
ခြင်ဆိုတာ တဝီဝီအသံနဲ့အနှောင့်အယှက်ပေးရုံမက အကိုက်ခံရရင်လည်း ယားစပ်စပ်ဖြစ်ကျန်ခဲ့တဲ့ခံစားချက်ကနေရခက်ပါတယ်။ ခြင်ကပေးတဲ့ပြဿနာက ဒါတင်မကပါဘူး။ခြင်ကသယ်ဆောင်လာတဲ့ရောဂါပိုးတွေကလည်း မနည်းမနောပါပဲ။နောက်ဆက်တွဲအန္တရာယ်ကြီးမားတဲ့ရောဂါပိုးတွေကိုခြင်ကိုက်ခံရတဲ့အချိန်မှာ ကူးစက်ရရှိတတ်ပါတယ်။
နေရာဒေသနဲ့ ခြင်အမျိုးအစားအလိုက် ကူးစက်ရရှိနိုင်တဲ့ရောဂါတွေကအမျိုးမျိုးရှိပေမယ့် အာရှဒေသဖြစ်တဲ့မြန်မာနိုင်ငံမှာတော့ ဒီရောဂါတွေ အဖြစ်များပါတယ်။
Aedesခြင်အကိုက်ခံရတဲ့သူ ရဲ့သွေးထဲကိုရောဂါပိုးဝင်ရောက်ပြီးကူးစက်ခံရတာဖြစ်ပေမယ့် ကလေးတွေမှာပိုအဖြစ်များပါတယ်။ တစ်ခါတရံမှာ လက္ခဏာတွေကအပျော့စားဖြစ်ပြီး တုပ်ကွေး သို့မဟုတ် တခြားရောဂါလက္ခဏာတွေအဖြစ် အထင်မှားတတ်ကြပါတယ်။
ဒါပေမယ့်သွေးလွန်တုပ်ကွေးဆိုရင်တော့ ဒီအတိုင်းမသက်သာနိုင်ဘဲ ပိုပြင်းထန်လာနိုင်ပါတယ်။ ရောဂါသိတာနောက်ကျရင် ပြင်းထန်တဲ့dengue hemorrhagic feverဖြစ်လာပြီး အဖျားတက်ခြင်း၊သွေးကြောတွေထိခိုက်ခြင်း၊ နှာခေါင်းနဲ့သွားဖုံးသွေးယိုခြင်း၊အသည်းကြီးခြင်းနဲ့သွေးလည်ပတ်မှုစနစ်ချို့ယွင်းခြင်းတို့ခံစားရပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးတဲ့အထိဖြစ်နိုင်ပါတယ်။
ဆင်တုပ်ကွေးလို့ ခေါ်ကြတဲ့ Chikungunya ရောဂါဟာလည်းAedes ကနေပဲ ကူးစက်ရရှိနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။ သူ့ကို ကူးစက်ရရှိပြီး (၂ )ရက်ကနေ (၁၂ )ရက်အတွင်းမှာ ရောဂါအစပျိုးတတ်ပြီး လက္ခဏာတွေကတော့ အဖျားတက်ခြင်းနဲ့အရိုးအဆစ်နာကျင်ကိုက်ခဲခြင်း၊ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အဆစ်ရောင်ခြင်းနဲ့အရေပြားနီမြန်းခြင်းတို့ပါဝင်ပါတယ်။
ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese encephalitis) ဟာCulexခြင်အကိုက်ခံရပြီးနောက် ကူးစက်ရရှိနိုင်တဲ့ရောဂါဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း၊အဖျားတက်ခြင်း၊ပျို့အန်ခြင်း၊စိတ်ရှုပ်ထွေးခြင်း၊လှုပ်ရှားရခက်ခဲခြင်း စတဲ့လက္ခဏာတွေကတော့ (၅) ရက်ကနေ (၁၅ )ရက်အတွင်းသိသာလာတတ်ပါတယ်။နောက်ပိုင်းမှာတော့ ဦးနှောက်တဝိုက်မှာရောင်ရမ်းလာတာနဲ့ကိုမာ အခြေအနေဖြစ်လာနိုင်ပြီး အသက်ဆုံးရှုံးရတဲ့အထိဖြစ်နိုင်ပါတယ်။ အသက်အန္တရာယ်ကလွတ်နိုင်ခဲ့ရင်လည်း ဦးနှောက်ထိခိုက်မှု၊ ဦးနှောက်တစ်ရှူးတွေပျက်စီးမှုကြောင့်နောက်ဆက်တွဲချို့ယွင်းမှုတွေကျန်ရစ်စေခဲ့နိုင်လောက်တဲ့ အန္တရာယ်ရှိပါတယ်။
Anophelesခြင်တွေမှာပါလာတဲ့ ကပ်ပါးပိုးတစ်မျိုးကြောင့် ငှက်ဖျားရောဂါရစေနိုင်ပါတယ်။ ငှက်ဖျားဖြစ်နေသူဟာ အဖျားတက်မယ်၊ ချမ်းတုန်မယ်၊ တုပ်ကွေးလိုလက္ခဏာတွေအပြင် ကြွက်သားနာကျင်မှုနဲ့သွေးအားနည်းခြင်း ခံစားရနိုင်ပါတယ်။သေချာကုသမှုမခံယူရင် ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာတွေခံစားရနိုင်ပြီး အသက်ဆုံးရှုံးရနိုင်ပါတယ်။
ရောဂါဆိုးရွားလာပြီဆိုရင် ကိုယ်တွင်းအင်္ဂါထိခိုက်ခြင်းနဲ့သေဆုံးခြင်းအထိဖြစ်နိုင်ပါတယ်။ ငှက်ဖျားပိုးရှိတဲ့နေရာဒေသမှာ ခရီးသွားတွေက ဒေသခံတွေထက် ကူးစက်ခံရပိုလွယ်ပါတယ်။
ဆင်ခြေထောက်ရောဂါ (Elephantiasis) ဟာ ခြင်ကတဆင့် ကူးစက်တတ်တဲ့အထဲမှာ ဖြစ်ခဲတဲ့ရောဂါဖြစ်ပါတယ်။ သူ့နာမည်အတိုင်းပဲ ကူးစက်ခံရသူမှာ ဆင်ခြေထောက်လိုပုံစံခြေထောက်တွေအဆမတန်ရောင်ရမ်းစေတဲ့အပြင် လက်၊ရင်သားနဲ့လိင်အင်္ဂါတွေမှာပါအရေပြားကလည်း ဆင်အရေပြားလို ထူပိန်းပိန်း၊မာကျော ရောင်ရမ်းစေနိုင်ပါတယ်။
ကပ်ပါးပိုးရှိနေတဲ့လူကို ကိုက်ခဲ့တဲ့ခြင်ကတဆင့်နောက်တစ်ဦးကိုကူးစက်ပြန့်ပွားစေတာဖြစ်ပြီး ရောဂါပိုးက လူ့ခန္ဓါကိုယ်ရဲ့ပြန်ရည်ကြောစနစ်အတွင်းရှင်သန်နေထိုင်တာဖြစ်ပါတယ်။ filarial worm လို့ခေါ်တဲ့ ကပ်ပါးပိုးကြောင့်ဖြစ်ရတဲ့ဒီရောဂါမှာအဆမတန်ရောင်ရမ်းလာတဲ့ခြေလက်တွေနဲ့ ပုံမှန်လှုပ်ရှားနေထိုင်မှုမှာပြဿနာရှိလာပြီးခြေလက်တွေမှာတခြားရောဂါပိုးတွေပါ ဝင်စေနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။