစ် ကြေညာလိုက်တာက အားလုံးကို တပ်လှန့်လိုက်သလိုပါပဲ။ ရောဂါကူးစက်မှု လျော့နည်းအောင် လူစုလူဝေးကို ရှောင်ဖို့လည်း သတိပေးထားပါတယ်။ မြန်မာနိုင်ငံမှာလည်း ရောဂါဖြစ်ပွားသူ မရှိသေးပေမယ့် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လူအများစုဝေးနိုင်တဲ့ ပွဲတော်တွေကို တတ်နိုင်သမျှ ရှောင်ဖို့ ပြောထားပါတယ်။

မကြာသေးခင်ကလည်း ဒီနှစ်သင်္ကြန်ကို အစိုးရအဆင့်အနေနဲ့ မလုပ်ဖို့ စာထုတ်ထားပါတယ်။ ဒါကြောင့် ဒီနှစ်မှာ အရင်လို အစိုးရမဏ္ဍပ်တွေ၊ စီးပွားရေးမဏ္ဍပ်တွေနဲ့ စည်ကားနေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ရပ်ကွက်ထဲမှာ အုန်းလက်မဏ္ဍပ်လေးတွေ၊ ရပ်ကွက်ထဲမှာ မုန့်လုပ်စားတာတွေကတော့ ရှိဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ဒါကလည်း လူစုလူဝေးပဲ မို့လို့ COVID-19 မကူးစက်အောင် ကာကွယ်လို့ရမယ့် နည်းလမ်းတွေ၊ သတိထားရမယ့် နည်းလမ်းတွေ ပြောပြပေးပါ့မယ်။

(၁) တတ်နိုင်သမျှ လူစုလူဝေး မလုပ်ပါနဲ့။

အုန်းလက်မဏ္ဍပ်လေးနဲ့ ဆော့မယ်ဆိုရင်တောင် တတ်နိုင်သမျှ လူမများပါစေနဲ့။ ကားနဲ့ သင်္ကြန်လည်တာကိုလည်း ရှောင်ရပါမယ်။ လူများများလေလေ ရောဂါကူးစက်နိုင်ချေ များလေလေဆိုတာ သတိရပါ။

(၂) ရေဆော့ချိန်ကို လျှော့ပါ။

အရင်နှစ်တွေလို မိုးလင်းက မိုးချုပ်ထိ ဆော့မယ့်အစား ရေဆော့ချိန်ကို တတ်နိုင်သမျှ လျှော့ပါ။ သင်္ကြန်တွင်းမှာ တစ်ရက်ပဲ ဆော့တာဖြစ်ဖြစ်၊ တစ်ရက်ကို နာရီနည်းနည်းပဲ ဆော့တာဖြစ်ဖြစ် ရေဆော့ချိန်ကို လျှော့ချပါ။

(၃) နေမကောင်းရင် အိမ်မှာပဲ နေပါ။

ပြင်းပြင်းထန်ထန်ဖျားနာတာကို ပြောတာ မဟုတ်ပါဘူး။ သာမန် နှာချေ၊ ချောင်းဆိုးဖြစ်တဲ့သူတွေကလည်း အိမ်မှာပဲ နေပါ။ ရေထွက်မဆော့ပါနဲ့။

(၄) လက်ဆေးပါ။

ရေဆော့နေတယ်ဆိုပေမယ့် လက်ကို မကြာခဏဆေးဖို့ မမေ့ပါနဲ့။ လက်ဆိုတာ ဟိုကိုင် ဒီကိုင်နဲ့ အင်မတန်မှ ရောဂါပိုးများတဲ့ နေရာပါ။ ဒါကြောင့် သတိရတိုင်း လက်ဆေးပါ။

(၅) မျက်စိ၊ နှာခေါင်းနဲ့ ပါးစပ်ကို မထိပါနဲ့။

ရေစိုနေချိန်ဆို ရေကို သုတ်ချတဲ့ အနေနဲ့ မျက်နှာကို လက်နဲ့ ခဏခဏ ထိမိတတ်ပါတယ်။ ဒါက ရောဂါပိုးကူးစက်နိုင်တဲ့ အခွင့်အလမ်းကို များစေပါတယ်။ ဒါကြောင့် တတ်နိုင်ရင် တစ်ရှူး ဒါမှမဟုတ် စနိုးတာဝါနဲ့ပဲ သုတ်ပါ။ ပြီးရင် တစ်ခါတည်း လွှင့်ပစ်ပါ။

(၆) နှာချေ၊ ချောင်းဆိုး သတိထားပါ။

ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် နှာချေ၊ ချောင်းဆိုးရင် တစ်ရှူးနဲ့ အုပ်ဆိုးတာဖြစ်ဖြစ်၊ တံတောင်ကွေးထဲ ထည့်ဆိုးတာဖြစ်ဖြစ် လုပ်ပါ။

(၇) ရေစိုအဝတ်နဲ့ အကြာကြီး မနေပါနဲ့။

ရေစိုအဝတ်နဲ့ နေတာက ခန္ဓာကိုယ် အပူချိန်ကို ကျစေတဲ့အတွက် ခုခံအားကျတတ်ပါတယ်။ ဒီအခါမှာ ရောဂါပိုးက အလွယ်တကူ ဝင်နိုင်တဲ့ အတွက် ရေစိုအဝတ်နဲ့ အကြာကြီး မနေသင့်ပါဘူး။

(၈) အိမ်မှာ မုန့်စုလုပ်စားတဲ့အခါ သတိထားပါ။

အိမ်မှာ မုန့်လုပ်စားမယ်ဆိုလည်း ကိုယ့်မိသားစုနဲ့ ကိုယ်လုပ်စားပါ။ လူမများအောင် သတိထားပါ။ ဒီနှစ်မှာတော့ စတုဒီသာ ကျွေးမယ့်အစား အိမ်နီးချင်းတွေကို မုန့်လုပ်ပြီး လိုက်ဝေတာက ပိုအဆင်ပြေပါလိမ့်မယ်။

(၉) ခရီးမသွားပါနဲ့။

သံသယလူနာတွေက ဟိုက ဒီကနေ တွေ့နေရတဲ့အတွက် ဒီချိန်မှာ တတ်နိုင်ရင် ခရီးမသွားစေချင်ပါဘူး။

(၁၀) အရက်မသောက်ပါနဲ့။

သင်္ကြန်မှာ ရေစိုလို့ အေးတဲ့အတွက် အရက်သောက်တတ်ကြပါတယ်။ တစ်ခါ အရက်က COVID-19ကို သေစေတယ်လို့ ပြောကြတဲ့အတွက် သောက်ကြပါတယ်။ ဒါဟာ လုံးဝ ကောလာဟလသာဖြစ်ပြီး အရက်က COVID-19အပေါ် သက်ရောက်မှု မရှိပါဘူး။ အရက်တွေ အလွန်အကျွံသောက်မှသာ အက်စီးဒင့်တွေဖြစ်ပြီး အသက်အန္တရာယ်ဖြစ်မှာပါ။

(၁၁) တရားစခန်းဝင်တဲ့အခါ သတိထားပါ။

COVID-19 က ဖြစ်တာချင်း အတူတူ အသက်ကြီးတဲ့သူတွေမှာ ဖြစ်ရင် ပိုခံရပါတယ်။ ဒါကြောင့် ဒီနှစ်တော့ တရားစခန်းမသွားပါနဲ့ဦး။ တချို့ တရားစခန်းတွေကလည်း COVID-19 ကြောင့် ဒီနှစ်ပိတ်မယ်လို့ စာထုတ်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် အိမ်မှာပဲ ဖြစ်ဖြစ်၊ ဘုန်းကြီးကျောင်းမှာပဲ ဖြစ်ဖြစ် သီလယူပြီး ဥပုသ်စောင့်ပါ။ တရားစခန်းတွေ၊ ဘုန်းကြီးကျောင်းတွေ သွားဖြစ်ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေပါ။ လက်ခဏခဏဆေးပါ။ မျက်နှာကို လက်နဲ့ မထိပါနဲ့။

သင်္ကြန်ဆိုတာ တစ်နှစ်မှ တစ်ခါ ပျော်ရတဲ့ ပွဲဖြစ်ပေမယ့် ဒီနှစ်တော့ ရောဂါဆိုးကြောင့် အနားပေးရပါတော့မယ်။ မဖြစ်မနေပျော်ချင်တယ်ဆိုလည်း အပေါ်က နည်းလမ်းတွေကို လိုက်နာပါ။ မိမိကြောင့် သူများ ရောဂါမကူးအောင်၊ သူများဆီက ရောဂါမကူးအောင် သတိထားပြီး နေထိုင်ပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/01/2022 ဖြစ်ပါသည်။