brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ဆားစ်ကို ကျော်လွန်ခဲ့ပြီ

၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ဆုံးထုတ်ပြန်သတင်းများအရ ကိုရိုနာဗိုင်းရပ်စ်ပ် ပိုးကူးစက်ခံရသူဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ၄၀၇၁၀ ဦးအထိ ရှိနေပြီး သေဆုံးသူဟာ အနည်းဆုံး ၉၁၀ ဦးထိ ရှိနေပြီလို့ သိရပါတယ်။ ဒီသတင်းအရ ၂၀၀၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါ (သေဆုံးသူဦးရေ ၇၇၄ ဦး) ကို ကျော်လွန်သွားပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ဆားစ်ကို ကျော်လွန်ခဲ့ပြီ

ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့အစည်းကလည်း ဝူဟန်ဗိုင်းရပ်စ်ကို အရေးပေါ် အခြေအနေအဖြစ်သတ်မှတ်ထားပြီး ရောဂါပိုးကို အလျင်အမြန်ထိန်းချုပ်နိုင်ဖို့ ယခု ရက်သတ္တပတ်ထဲမှာ တရုတ်နိုင်ငံဆီသို့ ကျန်းမာရေးအဖွဲ့စေလွှတ်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယခင်အပတ်က တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံအတွင်းသို့ ဝင်လာတဲ့ အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာပိုးရှိသူ လူနာတစ်ဦးတွေ့ရှိခဲ့ရပြီးနောက် သင်္ဘောပေါ်မှာ ရှိတဲ့ ခရီးသည်နဲ့ ဝန်ထမ်းအားလုံးကို ထိန်းသိမ်းထားခဲ့ပါတယ်။ ယခု သင်္ဘောပေါ်မှာပဲ ပိုးကူးစက်ခံရသူ နောက်ထပ် အယောက် ၇၀ ကို တွေ့ရှိထားပြီးဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူအားလုံးကို အထူးကြပ်မတ်ဆောင်မှာ ထိန်းသိမ်းထားပြီး ကျန်တဲ့ခရီးသည်တွေကိုတော့ အချိန်ကာလတစ်ခုအပြီးမှာ ခရီးစဉ်အတွက် ကျသင့်ငွေအကုန်လုံးကို အစိုးရဘက်မှ ပြန်လည်ထုတ်ပေးသွားမယ့်အကြောင်းကို ပြောကြားခဲ့ပါတယ်။

စင်္ကာပူနိုင်ငံမှာလည်း ကူးစက်ခံရသူ ၄၃ ဦး၊ အခြေအနေပြင်းထန်သူ ၆ ဦး၊ ရောဂါသက်သာပျောက်ကင်းသွားသူ ၄ဦးရှိခဲ့ပါပြီ။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အဝါရောင်အဆင့်မှ စိုးရိမ်ရတဲ့ လိမ္မော်ရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီးနောက် တစ်နိုင်ငံလုံး ရိက္ခာပစ္စည်းများ အလျင်အမြန် ဝယ်ယူသိုလှောင်ခဲ့ခြင်းကြောင့် စတိုးဆိုင်ကြီးတွေမှာ ကုန်ပစ္စည်းပြတ်လတ်တဲ့အထိ ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။ စင်္ကာပူနိုင်ငံတွင် နေထိုင်သူတွေကို တစ်အိမ်လျှင် Mask ၄ခု ဝေမျှခဲ့ပါတယ်။ လက်ရှိမှာ ရုံး၊ ကျောင်းတွေကို ပိတ်ထားခြင်း မရှိသေးပေမဲ့ အကြောင်းရင်းကိစ္စမရှိဘဲ အပြင်ကို မထွက်ဖို့၊ နေမကောင်းဖြစ်နေတဲ့သူတွေ၊ ချောင်းဆိုးနေသူတိုင်း Mask ကို စနစ်တကျတပ်ဆင်ထားဖို့ သတင်းမီဒီယာဌာနကနေ အချိန်ပြည့်ထုတ်ပြန်နေပါတယ်။ ရောဂါပိုးရှိတဲ့သူတွေနဲ့ ထိတွေ့ထားသူတွေ၊ ပိုးရှိတယ်လို့ သံသယရှိသူတွေနဲ့ တရုတ်နိုင်ငံမှ ပြန်ရောက်လာသူတွေကို နေအိမ်မှာ ၁၄ ရက် Home Quarantine အဖြစ်နဲ့ စောင့်ကြည့်လျက်ရှိပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကူးစက်ခံရသူစာရင်းထဲမှာ တရုတ်နိုင်ငံက ပထမ၊ ဂျပန်နိုင်ငံက ဒုတိယ၊ စင်္ကာပူနိုင်ငံက တတိယနေရာမှာ ရှိနေပါတယ်။

• ဟောင်ကောင်

• ထိုင်းနိုင်ငံ

• တောင်ကိုရီးယားနိုင်ငံ

• ထိုင်ဝမ်

• မလေးရှားနိုင်ငံ

• သြစတြေးလျနိုင်ငံ

• ဗီယက်နမ်နိုင်ငံ

• ဂျာမနီနိုင်ငံ

• အမေရိကန်နိုင်ငံ

• ပြင်သစ်နိုင်ငံ

• မကာအို

• အာရတ်စော်ဘွားပြည်ထောင်စု

• ကနေဒါနိုင်ငံ

• အင်္ဂလန်နိုင်ငံ

• ဖိလစ်ပိုင်နိုင်ငံ

• အိန္ဒိယနိုင်ငံ

• အီတလီနိုင်ငံ

• ရုရှားနိုင်ငံ

• စပိန်နိုင်ငံ

• ကမ္ဘောဒီးယားနိုင်ငံ

• ဖင်လန်နိုင်ငံ

• နီပေါနိုင်ငံ

• ဆွီဒင်နိုင်ငံ

• ဆရီလန်ကာ

• ဘယ်လ်ဂျီယမ်နိုင်ငံ အစရှိတဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံအထိကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရပြီလို့ သတင်းရရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ပိုးကူးစက်ခံရတယ်လို့ သံသယရှိသူများသာ တွေ့ရှိရပြီး လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ လူနာမရှိသေးဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ပိုးကူးစက်ခံရခြင်းမရှိသေးတာကြောင့် စိတ်ချရတဲ့ အခြေအနေမှာ ရှိနေသေးတယ်ဆိုပေမယ့် ပြည်သူလူထုအနေနဲ့ ကျန်းမာရေးကို မပေါ့ဆဖို့ သတိထားစေချင်ပါတယ်။ လူထူထပ်တဲ့ နေရာတွေကို သွားတာမျိုး ရှောင်ကြဉ်ပါ။ အပြင်ထွက်တော့မယ်ဆိုရင် Mask ကို စနစ်တကျတပ်ဆင်ပါ။ လက်ကို အမြဲဆေးကြောပါ။ မသန့်ရှင်းတဲ့လက်နဲ့ မျက်နှာ၊ နှာခေါင်း၊ ပါးစပ်ကို မထိကိုင်ပါနဲ့။ ကိုယ်ခံအားကောင်းအောင် အာဟာရဖြစ် အစားအစာတွေကို များများစားပေးပါ။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။

၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် မနက် ၁၀နာရီခွဲ နောက်ဆုံးထွက်သတင်းဖြစ်ပါသည်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[covid_19]

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Ye Myo Myat မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/07/2022 ဖြစ်ပါသည်။